KILLER'S PASSWORD 14- The fog is getting deeper

1.5K 266 2
                                    

Unicode

ကျောင်းဆောင်တောင်ဘက်ရှိ ကျောင်းအုပ်ရုံးခန်းထဲတွင် ကျန်းချန်ချီအား ပိုင်ယွိထန်နှင့် အဖွဲ့က သွားတွေ့သည်။ ထို့နောက် ပိုင်ဖန့်ချင်ကို ခေါ်လာရန် မာဟန်ကို လှမ်းပြော၏။ ရုံးခန်းထဲတွင် ကျန်းချန်ချီနှင့် ပိုင်ဖန့်ချင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာပြောရမှန်းမသိ။

ပိုင်ယွိထန်က စကားတစ်ခွန်းမှ မဆို။ ထိုင်ခုံတစ်လုံးယူကာ ဝင်ထိုင်ရင်း နှစ်ယောက်လုံးကို စိုက်ကြည့်နေသည်။

" ခေါင်းဆောင်ပိုင်"
တိတ်ဆိတ်မှုဒဏ်ကို မခံနိုင်တော့သော ပိုင်ဖန့်ချင်က စကားစသည်။
" ကျွန်မတို့ တမင်တကာ လိမ်ဖို့ မရည်ရွယ်ပါဘူး"

" ဒါက တမင်တကာ မဟုတ်ဘူးပေါ့"
ပိုင်ယွိထန်က ပိုင်ဖန့်ချင် စကားမဆုံးသေးခင် ဖြတ်ပြောလိုက်သည်။

" အဲ့ဒီ့နှစ်က အမှုမှာ ကျန်းဟွာက တကယ်အဓိက သက်ဆိုင်ခဲ့တဲ့သူပဲ ပြီးတော့ ကျန်းချန်ချီကလဲ ဝိဇ္ဇာကျောင်းသားတွေကို အုပ်ချုပ်ရတဲ့သူ ဒါပေမဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာဘက်က တာဝန်ခံကျောင်းအုပ်လို့ ကျွန်တော်တို့ကို လိမ်ခဲ့တယ် ဒီလုပ်ရပ်တွေက အမှုတည်ဆောက်ပုံကို ကွဲလွဲစေတဲ့အတွက် ပြစ်မှုမြောက်တယ် ခင်ဗျားတို့နှစ်ယောက်လုံးက ပညာတတ်ကျောင်းအုပ်တွေပါ ဒီလောက် ဥပဒေလေးတောင် နားမလည်တော့ဘူးလား"

ပိုင်ဖန့်ချင်နှင့် ကျန်းချန်ချီတို့နှစ်ယောက်လုံး မျက်နှာများ နီရဲနေကြသည်။ တကယ်ဆို မသိသူတွေကိုတောင် သင်ပေးရမည့်တာဝန်ရှိသူနှစ်ယောက်က ပြစ်မှုကျူးလွန်နေ၍ အသက်နှစ်ဆယ်ကျော် ကောင်လေးက သူတို့ကို ဆူနေရတာတော့ သိပ်မဟုတ်သေး။

" တကယ်တော့ ကျောင်းအုပ်ပိုင်က ကျွန်တော့်ကို ကူညီပေးရုံ သက်သက်ပါ"
ကျန်းချန်ချီက ရှက်ရွံ့စွာနှင့် ပိုင်ယွိထန်ကို ပြန်ပြော၏။
" တကယ်လို့ အပြစ်တင်မယ်ဆိုရင် ကျွန်တော့်ကိုပဲ တင်ပါ သူက ကျွန်တော်အကူအညီတောင်းလို့ လုပ်ရတာပါ"

ပိုင်ယွိထန်က ခေါင်းရမ်းရင်း ကျန်ကျောက်ကို ကြည့်သည်။ ကျန်ကျောက်ကတော့ ကျန်းချန်ချီကို အကဲခတ်ရင်း တစ်စုံတစ်ခုကို တွေးတောနေသည်။ ခဏကြာတော့ ကျန်ကျောက်ထံမှ စကားသံထွက်လာသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now