Please scroll down for Zawgyi
အပိုင်း ၆၈။ မင်းချင်းယွိရဲ့ ဆုံးဖြတ်ချက်
ဦးလေးဖြူရဲ့ ဝတ်ရုံ လေအေးထဲ တလွင့်လွင့်ဖြစ်နေသလို သူ့မျက်နှာပေါ်က ဘာကိုမှအရေးမစိုက်ဟန်အမူအယာက အခြားသူတွေကို ကြက်သီးထစေတယ်။
သူ့ဘေးက အလန့်တကြား အော်နေကြတဲ့ လူတွေကို လျစ်လျူရှုပြီး အဆောက်အအုံထိပ် ရပ်နေကြတဲ့ လူနှစ်ဦးကိုပဲ အကြည့်ပို့လိုက်တယ်။ မင်းချင်းယွိကို သူ တစ်ချက်ကြည့်လိုက်တော့ သူ့မျက်လုံးထဲက အမူအယာက သူ့ဘေးက လူတွေ ခိုက်ခိုက်တုန်သွားရလောက်တဲ့အထိ ပိုလို့တောင် အေးစက်သွားတယ်။
ကျင့်ကြံသူအများစုက ဦးလေးဖြူကို အံ့ဩတကြီး ငေးကြည့်နေကြရင်း ဒီအဘိုးကြီးက ဘယ်သူများပါလိမ့်ဆိုပြီး ခန့်မှန်းနေကြတယ်။
မင်းချင်းယွိနဲ့ နန်ကုန်းလီတို့ကတော့ ဦးလေးဖြူကို မှတ်မိသွားကြမှန်း သိသာတယ်၊ ဘာလို့လည်းဆိုတော့ သူတို့ ဦးလေးဖြူကို တွေ့လိုက်ရတာနဲ့ သူတို့မျက်နှာပေါ်က အမူအယာတွေက ချက်ချင်းကို ပြောင်းသွားကြလို့ပဲဖြစ်တယ်။ အဲ့နောက် သူတို့နှစ်ဦးလုံး အဆောက်အအုံအပေါ်ကနေ ဆင်းလာကြတယ်။
"ကြိုဆိုပါတယ်၊ ဦးလေးဖြူ။ ဘာကိစ္စနဲ့ ကြွရောက်လာတာပါလဲခင်မျာ?" နန်ကုန်းလီက ဦးလေးဖြူကို တလေးတစား အကြည့်တွေနဲ့ အနည်းငယ် ဦးညွှတ်လိုက်တယ်။ သူက အဲ့မေးခွန်းမေးလိုက်ပေမဲ့ ဦးလေးဖြူက အဲ့ကောင်လေးအတွက် လာတာဖြစ်ရမယ်ဆိုတာ သူ ပိုလို့တောင် သေချာနေတယ်။ ဒါတောင် နန်ကုန်းလီက သူ့မျက်နှာကို ထိန်းထားနိုင်ဆဲပင်။
"ငါ ဒီကို ငါသခင်လေးအတွက် မဲလာနှိုက်ပေးဖို့ လာတာပါ။ နန်ကုန်း၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။" ဦးလေးဖြူက အေးစက်ကြည်လင်တဲ့အသံနဲ့ ပြောလိုက်ပြီး မှုန်ဝါးနေတဲ့ သူ့မျက်လုံးတွေက အမှန်တော့ အဓိပ္ပါယ်တစ်မျိုးကို အချိန်နဲ့အမျှ အရိပ်အမြွက်ပြနေတာပဲဖြစ်တယ်။ သူက အောက်က အစိမ်းရောင် ငရဲသား အသင်းသား အနည်းငယ်တွေကို တစ်ချက်ကြည့်လိုက်တယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantastikစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...