နောက်ကျောမှ သက်ပြင်းရှည်ကြီး မှုတ်ထုတ်သံကို ကြားလိုက်ရသည်။ အခု သက်ပြင်းချချင်နေတာ ကိုယ်ပါနော်လို့ ရန်တွေ့ဖို့ကျတော့လည်း အခုကတည်းက ဟယ်အာ့ကို သူ တအား သဘောကျနေပြီဖြစ်သည်။
ဟယ်အာ့ကို မြင်လိုက်တိုင်း ထယ်ရင်းရဲ့ ဦးနှောက်ထဲမှာ 'ဘယ်လိုတောင်များလဲ'ဆိုတဲ့ မေးခွန်းတွေ ပြည့်နှက်နေတတ်သည်။ သူ ဘယ်လိုလုပ်ပြီး အဲ့ပုံလေးနဲ့ စကားတွေပြောနိုင်ပါလိမ့်။ သူ ဘယ်လိုလုပ် အဲ့လိုလေး ပြုံးနိုင်ပါလိမ့်။ သူ ဘယ်လိုများ အရာအားလုံးကို ပိုင်ဆိုင်ထားသလို ပြီးပြည့်စုံနေပါလိမ့်။
ဟန်ဆောင်တဲ့အမူအရာတွေ၊ အပြုအမူတွေကို လုပ်ပြနိုင်တဲ့လူတွေ အများကြီးရှိပါသည်။ ဒါပေယ့် သူက ဒီလိုလူပါလားလို့ သာသာကြည်ကြည် လက်ခံယုံကြည်လာအောင် လုပ်နိုင်တဲ့လူကတော့ ရှားသည်။ အဲ့ဒီ့ ခက်ခဲလှတဲ့အရာကို ဂန်ဟယ်အာက လုပ်နိုင်သည်။ ဒီ ဝေးလံတဲ့ တိုင်းတစ်ပါးမြေမှာတောင် သူက အရာအားလုံးရဲ့ ပိုင်ရှင်တစ်ယောက်လိုပဲ ပြုမူနေထိုင်ပြီး လူတိုင်းကလည်း သူ့ကို မလွန်ဆန်ကြဘဲ လက်ခံကြသည်။
ဂန်ဟယ်အာကို ကြည့်ပြီး အံ့ဩမိတာ ဒီနေ့အတွင်းဆို သုံးကြိမ်တိတိရှိပြီဖြစ်သည်။ ဟန်းနီးမွန်းခရီးအဖြစ် တာဟီတီကမ်းခြေကို မသွားဘဲ Cinque Terre* ကို ခေါ်လာခဲ့တဲ့ သူ့ကို အံ့ဩမိသည်။ အပန်းဖြေတဲ့ ပင်လယ်ကမ်းခြေလိုနေရာမျိုးကို စိတ်မဝင်စားဘူးဆိုတာ သူဘယ်လိုများ သိခဲ့ပါလိမ့်။
"ထယ်ရင်းရှီ သဘောကျလိမ့်မယ်လို့ ကျွန်တော် ထင်ထားပြီးသားပါ"
ပြီးတော့ သူက ပခုံးပင့်ပြီး ကြွားလုံးထုတ်သည်။ အရုပ်အိမ်လေးလို ရွာငယ်လေးကို ခေါ်လာပြီးတဲ့နောက် စစ်သားတွေကို ဦးစီးလာတဲ့ ဗိုလ်ကြီးလို မျက်နှာပေးနဲ့ ခါးကိုဆန့်ထုတ်ကာ ပြုံးနေသည်။
"ကျွန်တော်တို့ ဒီလမ်းကသွားကြမလားဟင်"
တခြား လမ်းတွေ အများကြီးကိုမှ ဂန်ဟယ်အာက ခက်ခဲတဲ့ တောင်တက်လမ်းကို ရွေးချယ်သည်။ မတ်စောက်တဲ့ချောက်ကမ်းပါးကို အပေါ်စီးက မြင်နေရတဲ့ လမ်းမပေါ်ကို ခေါ်သွားပြီးတဲ့နောက် အုတ်တွေနဲ့စီထားတဲ့ တံတိုင်းရှေ့မှာ သူ ရပ်လိုက်သည်။ ဘာကြောင့်ရယ်တော့ မသိ၊ သူက ဒီထောင့်ကနေ အိမ်ခေါင်မိုးတွေကို ငေးကြည့်ရတာကို သဘောကျပုံရသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
