"ထယ်ရင်းရှီ!"
တစ်ခုခုကို အားပေးလိုက်သလိုအသံနှင့် နီးစပ်သည့် အော်သံကြောင့် ထယ်ရင်း နိုးသွားသည်။ ဒုတိယထပ်ကို မော့ပြီး ငေးနေရင်းမှ ခေါင်းလှည့်ကြည့်လိုက်တော့ ထယ်ရင်း ဘာလို့ အိမ်ရောက်နေမှန်းမသိလို့ လန့်သွားတာက တစ်ဝက်, ဝမ်းသာသွားတာက တစ်ဝက်နှင့် ဟယ်အာက ရပ်နေသည်။
"ဒီအချိန်ကြီး ဘာလို့ အိမ်ရောက်နေတာလဲ? ကြိုလဲ မပြောဘူး... ဘာကျန်ခဲ့လို့လဲ? USB? စာရွက်စာတမ်း? ဘာရှာပေးရမလဲ?"
ပခုံးတလှုပ်လှုပ်ဖြင့် ရယ်မောရင်း ချဉ်းကပ်လာသည့် မျက်နှာလေးက တောက်ပနေသည်။
အပြာနုရောင် လက်တို ရှပ်အင်္ကျီက ပွယောင်းလွန်းတာကြောင့် လည်ပင်းပေါက်တောင် ကျယ်နေပြီး ဒူးအထက်ထိ ရောက်သည့် ဘောင်းဘီတိုက အိတ်ကပ်ထဲတွင် ဒိုဂျင်းလေးရဲ့ လည်ပတ်ကြိုးက တစွန်းတစ ထွက်နေသည်။ ခွေးထိန်းကျောင်းကို လိုက်ပို့ပြီး ပြန်လာပုံရသည်။
ဒီထက်ပိုပြီး တုန့်ဆိုင်းမနေနိုင်တော့ဘဲ အနားကို တိုးလာတဲ့ သူ့ကို ရင်ခွင်ထဲ ထွေးပွေ့လိုက်သည်။ နွေရာသီရဲ့ အပူဓာတ်ကြောင့် ဟယ်အာ့ ကိုယ်လေးက နွေးထွေးနေသည်။ လှမ်းဖက်လိုက်လို့ လန့်ပြီး အသက်တစ်ချက်ရှိုက်လိုက်တာနှင့် တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံကိုက ဝမ်းနည်းစရာကောင်းသည်။ ဒီအချက်နှစ်ခုတည်းနဲ့တင် အိပ်မက်ဆိုးကနေ နိုးလာတဲ့ ထယ်ရင်းကို နှစ်သိမ့်ပေးဖို့ လုံလောက်ပါသည်။ အပူရှပ်ပြီး ကိုယ်လက်ကိုက်ခဲသလို တစ်ကိုယ်လုံးကို ဖိနှိပ်နေသည့် စိုးရိမ်ပူပန်မှုတွေလည်း အခုမှ အလိုလို ပြန်ရုပ်သိမ်းသွားသည်။
ခုမှသာ အသက်ရှူရလွယ်သွားသည်။ တင်းကျပ်စွာ ပိတ်ဆို့နေသည့် ဦးနှောက်အတွင်း အောက်ဆီဂျင် ဖြတ်သန်းသွားသည့် ခံစားချက်ပင်။
"အင်း... မေ့ကျန်ခဲ့တယ်။ မေ့ပြီးတော့... မင်းကို ထားခဲ့မိတယ်"
ထယ်ရင်းရဲ့စကားကြောင့် မေးတင်ထားတဲ့ ဟယ်အာ့ ပခုံးတွေ နိမ့်ချည်မြင့်ချည် လှုပ်သွားသည်။
"ဘာတွေတုန်း.. ထယ်ရင်းရှီက ဒီလို စကားမျိုးလည်း ပြောတတ်နေပါလား..."
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
