အခန်း(၉) ကံကောင်းခြင်းကို သယ်ဆောင်လာတဲ့ခန္ဓာကိုယ်

6K 600 1
                                    

အခန်း(၉) ကံကောင်းခြင်းကို သယ်ဆောင်လာတဲ့ခန္ဓာကိုယ်

ဓာတ်ပုံထဲ၌  ရိုးရှင်းသည့် အဝတ်အစားကိုသာ ဝတ်ဆင်ထားသည့် အမျိုးသမီးလေးဟာ ပျံလွှားငှက်ကလေးသဖွယ် သွက်လက်ပေါ့ပါးနေပေသည်။ သူမ ဆံနွယ်တွေဟာ သရုပ်ပြနေစဉ် လေထဲ၌ လွင့်မျောနေသည့်အပြင် သူမ၏ နှစ်လိုဖွယ်ကောင်းသည့် ပုံရိပ်လေးဟာ တည်ငြိမ်သည့် ကြာပန်းလေးတစ်ပွင့်နှယ် ကျက်သရေအပေါင်းဖြင့် ပြည့်စုံနေပေတော့၏။ ထိုဓာတ်ပုံရိုက်ကူးနေစဉ် အတောအတွင်း ချောင်မော့ယွီ ပုံရိပ်လေးဟာ ဒုက္ခများ ပြည့်နေသည့် ကမ္ဘာကြီးကို ဘဝအသစ်တစ်ခု ယူဆောင်လာပေးသည့် သူရဲကောင်းမလေးတစ်ဦးနှယ် လေးစားအားကျဖွယ် ကောင်းလှသည်။

ချောင်မော့ယွီသည် သူမ သရုပ်ပြမှုအပေါ် လူတွေ၏ အံ့အားသင့်နေသည့် အမူအရာကို သတိမပြုမိပေ။ သူမက နောက်ထပ်ခက်ခဲသည့် ခြေကန်ချက် နှစ်ချက်ကိုတောင် ထပ်သရုပ်ပြလိုက်သေးသည်။ ထို့နောက် ဒါရိုက်တာကို ပြုံးပြလိုက်ပြီး

"ဒါရိုက်တာကျန်း ဒီသရုပ်ပြမှုတွေအထဲမှာ ဘယ်ဟာကပိုပြီးသင့်တော်လိမ့်မယ်လို့ ရှင် ထင်လဲဟင်"

ထိုလူက သူ့အံ့အားသင့်မှုမှ နိုးထလာပြီး ချောင်မိသားစု အာဏာဖြင့် ထိုဇာတ်ကောင်နေရာကို လုယူထားတဲ့ ဒီကောင်မလေးက သူထင်ထားသလို သိပ်မဆိုးပါလားဟု ခံစားလိုက်ရသည်။ ထို့နောက် ဒါရိုက်တာက ဓာတ်ပုံဆရာကို

" သူ လုပ်ပြသွားတဲ့အကွက်တွေအားလုံးကို မင်း ရိုက်ထားခဲ့ရဲ့လား"

ဓာတ်ပုံဆရာဟာ ခေါင်းညိတ်ပြလိုက်ကာ

"ဟုတ်ကဲ့ ကျွန်တော်အကုန်လုံးကို လက်မလွတ်စတမ်း ရိုက်ထားပါတယ်ဗျ"

"ချောင်မော့ယွီ မင်း နောက်ထပ် သရုပ်ပြစရာမလိုတော့ဘူးနော် အခုမင်းသရုပ်ပြသွားတဲ့အကွက်တွေကို ရိုက်ထားတဲ့အထဲက လှတာလေးတွေကို ရွေးလိုက်ရုံပဲ"

ဒါရိုက်တာက အခြားသူများကို စတင်ညွှန်ကြားတော့သည်။

"ကောင်းပြီ ကောင်းပြီ မငေးနေကြနဲ့တော့ ပထမအခန်း စရိုက်ဖို့အတွက် အဆင်သင့်လုပ်ကြရအောင်"

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now