အပိုင်း (၆၁)

1.7K 196 5
                                        

"ဘာပြော.."

"မေးနေတယ်လေ.. ကိုယ့်ကို ချစ်ရောချစ်ရဲ့လားလို့ ဂန်ဟယ်အာ.."

ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းလေးတစ်ခုကိုတောင် မဖြေပေးနိုင်လို့၊ ဝမ်းနည်းမှုတွေ အလိပ်လိုက် တက်လာတဲ့အတွက် ဟယ်အာ မျက်လုံးကို စုံမှိတ်လိုက်မိသည်။ မှိတ်ထားတဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျလာပြီး ရှိုက်သံတွေပါ တပါတည်း ထွက်လာသည်။

"...အင့်.. ဟင့်..."

ပြန်ငိုတော့မယ့် အခြေအနေရောက်တော့ ထယ်ရင်းရဲ့ လက်တွေ ပျာယာခတ်သွားသည်။ အတင်းအကျပ် ဆုပ်ကိုင်ထားတဲ့ ပါးနှစ်ဖက်ကို လွှတ်ပေးလိုက်ပြီး,

"ဘာလို့ ငိုနေပြန်တာလဲ"

ဟယ်အာ့ ပခုံးကို လှမ်းပုတ်ပေးသည်။

"မငိုနဲ့တော့.. ဟုတ်ပြီလား... ဟယ်အာ"

ထယ်ရင်း ရင်ဘတ်ပေါ်မှာ မျက်ရည်တွေက ဝိုင်းစက်တဲ့ ရေအိုင်နှစ်ခုအဖြစ် ကျန်ခဲ့သည်။ သေတဲ့အချိန်မှာတောင် မျက်ရည်မကျခဲ့တဲ့ ဟယ်အာက ဘာလို့ ဒီလိုဖြစ်သွားမှန်း ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်ခဲ့ပါ။ ထယ်ရင်းအတွက်သာဆို ကောင်းတာတွေချည်းပဲ ဖြစ်စေချင်ခဲ့သည်။ သူ့အတွက် အထောက်အကူဖြစ်မယ့် ထူးချွန်တဲ့ အိမ်ထောင်ဖက် ဖြစ်ချင်ခဲ့သည်။ ဒါပေမဲ့ ဒီနေ့ ဟယ်အာက စိတ်ပျက်စရာကောင်းတဲ့ လူညံ့တစ်ယောက် ဖြစ်နေခဲ့သည်။

ဒါပေမဲ့ မငိုဘဲ မနေနိုင်ခဲ့ဘူး။ တစ်ချိန်က ဆန္ဒတွေရဲ့ အလယ်ဗဟိုမှာ လဲလျောင်းနေရင်း ဘယ်လိုများ မျက်ရည်မကျဘဲ နေနိုင်မှာလဲ။

ဒီအိမ်ကို ရွေးတုန်းက ထားခဲ့တဲ့ ပထမဆုံး ဆန္ဒက ဘာလဲဆိုရင် အိမ်မကြီးတံခါးကို ဖွင့်ပြီး စင်္ကြန်လမ်းအတိုင်း လျှောက်ဝင်သွားရင်၊ ဆိုဖာနောက်မှီပေါ်မှာ လက်မောင်းတစ်ဖက်တင်ရင်း စောင့်ကြိုနေတဲ့ ခင်ပွန်းပင်ဖြစ်သည်။ ဆိုဖာပေါ်မှာ ကိုယ်ကိုမှီပြီး သက်သောင့်သက်သာ ထိုင်ရင်း သတင်းကြည့်နေတာ ဒါမှမဟုတ် ဖုန်းသုံးနေတာ ဒါမှမဟုတ် စာအုပ်ဖတ်နေတာမျိုး၊ ပြီးတော့ ဟယ်အာ ချဉ်းကပ်လာတဲ့ အသံကြားရင်, 'ပြန်လာပြီလား' လို့ ပုံမှန်အတိုင်း နှုတ်ဆက်စေချင်ခဲ့သည်။ နှုတ်ဆက်စကားတွေကို ပုံမှန်ဖြစ်စေချင်ခဲ့သည်။ နေ့စဉ်လုပ်နေကျ အရာဖြစ်ပြီး သာမန်ဖြစ်လွန်းလို့ ထူးခြားတာမျိုးမရှိဘဲ မှတ်ဉာဏ်ထဲမှာတောင် အထူးတလည် မကျန်စေချင်ခဲ့ဘူး။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now