အပိုင်း ၁၀၄။ ပြန်လာပြီ
အမွှာမိစ္ဆာပြောသလိုပဲ အဲ့လူက တကိုယ်လုံး အနက်ရောင် ဝတ်ရုံ အုပ်ထားပြီး ထိတ်လန့်စရာကောင်းတဲ့ သူ့မျက်လုံတွေပဲ ဖော်ထားသည်။
အခုလောလောဆယ်၊ သူ့မျက်လုံးတွေက ဖုန့်ရှီပေါ် ရောက်နေ၏။ အဲ့ဒီ့ အနက်ရောင်ဝတ်ရုံဝတ်လူက ဖုန့်ရှီထက် အစွမ်းပိုထက်မှန်း သိသာလှသည်။ ဒါပေမဲ့ သူက သူ့ကျင့်ကြံဆင့် သိသွားကြမှာ စိုးတဲ့အလား သူ့စွမ်းအားကို ရည်ရွယ်ချက်ရှိရှိ ဖုံးထားကာ တကိုယ်လုံး ထူးဆန်းတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်ထား၏။
အမွှေးမဲ့ကြက်နဲ့ ကောင်းကင်ဖြိုဖျက်သားရဲက အနက်ရောင်ဝတ်ရုံဝတ်လူ ပေါ်လာတဲ့အချိန်မှာ ရုတ်တရက် ထွက်လာတဲ့ အနက်ရောင်လူကို စူးစူးရဲရဲ ကြည့်နေကြကာ ဖုန့်ရှီရဲ့ အရှေ့ အမြန် ရပ်လိုက်ကြသည်။ သူတို့ရဲ့ ခုခံမယ့် ကိုယ်ဟန်အနေအထားနဲ့ အလေးအနက်အကြည့်တို့အရ သူတို့ကိ အနက်ရောင်လူရဲ့ ကျင့်ကြံဆင့်ကို သိရှိပြီးသွားကြပုံ ရသည်။
လူကြီးက အံ့အားတသင့် အကြည့် ဖြစ်သွားရပြီး တွေးလိုက်သည်၊ 'သူတော်စင်နယ်ပယ်အဆင့် ရောက်နေတဲ့ မိစ္ဆာသားရဲနစ်ကောင်နဲ့ ကောင်လေးတစ်ယောက်၊ ဒါ ရင်ဆိုင်ဖို့ ခက်တာပဲ'
သူက ငရဲပြည်က မဟုတ်ချေ၊ သူနဲ့ သူ့အဖော်တွေက ငရဲပြည်ကို အခုမှ ရောက်လာကြတာလို့ ဖုန့်ရှီနဲ့ သူ့အဖော်တွေက အမွှာမိစ္ဆာဆီကနေ ကြားခဲ့ကြသည်။ တကယ်လို့ သူနဲ့ အမွှာမိစ္ဆာက လွန်ခဲ့တဲ့ တစ်နှစ်က ငရဲပြည်မှာ ပျံ့နှံ့နေတဲ့ ကောလဟာလကို ကြားဖူးခဲ့ကြမယ်ဆိုရင် ဖုန့်ရှီ ဘယ်သူဖြစ်မလဲဆိုတာ အနက်ရောင်လူ မှန်းဆမိမှာပင်။
ကံဆိုးတာက သူတို့ သုံးယောက်လုံးက ဖုန့်ရှီအကြောင်း ဘာမှ မသိကြ၊ အဲ့တာကြောင့် သူတို့ ကံဆိုးမိုးမှောင်သွားကြမှာဖြစ်သည်။
"ကောင်းပြီ၊ မင်းက ဒီလောက် အသက်ငယ်ငယ်နဲ့ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခြောက်ကို ရောက်နေပြီဆိုတော့ အတော် အရည်အချင်း ရှိပုံရတယ်။ ငါ အထင်ကြီးမိပါတယ်၊ ဒါပေမဲ့ အဲ့ဒီ့ ကျင့်ကြံမှုအခြေခံနဲ့တော့ မင်း ငါ့ကို ရှုံးနေမှာပဲ။ မင်း ဒီက အမြန်ထွက်သွားပြီး ငါ့အလုပ်တွေ ဝင်မရှုပ်နဲ့လို့ အကြံပြုပေးမယ်။" အနက်ရောင်လူက ဖုန့်ရှီရဲ့ ကျင့်ကြံဆင့်ကို တစ်ချက်ကြည့်ရုံနဲ့ သိသွားပုံပေါ်သည်။

YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...