အပိုင်း (၁၀၁)

895 138 1
                                        

ဟယ်အာ့ရဲ့ အခြေအနေမှာ ကံကောင်းစွာဖြင့် ခွဲစိတ်မှု မလိုဘဲ ကောင်းမွန်လာခဲ့သည်။ သရက်ရွက်တွင်း သွေးယိုစိမ့်မှု ထပ်မဖြစ်စေရန် စောင့်ကြည့်ရမည်ဖြစ်ပြီး လုံးဝအနားယူရမည်ဆိုသော်လည်း အခုချက်ချင်း ခွဲစိတ်ရမည့် အဆင့်တော့ မဟုတ်ကြောင်း ပြောလာသည်။

ခါးပိန်ပိန်လေးမှာ တင်းကျပ်စွာ စည်းထားတဲ့ ပတ်တီးအောက်မှာ နာရီဝက်အတွင်း ဒဏ်ရာ ကျယ်ပြန့်လာပြီး အစွန်းတစ်ဖက် ပေါ်နေသည်။ မည်းညစ်ညစ် အပြာရောင်က ထယ်ရင်း မျက်စိထဲ ရင်းနှီးနေသည်။

'ပုံတူ ပန်းချီကား...'

ဂန်ဟယ်အာ တိတ်တိတ်လေး ဆွဲခဲ့သော ပုံတူ ပန်းချီကားရဲ့ အစွန်းတွင် သုတ်လိမ်းထားသော အရောင်ပင်။

အနည်းငယ် အေးစက်သွားသော ဦးနှောက်ဖြင့် တိတ်ဆိတ်စွာ ထိုင်နေရင်း အိပ်ပျော်နေတဲ့ ဟယ်အာ့ မျက်နှာကို ကြည့်နေမိသည်။ လက်မောင်းတွင် သွေးသွင်းပိုက် တပ်ဆင်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မျက်နှာသည် ရင်းနှီးသလို ထူးဆန်းနေသည်။ ထယ်ရင်း သိထားတဲ့ ကလေးဆန်သော ဟယ်အာ့ ပုံပန်းသဏ္ဍာန်အတိုင်းပင် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ လုံးဝမမြင်ဖူးတဲ့ လူတစ်ယောက်လို ခံစားရတာကြောင့် ဖြစ်သည်။

'ဒိုဂျင်း....'

အဲ့အခါမှ ခွေးလေးကို သတိရမိသည်။

'အိမ်မှာ... အော်နေဦးမယ်။ ငါ တံခါး... ဖွင့်ထားခဲ့ရဲ့လား?'

တော်တော်ကြာမှ သူ့ရဲ့ဘေးကင်းရေးကို စိုးရိမ်မိတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်မဲ့မှုအတွက် အံ့သြမိသည်။ ဟယ်အာဆိုရင် အိမ်မီးလောင်ရင်တောင် ခွေးလေးကို အရင်ဂရုစိုက်လိမ့်မည်...။

အဒေါ်ကြီးကို ရက်အနည်းငယ် အိမ်မှာနေပြီး ခွေးကို ကြည့်ပေးနိုင်မလားလို့ ဖုန်းဆက်မေးတော့ မပူပါနဲ့ဟု လျင်မြန်စွာ ပြန်ဖြေလာသည်။ သက်ပြင်းချရင်း ဖုန်းချလိုက်ပြီး အိပ်ပျော်နေတဲ့ ဟယ်အာ့ မျက်နှာကို ပြန်ကြည့်လိုက်သည်။

ပျော်ရွှင်စွာနဲ့  သီချင်းလေး ညည်းရင်း ခွေးပေါက်လေးကို ခေါ်ယူလာခဲ့သည့်နေ့က ပုံစံမျိုးက ဟန်ဆောင်မှု မဟုတ်ခဲ့ပါ။ အဖြူရောင်ခွေးလေးကို သူ့ ညီလေးဟု ခေါ်ပြီး ရှပ်အင်္ကျီ ဝတ်ပေးလိုက်၊ အဲကွန်းက လေအေးမှာစိုးလို့ စောင်နဲ့ပတ်ပြီး ကလေးပုခက်လို ကျောပိုးလိုက်၊ ခွေးဗိုက်ပေါ် မျက်နှာအပ်ပြီး ဝရူးဝရူးလုပ်ပြီး ဒိုဂျင်း စိတ်ဆိုးပြီး ဟောင်တော့မှ ရယ်မောလိုက်နဲ့ လုပ်သေးသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now