အပိုင်း ၁၆၅။ သေခြင်း
ဖုန့်ရှီရဲ့ကိုယ်ခန္ဓာက ရုတ်တရက် တောင့်တင်းသွားတော့သည်။ သူ့မျက်လုံးတို့က အံ့အားတသင့်ဖြင့် ပြူးကျယ်နေကာ လှည့်လိုက်တဲ့အချိန်မှာတော့ သူတို့ဆီကို ဟိတ်နဲ့ဟန်နဲ့ အလောတကြီး လာနေကြတဲ့ လူတစ်အုပ်ကို တွေ့လိုက်ရ၏။
ရုတ်တရက် သူ့မျက်နှာက အလွန့်အလွန်ကို ဒေါသထွက်သွားတဲ့ဟန် ပြောင်းသွားပြီး ငရဲမင်းကြီးရဲ့ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ တုန်ရီစွာဖြင့် သွားကြိတ်လိုက်ပြီး၊ "ဘာလို့လဲ? ဘာလို့လဲ? ဘာလို့ နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာရတာလဲ? ငါ့ကို တမင်ကို ဆန့်ကျင်တာလား?"
သေစမ်း၊ သူ နိုင်ရမယ့်အခွင့်အရေး လက်လွှတ်လိုက်ရပြီ။
သူအော်လိုက်ပြီးနောက် သူ့ခေါင်းအထက်က ငရဲမင်းကြီးရဲ့ ရယ်လိုက်သံကို ကြားလိုက်ရ၏။ ဖုန့်ရှီ အလွန်ကို စိတ်ဆိုးသွားရကာ ငရဲမင်းကြီး၏လက်မောင်းကို ကိုက်လိုက်တော့ သူ့ဘေးနားကလူတွေအကုန် ကြောင်သွားကြတော့သည်။ သူတို့တွေက သူဘာလုပ်လိုက်မှန်း မသိသလိုမျိုး သူ့ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြ၏။
ဖုန့်ရှီက တကယ်ပြင်းပြင်းကြီးကိုက်လိုက်တာမဟုတ်သည့်အတွက် ငရဲမင်းကြီးက ဖုန့်ရှီရဲ့သွားကြောင့် နာကျင်မှုမခံစားရဘဲ အဲ့အစား ယားပဲ ယားသလို ခံစားလိုက်ရသည်။
အဲ့အချိန်မှာပဲ ရှန်းမားမိသားစုဝင်တွေက သူတို့ဆီ အပြေးရောက်လာကြပြီဖြစ်သည်။ သူတို့ထဲကတစ်ယောက်က စောနတုန်းက မားသနဲ့အတူ စားသောက်ဆိုင်ထဲမှာ ပြဿနာရှာတဲ့သူတွေထဲကတစ်ယောက် ဖြစ်သည်။ သူက ဖုန့်ရှီနှင့် ငရဲမင်းကြီးကို မှတ်မိလိုက်သည့်အတွက် သူတို့တွေ ထွက်သွားတာကို အဝေးကနေ လှမ်းမြင်လိုက်ရတော့ ဂူထောင်လို့ခေါ်တဲ့ လူလတ်ပိုင်းကို အလျင်အမြန် သတိပေးလိုက်၏။ လူလတ်ပိုင်းအမျိုးသားက တတိယသခင်လေးလို့ခေါ်ပြီး မားသရဲ့ ဦးလေးဖြစ်ကာ စိတ်တိုလွယ်၊ ဒေါထွက်လွယ်ရှိသူ၊ တခြားသူတွေနဲ့ တိုက်ဖို့ပဲ ရှာနေသူဖြစ်သည်။ ဒီတစ်ကြိမ်တော့ သူ့တူက ကျောက်စိမ်းပြာမိသားစုပိုင် စားသောက်ဆိုင်မှာ အနိုင်ကျင့်ခံလိုက်ရတာကိုကြားတော့ သူက အရံလူအနည်းငယ်နှင့်အတူ ဒီကို အပြေးလာခဲ့ခြင်းဖြစ်သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...