Love Murder 13- အတိတ်

1.1K 150 11
                                    

Unicode

ရွှီပေါင်၏ စကားကြောင့် ကျန်ကျောက်ရော တခြားသူများပါ ကြောင်အကုန်ကြသည်။ အဖွားအိုက ခြံတံခါးကိုဖွင့်သည်။
" အထဲဝင်ပြီး စကားပြောကြလေ.. တံခါးဝကြီးမှာ ရပ်မနေနဲ့"

ပိုင်ယွိထန်က ခေါင်းညိတ်ကာ အဖွားအိုနှင့်အတူ အထဲလိုက်လာသည်။ ကျန်သူများကလဲ လိုက်လာကြ၏။

အိမ်ထဲရောက်တော့ ပိုင်ယွိထန်က ဟိုဟိုသည်သည် လျှောက်ကြည့်သည်။ သန့်ရှင်းသပ်ရပ်ကာ နံရံအဖြူနှင့် တစ်ဖက်တွင် ထင်းစည်းများပုံထားသည့် သာမန်အခန်းတစ်ခန်းသာဖြစ်၏။ မြို့ပြတွင်ရော ကျေးလက်တွင်ပါ တချို့အဖိုးအဖွားတွေက ရေနွေးအိုးကြိုရန် ထင်းမီးကိုသာ အသုံးပြုလေ့ရှိသည်။ အိမ်ထဲတွင် အစားအသောက်များရှိသဖြင့် အဖွားအိုကို စောင့်ရှောက်ပေးသူရှိမှန်း သိနိုင်သည်။

ဧည့်ခန်းကိုမျက်နှာမူထားသော နံရံတွင် စင်တစ်စင်ရှိကာ ရွှီထျန်း၏ အဖြူအမည်းဓာတ်ပုံကို တင်၍ အမွှေးတိုင်များ ထွန်းထားသည်။ ကျန်ကျောက်နှင့် ပိုင်ယွိထန်လဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အဖွားအိုကြီး သူ့သားကို ဘယ်လောက်လွမ်းနေမလဲ ခန့်မှန်းမိကြ၏။

သူတို့အားလုံး အသီးသီး ဝင်ထိုင်ကြသည်။ မာဟန်က အဖွားအိုအတွက် လက်ဖက်ရည်ငှဲ့ပေးသလို ရွှီကျုံးက ပိုင်ယွိထန်ကို စီးကရက် ကမ်းပေး၏။ ပိုင်ယွိ ထန်က သူတို့တစ်ဖွဲ့လုံး စီးကရက်မသောက်ကြောင်း လက်ကာပြ၏။

ရွှီကျုံးက စားပွဲဘေးမှခုံတစ်ခုံတွင် ဝင်ထိုင်၍ ရွှီပေါင်ကတော့ တံခါးဝမှ ဝါးခုံတွင် ထိုင်ကာ စီးကရက်တစ်လိပ် မီးညှိကာ ဖွာနေသည်။

သူ ဆေးလိပ်သောက်သည့်ပုံစံကို ကျန်ကျောက် စိတ်ဝင်စားသွား၏။ တကယ်တော့ SCI အဖွဲ့တွင် ဆေးလိပ်သောက်တတ်သူမရှိမဟုတ်။ ရှိတော့ရှိသည် သို့သော် တစ်ယောက်မှ စွဲစွဲမြဲမြဲ မသောက်ကြ။ တခါတလေသာ သောက်လေ့ရှိကြသည်။ တကယ်တော့ ဒီလိုအလုပ်များ လုပ်ရသည့်အခါ စီးကရက်သောက်၍ စဉ်းစားတွေးခေါ်ရသည်က နည်းနည်းပိုအလုပ်ဖြစ်တတ်လေသည်။

ကုန်းစွန်းဆိုလျှင် ရွံရှာစရာကောင်းသည့် အလောင်းတစ်လောင်းကို ခွဲစိတ်ပြီးသည့်အခါမျိုးတွင် တံခါးဝ၌ရပ်ကာ ဆေးလိပ်သောက်တတ်၏။ ကုန်းစွန်းဆေးလိပ်သောက်သည်ကိုကြည့်ပါက တခါတရံ စိတ်ဓာတ်ကျစရာကောင်း၏။ သို့သော် သူက အလောင်းခွဲစိတ်ပြီးသည့်အခါမှသာ သောက်တတ်သည်။ များသောအားဖြင့်တော့ အလောင်းခွဲခန်းထဲ စီးကရက်သောက်နေချိန်များတွင် အ​ဖြူရောင်ကုတ်အင်္ကျီဝတ်ကာ သတင်းစာကွယ်ထားပြီး မျက်မှန်တပ်၍ စီးကရက်ခဲထားပုံက တော်တော်ချောကာ တော်တော်လေး ကြည့်ကောင်းပုံပေါ်သည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now