အပိုင်း (၅၄)

1.4K 202 13
                                        

'ပြောဖို့ သတ္တိတော့ မရှိပေမယ့်...'

ထယ်ရင်း အိပ်တဲ့ဘက်မှာ ထားထားတဲ့ ခေါင်းအုံးကို တိတ်တိတ်လေး ဖက်လိုက်သည်။ ကုတင်ပေါ် ထိုင်ပြီး ခေါင်းအုံးထဲ နှာခေါင်း နှစ်လိုက်သည်။ အို့ခဲရှီက တခါတလေ အရမ်းကို အလုပ်ကြိုးစားလွန်းသည်။ အိပ်ရာခင်းတွေကနေ ထယ်ရင်းရဲ့ ရနံံ့ တစ်စက်မှ မရတော့ဘူး။

စိတ်ပျက်ပျက်နဲ့ ခြေတွေလက်တွေ လေးလံသွားသည်။

"ဟိုလေ.. ထယ်ရင်းရှီ"

— ကိုယ့်နာမည်က 'ဟိုလေ ထယ်ရင်းရှီ' လား?

"ဟင်"

— ဘာလို့ အမြဲတမ်း 'ဟိုလေ' လို့ ခေါ်နေတာလဲ

အဲ့လို အမြဲ ခေါ်ခဲ့မိတာလား။ မသိခဲ့ဘူး။

"အာ.. ဒီတိုင်း.. နည်းနည်း နေရခက်လို့..."

လေသံတိုးတိုးလေးနဲ့ ဆင်ခြေပေးဖို့ ကြိုးစားနေတုန်း ထယ်ရင်းက စကား ဆက်သည်။

— ဘယ်နေရာက နေရခက်တာလဲ

ချောင်းထယ်ရင်းဆိုသည်မှာလည်း ဘာမဆို ရှင်းရှင်းလင်းလင်း ရှိမှ စိတ်ကျေနပ်တဲ့သူ။ သူသာ ကျောင်းဆရာဖြစ်ခဲ့ရင် ဟယ်အာ စာမေးပွဲ တဖုန်းဖုန်း ကျလောက်သည်။ နေ့တိုင်း ဆရာ့ဆီကနေ အဆူခံရမှာ ကြောက်လို့ ကျောင်းမသွားရင်းကနေ roll call လဲ ပြည့်ရမှာမဟုတ်။

"ဖုန်းပြောရတာ တမျိုးကြီးပဲ..."

တဖြည်းဖြည်းနဲ့ အသံက ပိုပိုတိုးသွားလို့ ကိုယ့်ဘာသာတောင် ပြန်မကြားရတော့ပါ။ သက်ပြင်းတွေပဲ ဆက်တိုက်ချမိပေမယ့် ဖုန်းတစ်ဖက်က ထယ်ရင်းကတော့ ဘာမှပြန်မပြောခဲ့ဘူး။

"......."

အခု သူ ဘယ်လိုမျက်နှာအမူအရာ လုပ်နေမလဲဆိုတာ မှန်းဆဖို့အတွက် စိတ်ကူးတွေကို အစွမ်းကုန် အသုံးချလိုက်ရသည်။

ဖုန်းလွတ်ကျမှာစိုးလို့ လက်ပြောင်းကိုင်တော့ လက်မှာလဲ စိုစိစိနဲ့ ချောနေသည်။ ထယ်ရင်းနဲ့ ဖုန်းပြောရတာ စိတ်လှုပ်ရှားလွန်းလို့ လက်နှစ်ဖက်လုံး ချွေးစေးတွေပြန်နေတာဖြစ်သည်။ ဒီလိုမျိုး အချိန်အကြာကြီး၊ ဘာအကြောင်းအရာမှ မရှိဘဲ ဖုန်းပြောတာ ပထမဆုံးအကြိမ်ပဲ။ ခြောက်နှစ်ကြာ တစ်အိမ်တည်းမှာ အတူနေခဲ့ပေမယ့် တစ်ရက်ပြီးတစ်ရက် ဟယ်အာ့ဆီကနေ ဝေးကွာသွားခဲ့တဲ့သူတစ်ယောက်က 'အိမ်' ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟယ်အာ့ကို ရှာတာ ထူးဆန်းနေသည်။ အိပ်မက်ထဲမှာ တမ်းတခဲ့ဖူးတဲ့ အရာဆိုပေမယ့် တကယ်တမ်း ဖုန်းပြောလိုက်ရတော့ ဆူးခုံပေါ် ထိုင်နေရသလိုမျိုး ထိုင်မရထမရဖြစ်နေသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Donde viven las historias. Descúbrelo ahora