အခန်း ၂၇ နက်နဲသော ခံစားချက်များ (အပိုင်း ၃)
ရက်အနည်းငယ်ကြာပြီးချိန်တွင်....
ကုတင်ဘေးမှ စားပွဲနိမ့်လေးပေါ်မှာ ရေထည့်ထားသော ကြွေပန်းကန်လုံးတစ်လုံးရှိနေပြီး သွယ်လျသော လက်လေးတစ်ဘက်က ထိုနေရာသို့ ချဉ်းကပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေပြီး လက်ချောင်းလေးများက ရေပန်းကန်၏အစွန်းကို ထိနေပြီဖြစ်သည်။
ကုယွင်က သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို အလွန်အကျွံ မလှုပ်ရှားဝံ့သောကြောင့် သူမလက်များကိုသာ ဆန့်တန်းပြီး ထိုနေရာဆီသို့ တရွေ့ရွေ့ လက်လှမ်းနေသည်။ ဤနှစ်ရက်အတွင်းတွင် ချင်းက သူမကို ပြုစုစောင့်ရှောက်ရန် ကလေးမလေးတစ်ဦးကို ရှာဖွေပေးထားခဲ့ပြီး ထိုမိန်းကလေးက အလွန်သတိကာ တာဝန်ယူမှုလည်း ရှိသည်။ သူမ မျက်လုံးဖွင့်လိုက်တာနဲ့ သူမရှေ့မှာ အမြဲရှိနေတက်သည်။ ဒါပေမယ့် ကုယွင်ကတော့ သူမရှေ့မှာ အထူးသဖြင့် သူမ အိပ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေတာကို လုံးဝ အသားမကျနိုင် ဖြစ်နေသည်။
နောက်ဆုံးတော့ သူမက အဲ့ခလေးမလေးကို ဖယ်ထုတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာကြောင့် မြန်မြန်ဆန်ဆန် ပြန်မလာစေချင်သေးဘူး။ အခုတော့ ရေသောက်ချင်တယ်ဆိုရင်တောင် ကိုယ့်ကိုကိုယ်ပဲ အားကိုးရတော့မယ်။
နောက်ဆုံးတွင် ရေခွက်ကို ကိုင်မိသွားတာကြောင့် ကုယွင်၏ မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ပေါ်လာသည်။ ထိုကဲ့သို့သော သေးငယ်သော လှုပ်ရှားမှုကပင် သူမကို မောပန်းသွားစေပြီး သူမ၏နဖူးပေါ်မှ ချွေးများ ထွက်လာသော်လည်း သူမ အလွန် ပျော်ရွှင်နေဆဲ ဖြစ်သည်။ ကြွေပန်းကန်ထဲမှ ရေက ပြည့်နေသောကြောင့် ကုယွင်က ရေခွက်ကို သေချာ ဆွဲယူနေရသည်။ သူမ ရေယူရန် အောင်မြင်လုနီးပါးဖြစ်နေချိန်တွင် အခန်းတံခါးက ရုတ်တရက် ပွင့်လာသောကြောင့် ကုယွင်က တွန့်ခနဲ ဖြစ်သွားသည်။
ရောက်လာသူက တံခါးဘေးတွင် မတ်တပ်ရပ်နေပြီး သူက ငွေရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားသည်။ ဝတ်ရုံ၏လက်အနားစပတ်လည်နှင့် အရှေ့ပိုင်းတွင် ရွှေချည်ငွေချည်များနှင့် ပန်းထိုးထားသော တိမ်ပုံသဏ္ဍာန်များရှိနေကာ ခါးတွင် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားသည်။ ထိုအပြင် အနက်ရောင်ခြေနင်းကို စီးနင်းထားပြီး အနက်ရောင်ဆံပင်များကို ကျောက်စိမ်းသရဖူသုံးကာ ထုံးဖွဲ့ထားသည်။ သူက သိုသိုသိပ်သိပ် ပုံစံပေါ်နေသော်လည်း ကြော့ရှင်းနေပြန်သည်။ သူ့၏အထက်တန်းဆန်မှုနှင့် မြင့်မြတ်မှုတို့က လူအများကို သူ့ထံမှ အကြည့်မလွှဲစေနိုင်ရန် ဆွဲဆောင်နေသည်။ သို့သော်လည်း သူ့အနောက်ဘက်တွင်ရှိနေသော ပြတင်းပေါက်မှ နေရောင်က တောက်ပလွန်းနေတာကြောင့် သူ့မျက်နှာကို မှုန်ဝါးနေစေသည်။ စုလင်းလား? သူ့ကို ကြည့်ရတာ ကိုယ်အလေးချိန် အများကြီး ကျသွားပုံရတယ်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"