ကြမ်းပြင်ပေါ် လဲကျကာ ငိုနေရင်း ထယ်ရင်းက ခန္ဓာကိုယ်ကို တတ်နိုင်သလောက် ကွေးလိုက်သည်။ လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားခဲ့တဲ့ အေးစက်သော ကိုယ်က ဘယ်ဆီသို့ ရောက်သွားသည်မသိ။ ပူလောင်နေသည့် မျက်လုံးတွေလည်း နာကျင်မှုကို မခံစားရတော့လဲ တအိအိ ငိုလိုက် ဟောင်လိုက် လုပ်နေတဲ့ ခွေးလေးလည်း ပျောက်ကွယ်သွားသည်။ ဒိုင်ယာရီစာအုပ်သည်လည်း နောက်ဆုံးစာမျက်နှာတစ်ရွက်တည်း လှစ်ဟလျက် ထယ်ရင်းနဲ့အတူ ကြမ်းပြင်ပေါ်တွင် လဲနေသည်။ အကြိမ်ပေါင်းများစွာ ဆွဲခြစ်ထားပုံရတဲ့ မျဉ်းစောင်းတို့က နီရဲနေသည်။ စာကြောင်းရေများစွာနဲ့ ဝန်ခံချက်တွေကို ရေးထားခဲ့ပြီးမှ ဆွဲဆုတ်ပစ်၊ ဆွဲဖြဲပစ်၊ မင်နီနဲ့ အထပ်ထပ် ခြစ်ထားတာကြောင့် တစ်မျက်နှာလုံးက သွေးရောင်လိုဖြစ်နေသည်။
သူ ဟယ်အာ့ကို ဒီတိုင်း ချစ်ဖို့ကောင်းတယ်လို့သာ တွေးခဲ့သည်။ ဟယ်အာ့ ပါးစပ်က ထွက်သမျှ စကားလုံးတိုင်းကို ချစ်စရာကောင်းတယ်လို့သာ တွေးခဲ့ခြင်းပင်။
'ထယ်ရင်းရှီ..... နာတယ်....'
တစ်ခါတစ်လေ အိပ်မက်မက်ပြီး ယောင်တဲ့အခါတိုင်း ဟယ်အာ့ နဖူးကို စမ်းကြည့်တတ်သည်။ အဖျားတော့ မရှိ... အိပ်မက်မက်နေပုံပဲလို့သာ တွေးပြီး ဆက်မစဉ်းစားတော့တာဖြစ်သည်။ လှုပ်နှိုးလိုက်ရမလားလို့ တွေးရင်းကပင် ဗိုက်ပေါ် လက်တင်ပြီး ပုတ်ပေးလိုက်သည်။
"အင်း.. အင်း.. ဟယ်အာရား.. ဘာမှမဖြစ်ဘူး"
ဒီစကားတွေနဲ့သာ သူ့ အိပ်မက်ဆိုးကို နှစ်သိမ့်ပေးခဲ့တာဖြစ်သည်။ ထယ်ရင်းမှာ နှစ်သိမ့်ပေးဖို့ အရည်အချင်းတောင် မရှိဘဲနဲ့လေ.. ဒီ အိပ်မက်ဆိုးတွေကို ပေးခဲ့တာ သူကိုယ်တိုင်ပဲ မဟုတ်ပါလား။
"ဘာလို့..."
မျက်ရည်တွေစိုရွှဲလျက် ဟယ်အာ့ကို မော့ကြည့်လိုက်သည်။၂၆ နှစ်.. ဘာလုပ်လုပ် လှပပြီး တောက်ပနေခဲ့တဲ့ ဟယ်အာက ၃၂ နှစ်အရွယ် မျက်လုံးများဖြင့် ငုံ့ကြည့်နေသည်။ ဝမ်းနည်းနာကျင်ပြီး ညည်းညူကာ ကြမ်းပြင်ပေါ် ပုံကျနေသည့် ထယ်ရင်းကို ကြည့်နေသည့် မျက်လုံးအစုံက မေးခွန်းတွေနဲ့ ပြည့်နေသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
