အခန်း (၁၄) : အင်အား
ဝမ်ချင်းလင်က လတ်တလော ရထားသည့် အမြုတေအားလုံးကို စုပ်ယူပြီးနောက် စွမ်းအား တိုးတက်လာခဲ့သည်။
သူက ဆေးခန်းအပေါက်ဝတွင် ရပ်နေရင်း လမ်းမများ၊ အသစ်နှင့် တူနေသည့် အဆောက်အဦးများကို ကြည့်ကာ စိတ်အေးမိသွားသည်။ ဆေးခန်းကို အချက်အချာထား၍ ဘေးပတ်လည် လမ်းများကို ရှင်းလင်းပြီးသွားလေပြီ။
ပျက်စီးနေသော အဆောက်အဦးများကို အလုပ်ကြိုးစားသည့် ဇွန်ဘီယဉ်များဖြင့် ပြန်လည် ပြုပြင်ထားသည်။
စိမ်းလန်းစိုပြေသည့် ပန်းခင်းများကို ဖယ်ရှားကာ ဇွန်ဘီယဉ်များအတွက် အသီးအရွက် စိုက်ခင်းအဖြစ် ပြောင်းပစ်ခဲ့သည်။ သူတို့ စိုက်ပျိုးသည်ကား အသီးအရွက် မဟုတ်ဘဲ သွေးအနီမိုနီများသာ ဖြစ်၏။
ထိုသွေးအနီမိုနီများက အစေ့မှ ကြီးထွားလာခြင်း ဖြစ်ကာ ဇွန်ဘီယဉ်များက သန္ဓေပြောင်း တိရစ္ဆာန်များကို အမဲလိုက်၍ သွေးများဖြင့် သွန်းလောင်းပေးခဲ့ကြသည်။
သွေးအနီမိုနီများက အရွယ်ရောက်ရင့်မှည့်ဖို့ သစ်သားစွမ်းရည် မလိုအပ်ပေ။ သွေးလုံလုံလောက်လောက် ပေးပါက အလျှင်အမြန် ကြီးထွားနိုင်ကြ၏။
ဇွန်ဘီများအတွက် သွေးအနီမိုနီများက ထူးကဲသော နတ်သဒ္ဒါဖြစ်နေရှာသည်။
ဤနေရာကား အသိစိတ်ရှိသည့် ဇွန်ဘီများအတွက် နေစရာတစ်ခု ဖြစ်လာသည်။
စုတ်ပြတ်နေသည့် ခန္ဓာကိုယ်များနှင့် ဇွန်ဘီများက ခြေချခွင့် မပြုပေ။ သူတို့က ဒီနေရာ၏ အလှတရားကို ပျက်စီးစေလိမ့်မည်။ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ပြီး အသိစိတ်ရှိသည့် ဇွန်ဘီများကိုသာ နေခွင့်ပြုထား၏။
အဆုံး၌ သူတို့က စွန့်ပစ်ထားသည့် ယာဉ်များကို ပုံထားကာ စက်ဝိုင်းသဏ္ဌာန် ကာထားပြီး နယ်မြေ သတ်မှတ်ထားသည်။
ဝမ်ကျန်းက သွေးအနီမိုနီ လက်ဖက်ရည် သောက်ရင်း ဆေးခန်းမှ ထွက်လာကာ ကားအပုံလိုက်ကို ကြည့်ပြီးနောက် ခေါင်းတခါခါ ဖြစ်လာသည်။
“ ဇွန်ဘီယဉ်တွေ အရေအတွက်ကနည်းလွန်းတယ်။ တကယ်လို့ သူတို့သာ များများစားစားရှိရင် ဒီနေရာမှာ တံတိုင်းမြင့်မြင့် ဆောက်လို့ရမှာ … မင်း ပြောတော့ အပြင်အခြေစိုက်စခန်းတွေက မြေဓာတ်စွမ်းရည် ပိုင်ရှင်တွေနဲ့ ခိုင်ခံ့တဲ့ တံတိုင်းတွေ ဆောက်ကြတယ်ဆို … ငါတို့လည်း မြေဓာတ်စွမ်းရည်ပိုင်ရှင်တချို့ ဌားပြီး တံတိုင်းဆောက်ခိုင်းရအောင် ”
ဝမ်ချင်းလင်က သူ့အဖေ၏ တခြားဘက်အခြမ်းကို ရှာဖွေတွေ့ရှိသွားသည်။ သူ့ဖန်တီးနိုင်စွမ်းက အမှန်ပင် အကန့်အသတ်မရှိပေ။
“ မြို့တံတိုင်းကို ဘာလို့များ ရွံ့နဲ့ ဆောက်နေဦးမှာလဲ။ သစ်သားတံတိုင်းက ပိုမလှဘူးလား။ သစ်သားတံတိုင်းကလည်း ခိုင်ခံ့ပါတယ် ”
ထို့အပြင် ဤသည်က ဝမ်ချင်းလင်အတွက် သူ့အင်အား မည်မျှတိုးတက်လာကြောင်း စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်သည်။
ဝမ်ချင်းလင်က သူ့သစ်သားစွမ်းရည်ကို ထုတ်လိုက်သည်။ ညီညာနေသည့် မြေကြီးမှ ရုတ်ချည်း အက်ကွဲကာ သစ်သားမြို့တံတိုင်း လေးခုက ဝုန်းခနဲ ထွက်ပေါ်လာသည်။
မြို့တံတိုင်းက ဆယ်မီတာ အမြင့်ရှိပြီး အောက်ခြေ၌ နှစ်ဆယ်မီတာ ကျယ်ဝန်းကာ အပေါ်၌ ဆယ်မီတာကျယ်ဝန်းလေသည်။ အကြမ်းဖျင်းအားဖြင့် ပတ်လည် မီတာခုနှစ်ထောင်လောက်ရှိ၏။
သူ့စိတ်ထဲ ရှေးဟောင်းဒီဇိုင်းတစ်ခုကို တွေးမိသွားကာ ဝမ်ချင်းလင်က သစ်သားအချိုင့်လေးခု တည်ဆောက်လိုက်သည်။ တစ်ခုချင်းစီက အပိုကာကွယ်ရေးအတွက် ဖြစ်၏။ အကယ်၍ မြို့ထဲ ဝင်ရောက်လိုလျှင် သူတို့အနေနှင့် ထိုအရာကို အရင်ဖြတ်ကျော်လာရမည်။
မြို့တံတိုင်းကို ချောမွတ်ကာ ညီညာသည့် သစ်သားများဖြင့် ပြုလုပ်ထားပြီး အောက်ထဲ၌ လျို့ဝှက်ချက်များ ကိန်းအောင်းနေသည်။ ရှုပ်ထွေးကာ မာကြောသည့် သစ်မြစ်များက မြေကြီး၌ တွားသွားလှုပ်ရှားနေကြသည်။ ထိုအမြစ်များက အသက်ဝင်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ မြို့တံတိုင်းက သူ့ဘာသာ ကြီးထွားလာလိမ့်မည်။
နန်းချန်ရှိ ဇွန်ဘီယဉ်များက တအံ့တဩ ဖြစ်သွားကြပြီး အားပေးသံများ ထွက်လာလေသည်။ ဇွန်ဘီများက သူတို့အကြောသေ မျက်နှာအထက် ဝမ်းသာမှုကို မဖော်ပြနိုင်သော်လည်း စိတ်ထဲ၌ တိတ်တဆိတ် ပျော်ရွင်နေကြသေးသည်။
သူတို့စိတ်နေစိတ်ထားက ပို၍ ပွင့်လင်းလာကြသည်။
ဇွန်ဘီမြို့၌ နောက်ဆုံးတွင် သူတို့အတွက် အိမ်လေး ရှိသွားလေပြီ။
ဝမ်ချင်းလင်၏ အဖေက ကြောင်အမ်းအမ်း ဖြစ်ကာ သူ့လက်ထဲမှ ခွက်ပင် လွတ်ကျမတတ် ဖြစ်သွားရှာသည်။ ခဏအကြာတွင် သူက ပြောလိုက်၏ “ဒါမှငါ့သား ”
ဝမ်ချင်းလင်က ကြီးကြီးမားမား ပြောင်းလဲသွားပြီးနောက် သူ့သစ်သားစွမ်းရည်ကို အပြည့်အဝ အသုံးမပြုဖြစ်တော့ပေ။ သူ့စွမ်းရည်က ပင်လယ်ကြီးနှင့် တူပြီး ဘယ်တော့မှ ကုန်ခမ်းမသွားပေ။
ဝမ်ချင်းလင် တည်ဆောက်ထားသော မြို့တံတိုင်းက ဇွန်ဘီယဉ်များ ပြုလုပ်ထားသည့် ကားအပုံကြီးထက် အများကြီး ကြီးလေသည်။
ယခု ဇွန်ဘီများက သန့်ရှင်းရေး၌သာ အာရုံစိုက်ထားကြသည်။ ဤသည်က နောင်အနာဂတ်၌ သူတို့အိမ် ဖြစ်လာမည် ဖြစ်၏။ ထို့ကြောင့် ကောင်းမွန်စွာ နေထိုင်နိုင်ရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးရမည်။
ဇွန်ဘီယဉ်များက ဝမ်ချင်းလင်ဆီ ကျေးဇူးလာတင်ကြရင်း လက်ဆောင်တွေ ပေးသွားကြသည်။ ဝမ်ချင်းလင်က လက်ထုံလာအောင်အထိ ဝက်ခြေထောက်များကို လက်ခံလိုက်ရ၏။
ဖုန်းထုံထုံကလည်း အပြေးအလွှား ရောက်လာကာ ဝမ်ချင်းလင် ခြေထောက်ကို ဖက်ထားရင်း မော့ကြည့်လိုက်ပြီး “ကိုကိုကြီး သမီး သွေးအနီမိုနီ မျိုးစေ့ဝယ်ချင်တယ် ”
ဝမ်ချင်းလင်က သူမခေါင်းလေးကို အသာထိကာ ပြောလိုက်သည် “ဦးလေးလို့ ခေါ်ရမှာ မဟုတ်ဘူးလား ”
ဖုန်းထုံထုံက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ “ကိုကိုကြီးက ဦးလေးအရွယ်နဲ့ မတူပါဘူး ”
ဝမ်ချင်းလင် “ ထုံထုံက ငါ့ကို ကိုကိုကြီး ခေါ်ပြီးတော့ ငါ့မိဘတွေကျ အဖိုးအဖွားခေါ်တာလေ။ မျိုးဆက်တစ်ခု ကျော်သွားသလို ဖြစ်မနေဘူးလား ”
ကျန်းလန်က သွေးအနီမိုနီမျိုးစေ့ တစ်အိတ်ဖြင့် ထွက်လာကာ “မင်းက လူသားတောင် မဟုတ်တော့ဘဲနဲ့ ဒါတွေကို ဂရုစိုက်နေသေးတယ်လား။ ဒါက စားလို့ ရလို့လား”
ဝမ်ချင်းလင် “ … ”
သူမ စကားများက အကျိုးအကြောင်းသင့်လှသည်။ သို့သော်လည်း လူသားတစ်ယောက် မဟုတ်ခြင်းက လူသားစံနမူနာများကို ရပ်တန့်ပစ်လို့ရသည်ဟု မဆိုလိုပေ။
“ဖွားဖွား ကျေးဇူးပါရှင့်”
ဖုန်းထုံထုံက ဇွန်ဘီအမြုတေ ဆယ်ခု ထုတ်ပေးလိုက်ပြီးနောက် သွေးအနီမိုနီမျိုးစေ့အိတ်လေးကိုင်ကာ ပျော်ပျော်ရွင်ရွင် ပြေးသွားတော့သည်။
ဇွန်ဘီယဉ်တိုင်းက သွေးအနီမိုနီအကူအညီဖြင့် ပုံစံပြောင်းကာ ကျန်းလန်၏ စီမံခန့်ခွဲမှုအောက် ရောက်လာသည်။
လူ ၁၁၉ ယောက်က ဇွန်ဘီယဉ်အဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲပြီးလေပြီ။
ဇွန်ဘီယဉ်များက ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြ၏။ အကယ်၍ သူတို့ သောင်းကြမ်းလျှင် ဇွန်ဘီများက ပြစ်ဒဏ်မရှိ တန်းအသတ်ခံရမည် ဖြစ်သည်။
ဤသည်မှာ သူတို့ နန်းချန်မှ ထွက်သွားပြီးနောက် တခြားသူများကို ထိခိုက်အောင် လုပ်ခြင်းမှ ကာကွယ်ဖို့အတွက်နှင့် ဇွန်ဘီယဉ် အခြေစိုက်စခန်းအတွက် ကပ်ဘေး ဖြစ်မလာစေအောင် ဖြစ်သည်။
ပထမစည်းမျဉ်းကို အနီရောင်ဖြင့် ထင်းနေအောင် ရေးထားသည်။
“လူသားမစားရ၊ လူသားမစားရ။ လူသားမစားရ ”
ဤသို့သော် အရေးကြီးသည့် ကိစ္စကို အကြိမ်သုံးဆယ်ပြောလျှင်ပင် မများပေ။
အကယ်၍ ဇွန်ဘီယဉ်များက လူသားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရလျှင် ပြန်လည် တိုက်ခိုက်ခွင့်ရှိပြီး သတ်ပစ်နိုင်သည်။ သို့သော်လည်း သူတို့ကိုတော့ မစားဖို့ တားမြစ်ထားသည်။
အခြေစိုက်စခန်းက လူသားစားသည့် ဇွန်ဘီအား နေခွင့်မပေးပေ။
ဇွန်ဘီယဉ်များက တစ်ခါက သေဖူးသည့် လူများဖြစ်ပြီး သူတို့ခက်ခက်ခဲခဲရထားသည့် ဘဝကို တန်ဖိုးထားကြလေသည်။ သူတို့၏ အကြီးမားဆုံး ဆုတောင်းက ကပ်ဘေးအတွင်း ကောင်းကောင်း အသက်ရှင်ရန် ဖြစ်၏။
ဇွန်ဘီယဉ် အခြေစိုက်စခန်းကို အထပ်မြင့် အဆောက်အဦးများ၏ အလယ်တွင် တည်ဆောက်ထားပြီး အဝေးမှ အလွယ်တကူ မမြင်နိုင်ပေ။
ယခု အခြေစိုက်စခန်း တည်ထောင်ပြီးပြီဖြစ်၍ နန်းချန်ရှိ ဇွန်ဘီများက နေရာမရှိတော့ဘဲ မြို့အပြင်၌သာ သွားလာနေရသည်။
ယခင် နန်းချန်မြို့အတွင်းသာ မြင်ရသည့် ဇွန်ဘီအရေအတွက်များစွာက ယခုအခါ မြို့စွန်သို့ ရောက်လာကြလေပြီ။
ထို့အပြင် သိပ်မကြာသေးခင်က နန်းချန်ရှိ ဇွန်ဘီများသည် ရှင်ကျန်သူများကို လိုက်ဖမ်းဖို့ အုပ်လိုက်ပေါ်လာကြ၏။ ရလဒ်အနေနှင့် ရှင်ကျန်သူများက ကြောက်ရွံ့ကာ နန်းချန်ထဲ မဝင်ရဲကြတော့ပေ။
နန်းချန်ရှိ အန္တရာယ်နှင့် ဆန်းကြယ်မှုက လူများစွာ၏ စိတ်ထဲ ပို၍ အမြစ်တွယ်လာသည်။
နန်းချန်အနီးရှိ အခြေစိုက်စခန်း ဖျက်စီးခံရပြီးပြီ ဖြစ်၍ နန်းချန်က မည်မျှ အန္တရာယ်ကြီးကြောင်း သတင်းကြားသည့်အခါ တခြားနေရာမှ ရှင်ကျန်သူများက ရိက္ခာရှာရန် နန်းချန်ဆီ မလာရဲကြတော့ဘဲ အခြားသုံးနေရာသာ ရွေးချယ်ကြသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်