အခန်း(၂၆) ကာကွယ်ပေးခြင်း (၂)

7.5K 579 0
                                        

အခန်း(၂၆) ကာကွယ်ပေးခြင်း (၂)

ချောင်မော့ယွီသည် အလွန်ရိုးရှင်းသည့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ ဆံပင်ကို အပြာရောင်ဖဲကြိုးဖြင့် စည်းထားလေရာ သူမအသားအရေနှင့် အလွန် လိုက်ဖက်လွန်းလှသည်။ သူမ ကင်မရာဘက်ကို လှည့်လိုက်သည်နှင့် အရောင်သွေးစုံလင်စွာဖြင့် လှပနေသည့် ကမ္ဘာကြီးက သူမ၏ မှင်တက်ဖွယ် အပြုံးကြောင့် အရာအားလုံး မှေးမှိန်သွားသလိုပင်။

သူမ ရယ်လိုက်တိုင်း မျက်လုံးများက လခြမ်းကွေးသွားသလို အပေါ်သို့ ကော့တက်သွားလေရာ ကမ္ဘာကြီးကို အလင်းရောင် ယူဆောင်လာပေးသည့် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပတင့်တယ်နေသည်။ ထိုအခိုက်တန့်၌ ရှင်းရီချန်က တစ်စက္ကန့်မျှ အသက်ရှူရန် မေ့သွားသလို ခံစားလိုက်ရသည်။

သို့သော် ချောင်မော့ယွီ၏ ဇာတ်ဝင်ခန်းက တိုလွန်းလှသဖြင့် ထို လှပသည့် ပုံရိပ်လေးက အလျင်အမြန်ပင် ပျောက်ကွယ်သွားတော့သည်။

ရှင်းရီချန်က သူ့ဖုန်းကို စိတ်မရှည်စွာဖြင့် ပိတ်လိုက်သည်။

"ရှန်းရှီ" ဒရမ်မာ၏ အကြိုဇာတ်ဝင်ခန်းက ပရိသတ်များဆီက အားပေးတုံ့ပြန်မှု ကောင်းကောင်း ရရှိခဲ့ပေသည်။ ချောင်မော့ယွီလို မထင်မရှား ဇာတ်ကောင်ပင် ပရိသတ်၏ အာရုံအမြောက်အမြားကို  ဖမ်းစားရယူနိုင်ခဲ့သည်။ သူမ ဆိုရှယ်မီဒီယာမှ ဖော်လိုဝါများက ထိုဇာတ်ဝင်ခန်းဆီမှ အကြည့်တစ်ချက်ကြောင့် ၁သိန်း မှ ၈သိန်းအထိ တစ်ဟုန်ထိုး တိုးသွားခဲ့သည်။

ချောင်မော့ယွီက သူမအတွက် ရိုက်ကူးစရာ ဇာတ်ဝင်ခန်း ကုန်သွားပြီဖြစ်သောကြောင့် အစ်မယွီနှင့် လော့လော့ကို ရှောပင်းမောလ်ဆီသို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

ချောင်မော့ယွီက သူမ၏ သား မည်သို့ တွေးနေလဲဆိုသည်ကို ယခုအချိန်မှသာ သတိထားမိခဲ့သည်။ လော့လော့က ပျော်ရွှင်မှုကြောင့် မျက်ဝန်းများ တလက်လက်ဖြင့် အရောင်တောက်နေသော်လည်း မျက်နှာအမူအရာက အံ့အားသင့်ဟန်ပင် မပြချေ။

ဖြစ်နိုင်သည်က မူလချောင်မော့ယွီမှာ ရှင်းရီချန်ကိုသာ သည်းသည်းလှုပ်နေသောကြောင့် လော့လော့ကို ဂရုသိပ်စိုက်မည့်ပုံ မပေါ်ပေ။ အခုလက်ရှိ ချောင်မော့ယွီသည် ထိုကလေးက မိခင်မေတ္တာကို ငတ်မွတ်နေခဲ့ရသည်ကို သေချာပေါက်သိလေသည်။ သို့သော် ထိုကလေးက သူ့အမေ ဝန်ထုပ်ဝန်ပိုး ဖြစ်မည်စိုးသောကြောင့် သူ့ခံစားချက်ကို မျိုသိပ်ထားခဲ့ဟန်တူသည်။ ထိုသို့ လူကြီးဆန်ဆန် ပြုမူတတ်သည်ကလည်း လော့လော့ကို မာနကြီးသယောင်နှင့် ပိုမိုနှစ်လိုဖွယ်ကောင်းစေသည့် အသွင်အပြင်ကို ဖြစ်ပေါ်စေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now