ကျွန်းကနေ ထွက်တဲ့တံတားကို မရောက်ခင် ထယ်ရင်းက ကားကို လမ်းကြားထဲ ရပ်လိုက်သည်။ ဆိုးလ်ကို ရောက်ရင် နေ့လယ်စာစားချိန် လွန်နေမှာမို့ ဒီကနေ တစ်ခုခုစားပြီးသွားရအောင်လို့ ပြောလာသည်။
သူ့နောက်ကနေလိုက်ပြီး ကားပေါ်က ဆင်းလိုက်တော့ ဆိပ်ကမ်းငယ်လေးရှေ့မှာ ကပ်လျက်ပင် စားသောက်ဆိုင်လေးတွေ တန်းစီနေသည်။ ဒါပေမယ့် ရောင်းတဲ့ မီနူးတွေထဲက တစ်ဝက်လောက်က ဟယ်အာ တစ်ခါမှ မစားဖူးတဲ့ မရင်းနှီးတဲ့ ဟင်းတွေဖြစ်သည်။
အမဲသွေးထမင်းပေါင်း စားဖူးလားလို့ မေးတာကို ဘာပြောမှန်းမသိလို့ မချိတင်ကဲသာ ပြုံးပြလိုက်တော့ ထယ်ရင်းက ရယ်သည်။
"ဘာမှမဟုတ်တော့ဘူး"
ပြီးနောက် ထယ်ရင်းက ခြေလှမ်းတွေရွှေ့လိုက်သည်။ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်နေတဲ့ သူ့နောက်ကနေ ခွေးလေးကို ပွေ့ပြီး လိုက်သွားလိုက်သည်။ အမဲသွေးဆိုတာ ဘာမှန်းမသိတဲ့ ကိုယ့်ကိုယ်ကိုယ်တော့ နည်းနည်း ရှက်မိသည်။ လောကအကြောင်း နားမလည်တဲ့ သူဌေးသားလေးလိုများ မြင်သွားမလားလို့တွေးရင်း မျက်နှာတွေ ရဲတက်လာသည်။
'ထယ်ရင်းရှီ စားချင်ရင်တော့ တူတူ လိုက်စားပေးနိုင်တာကို......'
ခွေးလေးကို လက်ပြောင်းပွေ့ရင်း ထယ်ရင်းနောက်က လိုက်ရင်း ရောက်သွားတဲ့ဆိုင်လေးက တံခါးမှာ လက်ရေးနဲ့ ရေးထားတဲ့ မီနူးစာရွက် ကပ်ထားတဲ့ ဆိုင်ငယ်လေးဖြစ်သည်။ မညီမညာကပ်ထားတဲ့ စာရွက်တွေက အရောင်ကျပြီး စုတ်ပြဲနေတာကြောင့် ဂျုံခေါက်ဆွဲက ဂျုခေါက်ဆွဲ၊ ကင်ချီကျီဂဲက ကင်ဂျီကျီဂဲ ဖြစ်ပြီး စာလုံးပေါင်းတွေမှားနေသည်။
တံခါးကို ဘေးတွန်းပြီး ဒရွတ်ခနဲ ဖွင့်ဝင်လာတဲ့ ထယ်ရင်းရဲ့ ကိုယ်လုံးကြီးကြောင့် သေးငယ်လှတဲ့ ဆိုင်လေးက ပဲစေ့လောက်ပဲ ရှိတော့သလိုပင်။ ဘိလပ်မြေကြမ်းခင်းပေါ်မှာ လေးထောင့်ပုံစံစားပွဲ နှစ်လုံးရှိပြီး အတွင်းဘက်မှာတော့ ခြေပု စားပွဲရှည်ကြီးတစ်လုံး ထားထားသည်။
ဆေးရောင်ကွာနေတဲ့ ထိုင်ခုံတွေနဲ့ စေးကပ်နေတဲ့ စားပွဲတွေက အရမ်းကို ဟောင်းနွမ်းနေပေမယ့် အဲဒါကြောင့်ပဲလား အနည်းငယ်တော့ vintage ဆန်တဲ့ ဆိုင်လေးလို ထင်မြင်ရသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
