Chapter 18.5/18.6

632 68 2
                                    

အခန်း ၁၈ အော်ထျန်း၏ရှုပ်ထွေးမှုများ (အပိုင်း ၅)

ရှီးချန်တစ်ဝက်ကြာပြီးနောက်...

ပတ်ဝန်းကျင်က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး သူတို့၏အသက်ရှုသံများက ပိုမို ထင်ရှားလာသည်။ အော်ထျန်းက ရုတ်တရက် ဆိုးရွားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရတာကြောင့် တည့်တည့်မတ်မတ် ပြန်ထိုင်လိုက်ပြီး ကုယွင်ကို ကြည့်လိုက်ရာ သူမက သစ်ကိုင်းပေါ်မှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမလက်များက ဘေးနားမှ သစ်ကိုင်းပေါ်ကနေ တဝက်ခန့် တွဲလျောင်းကျနေပြီး မျက်လုံးများကို မှိတ်ထားတာကြောင့် အော်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေး ခေါ်ကြည့်လိုက်သည်။

"ဟေ့?"

သူမဆီမှ တုံ့ပြန်မှု မရှိတာကြောင့် အော်ထျန်းက ထပ်ခေါ်လိုက်ပေမယ့် သူ့ကို ပြန်ဖြေပေးလိုက်တာက သူမ၏ချိုမြိန်စွာ အိပ်ပျော်နေသော မျက်နှာလေးသာ ဖြစ်သည်။

ဒီတစ်ခါတော့ အော်ထျန်း မရယ်နိုင် မငိုနိုင် ဖြစ်ရတဲ့ အလှည့်ပါပဲ။ ဒီမိန်းခလေးက တတယ်ကို ဘာတွေများတွေးနေခဲ့တာလား? ဒါက ဆယ်ပေကျော်မြင့်တဲ့ သစ်ပင်ထိပ်ကြီးလေ၊ သူတို့လို ထူးထူးခြားခြား ကိုယ်ခံပညာရှိပါတယ်လို့ ပြောတဲ့ သူတွေတောင် မျက်လုံးကို မှိတ်ပြီး အနားယူရုံလောက်ပဲ တက်နိုင်တယ်၊ သူမကတော့ ဒီလို အိပ်ပျော်သွားနိုင်တယ်ပေါ့။ သူမ ဘေးဘက်ကို မလှည့်ရင် အဆင်ပြေနိုင်ပေမယ့် လှည့်လိုက်ရင်တော့ ပြုတ်ကျဖို့က တဝက်လောက် သေချာနေတယ်။

အော်ထျန်းက တိတ်တဆိတ် စိတ်ဆိုးသွားသည်။ သူမကို လှုပ်နှိုးပြီး သေချင်နေတာလားလို့ မေးလိုက်ချင်ပေမယ့် သူ့လက်က သူမပုခုံးကို ထိလိုက်တဲ့အချိန်မှာ ရုတ်တရက် ရပ်သွားသည်။ လရောင်အောက်မှ သူမ၏မျက်နှာက အေးချမ်းနေပြီး ချစ်စရာကောင်းလွန်းလှသည်။ သူမ၏မျက်တောင်ရှည်ရှည်လေးများက သူမ၏ဖျော့တော့သောမျက်နှာပေါ်တွင် လခြမ်းပုံသဏ္ဌန်နှစ်ခုဖြစ်နေအောင် နေရာချထားသည်။ သူမ၏နှုတ်ခမ်းနီနီရဲရဲတောက်တောက်လေးက စိုစွတ်နေပုံပေါ်ပြီး သူမ၏ပါးပြင်များက အလှတရားကို အရိပ်အမြွက်ကို အပြည့်အဝ ပြသနေပုံရသည်။ သူမ နိုးနေသောအချိန်တွင် သူမပါးပေါ်မှ သစ်တော်သီးပုံပါးချိုင့်လေးက ထင်သာမြင်သာ မရှိလှပေ။ သို့သော်လည်း ဓားဒဏ်ရာနက်နက်နှစ်ခုက စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အမြဲဆင်ခြင်တုံတရားရှိသူတစ်ဦးဖြစ်သော သူမက ပြဿနာကို ဖြေရှင်းဖို့ ဘာကြောင့်များ ကိုယ့်မျက်နှာကိုကိုယ် ပြန်ဖျက်ဆီးဖို့ ရွေးချယ်ရတာလဲ? အော်ထျန်း၏ လက်က လူတိုင်း၏မျက်လုံးများထဲမှ ကြောက်စရာကောင်းသော အမာရွတ်ကို အမှတ်တမဲ့ ထိမိသွားသည်။ သူက သူ့ရှေ့တွင် ချစ်စဖွယ် အိပ်မောကျနေသော မျက်နှာလေးကို ကြောင်တောင်တောင် စိုက်ကြည့်နေမိပြီး ထူးဆန်းသော လှိုင်းလုံးကြီးတစ်ခုက သူ့နှလုံးသားထဲသို့ ပြေးဝင်လာသည်။ တစ်စုံတစ်ယောက် နိုးနေချိန်နဲ့ အိပ်ပျော်နေချိန်ကြားမှာ အဲ့လောက် ကြီးမားတဲ့ ခြားနားချက် ရှိနိုင်တယ်လား?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now