အခန်း (၃၃)
ဤတစ်ခေါက် သွေးအလောင်းကောင်နှင့် တိုက်ပွဲက လုံးဝကို စုတ်ပြတ်သတ်သွားသည်။
သွေးအလောင်းကောင်က လင်းချန်အခြေစိုက်စခန်းဆီ ဇွန်ဘီအုပ်ကို ခေါ်ဆောင်လာစဉ် ဝမ်ချင်းလင်က ကြားကနေ ဝင်ဖြတ်တိုက်ခဲ့သည်။ ထို့ကြောင့် ဝမ်ချင်းလင်ကို “လူသားတွေနဲ့ ရင်းနှီးသူ” ဟု အမည်တပ်ခံခဲ့ရသည်။
ဝမ်ချင်းလင်က ထိုအကြောင်းကို အစက ဂရုမစိုက်သော်လည်း နောက်ပိုင်းကျ သူ့ကို ဇွန်ဘီစည်းမျဉ်းများအကြောင်း သင်ပေးချင်သည့် ဇွန်ဘီ ပေါ်လာလေသည်။
လူသားဖြစ်စေ၊ ဇွန်ဘီဖြစ်စေ တစ်ခုသာ ရွေးချယ်လို့ ရမည်။
ဝမ်ချင်းလင် “ … ”
ဝမ်ချင်းလင် - ငါက မင်းအဖေဖြစ်ဖို့ ရွေးတယ်
လင်းချန်မြို့က ကြီးမားလှသည်။ ဝမ်ချင်းလင် ဖြစ်စေ၊ သွေးအလောင်းကောင် ဖြစ်စေ သူတို့က တစ်ဖက်တည်း၌သာ နေနိုင်ကြသည်။ အလယ်နေရာသို့ ခြေမခြရဲကြပေ။ သူတို့က ထိုနေရာရှိ တည်ရှိမှုကို သွားရန်မစရဲကြပေ။ ထိုနေရာ၌ ဆင့်ကဲသက်ရှိ မည်မျှရှိနေမည်ကို မည်သူမှ မသိနိုင်ပေ။
ဝမ်ချင်းလင်က ပြန်ရောက်လာသည့်အခါ ဇွန်ဘီအုပ်ကိုပါ နန်းချန်ဆီ ပြန်ခေါ်လာခဲ့သည်။ ဤသည်က သူနှင့် သွေးအလောင်းကောင်ကြား နောက်ထပ် ပဋိပက္ခဖြစ်ပွားနှုန်း တိုးလာစေသည့် နောက်အကြောင်းအရင်းတစ်ခု ဖြစ်၏။ သွေးအလာင်းကောင်က စစ်သားဇွန်ဘီများနှင့် ဇွန်ဘီများကို ဆုံးရှုံးလိုက်ရသည်။ ဇွန်ဘီများလက်ထဲရှိ လက်နက်များကလည်း ယခုအခါ ဝမ်ချင်းလင် လက်ထဲ တစ်ဝက်ကျော်လောက် ရောက်နေလေပြီ။
ဒုတိယနေ့ရက်၌ ဝမ်ချင်းလင်က နန်းချန်ရှိ ဇွန်ဘီ အရေအတွက် လျော့ပါးသွားသည်ကို ခံစားမိလိုက်သည်။ သူက နန်းချန်မှ ဇွန်ဘီများ ထွက်လာအောင် ဆွဲဆောင်ခံနေရကြောင်း တွေးလိုက်မိသည်။
အကယ်၍ တုံချန်ဖြစ်နေလျှင် သူက သွေးအလောင်းကောင်နှင့် ရန်ငြိုးရှိနေသောကြောင့် သိပ်အံ့ဩမိမည် မဟုတ်ပေ။ သို့သော်လည်း ရှီချန်တွင် ဖြစ်နေလေ၏။
ရှီချန်မှာ ခေါင်းဆောင် ပေါ်လာပြီလား … အရင်က တစ်ခါမှ မကြားခဲ့ဖူးပေ။
ဝမ်ချင်းလင်က သူ လုလာသည့် စစ်သားဇွန်ဘီများကို ကာကွယ်ပေးနိုင်ဖို့ မြို့အပြင်ဘက်၌ နောက်ထပ် သစ်သားတံတိုင်းတစ်ခု ထပ်မံ တည်ဆောက်လိုက်သည်။ အပြင်ပိုင်း မြို့တံတိုင်းက ဆယ်မီတာ မြင့်မားပြီး အတွင်းတံတိုင်းက ၁၅ မီတာအထိ ရှိနေလေပြီ။
ဝမ်ချင်းလင်က သွေးအလောင်းကောင်လို လုပ်နိုင်သည်။ သူတို့က အသိစိတ် ရဖို့ မလိုပေ။ သို့သော် သူက ရုပ်သေးရုပ် မဟုတ်ဘဲ လူများသာ လိုချင်လေသည်။
ဝမ်ချင်းလင်က သူ့စိတ်စွမ်းအားဖြင့် သူတို့စိတ်ကို နေ့တိုင်း သန့်စင်ပေး၏။ သူက ဇွန်ဘီယဉ် စိတ်လိုလက်ရ ဖြစ်လိုသည့် စစ်သားတစ်ယောက် လိုအပ်သည်။ သူက အတင်းကျပ် ဖိအားမပေးလိုပေ။ အကယ်၍ သူ ဆန္ဒရှိလျှင် သူတို့ အသိစိတ်နှင့် ခန္ဓာကိုယ် ပြန်ကောင်းလာအောင် ကူညီပေးမည်။ အကယ်၍ သူတို့ မလုပ်ချင်ရင်လည်း လျှောက်သွားနေဖို့သာ ခွင့်ပြုပေးထားနိုင်မည်။
သွေးအလောင်းကောင်က လျှင်မြန်စွာ အားကောင်းလာသည်။ ဝမ်ချင်းလင်ပင် လျစ်လျူရှုမထားနိုင်ပေ။ သွေးအလောင်းကောင်က လူသားများစားကာ ဆင့်ကဲတိုးတက်လာပြီး ဝမ်ချင်းလင်က အမြုတေများ စုပ်ယူကာ အားကောင်းလာသည်။ ဝမ်ချင်းလင်အနေနှင့် သူက သွေးအလောင်းကောင်ထက် ပိုအဆင့်မြင့်ကြောင်း ခံစားမိ၏။ သူက အမြုတေများစွာကို တစ်ခါတည်း စုပ်ယူနိုင်သော်လည်း သွေးအလောင်းကောင်က လူအများကြီး တစ်ခါတည်း မစားနိုင်ပေ။
ပြောရမှာရှက်ဖို့ကောင်းပေမဲ့ သူ့သွေးကြောင့် ဖြစ်တည်လာသည့်အရာက သူ့ကို ပြန်ခြိမ်းခြောက်နေလေ၏။ ဝမ်ချင်းလင် သေဆုံးသွားလျှင်ပင် သူက အသက်ရှိနေဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် သူက အားပိုကောင်းလာဖို့ အမြုတေမြောက်များစွာ လိုအပ်နေသည်။
သူက သွေးအလောင်းကောင်နှင့် ရင်ဆိုင်ကာ ဘယ်သူက အဖေလဲ ပြသရမည်။
ဝမ်ချင်းလင်က ရှီချန်ဆီ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက တုံချန်နှင့် ခွာပြဲထားသော်လည်း ရှီချန်အထိ ပြဿနာ မရှာလိုပေ။ အားလုံးက အိမ်နီးချင်းကောင်းတွေ မဟုတ်ပါလော။
နေ့တိုင်း သတ်ဖြတ်နေရသည့်အကြောင်း တွေးကြည့်ပါလေ။ ဇွန်ဘီ ဖြစ်နေလျှင်ပင် ဇွန်ဘီ၏ အိပ်မက်၊ အလှတရားနှင့် မိသားစု၊ တည်တည်ငြိမ်ငြိမ် ဘဝတို့က မကောင်းဘဲ နေပါ့မလား။
ဝမ်ချင်းလင်က လင်းချန်မြို့၌ အဆိုးရွားဆုံး ဇွန်ဘီ ဖြစ်မလာလိုပေ။ သူက ကောင်းကောင်းမွန်မွန်သာ နေချင်မိ၏။
ထို့ကြောင့် မိသားစုတွင်း အစည်းအဝေးထိုင်သည့်အခါ ကျန်းလန်က “ ငါက ဒီလိုကိစ္စတွေနဲ့ ပိုကျွမ်းဝင်တယ်။ ငါပါ လိုက်ခဲ့မယ် ”
ဝမ်ချင်းလင်က ရှီချန်ဆီ သွားရောက်မည့် ခရီးစဉ်၌ သူ့အမေပါ ပါလာခဲ့သည်။ အမေပါမှတော့ အဖေပါ ပါလာခဲ့၏။
တစ်ယောက်ယောက်ဆီ ဦးဆုံးသွားတွေ့လျှင် ယဉ်ကျေးသမှု ရှိရပေမည်။ ထို့ကြောင့် လက်ဆောင်ယူသွားခဲ့၏။
ဝမ်ချင်းလင်က သန္ဓေပြောင်း တိရစ္ဆာန်နှစ်ကောင်ကို လက်ဆောင်အနေနှင့် ယူသွားပြီး ရှီချန်အထိ မောင်းသွားလိုက်သည်။ နှစ်ရက်အတွင်း ရှီချန်က ပြောင်းလဲသွားခဲ့၏။ နေရာအနှံ့ ဇွန်ဘီများစွာရှိနေပြီး ယခင် ဝမ်ချင်းလင်တစ်ယောက် စစ်သားဇွန်ဘီ လာရှာစဉ်အခါထက် များစွာ အသက်ဝင်နေသည်။ ရှီချန်ရှိ ဇွန်ဘီများ၏ စိတ်အနေအထားအရ ခေါင်းဆောင် ရှိကိုရှိရမည်။
ဝမ်ချင်းလင်က ကားကို ရှီချန်လမ်းမအထက် ရပ်ထားလိုက်ပြီး ဇွန်ဘီအော်သံ ထုတ်လွှင့်လိုက်သည်။ သိပ်မကြာခင် ဇွန်ဘီနှစ်ကောင်က သူ့အား တုံ့ပြန်လာသည်။
ခေါင်းဆောင် ပေါ်လာလေရာ ဘာကြောင့်များ အော်သံထွက်လာမည်နည်း။
ဝမ်ချင်းလင်က ထပ်အော်လိုက်ပြီး ခေါင်းဆောင်အား ထွက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်သည်။ ထို့နောက် အဆောက်အဦးကြားမှ ပိန်ပါးပါး ပုံရိပ်လေးနှစ်ခု ထွက်လာပြီး ဝမ်ချင်းလင်တို့ မိသားစုနှင့် မနီးမဝေးနေရာတွင် ပေါ်လာသည်။
မိန်းကလေးနှစ်ယောက် ဖြစ်၏။ သူတို့အမြင့်နှင့် လက်ရှိ သွင်ပြင်အရ အမွှာဖြစ်လောက်သည်။ သူတို့က ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်မျှသာ ရှိသေးပြီး လှလှပပ ဝတ်ထားကာ ဆံပင်ကို မြောက်စီးထားပုံပေါ်သည်။ သို့သော် ယခု အဝတ်အစားမျာက စုတ်ပြဲကာ သွေးများ ပေစွန်းနေသောကြောင့် အရောင်မှန်ပင် မမြင်ရတော့ဘဲ ဆံပင်များကလည်း ရှုပ်ပွနေပြီး ကျွတ်ထားသောကြောင့် ခေါင်းပြောင်ပြောင်ကွက်ကျားကိုလည်း မြင်နေရသည်။ အလှတရားဟူ၍ မရှိတော့ပေ။
အဆင့်၆ ဆင့်ကဲသက်ရှိအနေနှင့် သူတို့ခန္ဓာကိုယ်များနှင့် အရည်ပြားများက မပုတ်မသိုးရှိနေဆဲ ဖြစ်ပြီး ဆိုးဆိုးရွားရွား အခြေအနေအထိ ပုတ်သိုးမသွားသေးပေ။
ဝမ်ချင်းလင်က သူတို့ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက ခေါင်းဆောင်အဆင့် ဖြစ်၏။
မိန်းကလေးနှစ်ယောက်လုံးက တစ်ယောက်ပြီး တစ်ယောက် ဟိန်းဟောက်လိုက်ကြပြီး ပါးစပ်က သွေးနက်များဖြင့် ပြည့်နှက်နေသည်။ သူတို့က လူများစွာ စားထားမှန်း သိသာလှ၏။
ဝမ်ချင်းလင်က မေးခွန်းတချို့ မေးဖို့ ပြင်လိုက်သည်။
ခေါင်းဆောင်အဆင့် တစ်ယောက်က ပြဿနာရှုပ်နေပြီ ဖြစ်ရာ နှစ်ယောက် တစ်ပြိုင်နက် ပေါ်လာလိမ့်မည်ဟု မထင်ထားပေ။
ခေါင်းဆောင်အဆင့်က အသိစိတ်အချို့ ရှိသော်လည်း အများစုက ဇွန်ဘီဗီဇသာ လွှမ်းမိုးနေတတ်သည်။ လူများကို စားခြင်းက ထိပ်တန်း ဦးစားပေး ဖြစ်၏။ လူများကို စားမှ ဗိုက်ပြည့်ရုံသာမက အားပိုကောင်းလာပြီး ဆင့်ကဲတိုးတက်လာပေမည်။
ညီအစ်မနှစ်ယောက်က ဆင့်ကဲတိုးတက်မှု ပြောင်းလဲပြီးပြီ ဖြစ်ပြီး အခုမှ ဖြစ်လာသည့် ခေါင်းဆောင်အဆင့်မျိုး မဟုတ််ပေ။ သူတို့က လင်းချန်မြို့လယ်တွင် အမြဲရှိနေခဲ့ပြီး ရှင်သန်ဖို့ ဆက်တိုက် သတ်ဖြတ်လာပြီးနောက် မြို့အလယ်မှ ထွက်ကာ အနောက်ပိုင်းသို့ ရောက်လာကြခြင်း ဖြစ်သည်။
အကယ်၍ ခေါင်းဆောင်အဆင့် တစ်ယောက်မျှသာ ဖြစ်နေလျှင် လင်းချန်ရှိ လေးပုံတစ်ပုံသော ဇွန်ဘီတို့ကို ဦးဆောင်ဖို့ ခက်ခဲလှမည် ဖြစ်သော်လည်း ယခု အမွှာနှစ်ယောက် ဖြစ်နေသည့်အတွက် ဦးနှောက်လှိုင်းများက ထပ်တူကျပြီး စွမ်းအား ပိုကြီးလာကာ ရှီချန်ရှိ ဇွန်ဘီအားလုံးကို ထိန်းချုပ်နိုင်သွားသည်။
ဝမ်ချင်းလင်က လက်ဆောင်များကို ပစ်ပေးလိုက်ပြီး “ မင်းတို့က လူသားပဲ စားတာ သိပေမဲ့ သန္ဓေပြောင်း တိရစ္ဆာန်တွေကလည်း အရသာရှိပါတယ်။ မင်း စားကြည့်ရင် သိလိမ့်မယ်။ အရမ်းအရသာရှိတယ်။ ချက်စားရင် ပိုတောင်ကောင်းသေးတယ် ”
ဝမ်ချင်းလင် ပြန်ရလိုက်သည်က ဇွန်ဘီနှစ်ကောင်၏ အော်သံသာ ဖြစ်သည်။
ခေါင်းဆောင်နှစ်ယောက်က မယဉ်မကျေးဖြင့် ထိုသို့သော အစားအစာကို စိတ်မဝင်စားသည့်အလား အကြည့်တစ်ချက်ပင် စွန့်ကျဲမလာပေ။
ကျန်းလန်က အကြံပေးလိုက်သည် “ကောင်မလေးတို့ … လူသားက အရသာရှိပေမဲ့ များများစားရင် ဝိတ်တက်လာလိမ့်မယ်။ မင်းတို့က ကိုယ်ဟန်အနေအထားကို မထိန်းသိမ်းကြဘူးလား။ ကြည့်ပါဦး မင်းတို့ အဝတ်အစားတွေက ညစ်ပတ်ပြီးတော့ မျက်နှာနဲ့ ဆံပင်တွေကလည်း ကောင်းကောင်းတောင် မမြင်ရတော့ဘူး”
“ဝေါင်း” ညီအစ်မနှစ်ယောက်က ဒေါသတကြီး ပြန်တုံ့ပြန်လိုက်သည်။
ကျန်းလန်က ခေါင်းဆောင်အဆင့် ဖိအားကြောင့် ဒူးကွေးညွှတ်သွားသည်။ သူက အဆင့် ၃ ဆင့်ကဲသက်ရှိ အင်အားမျိုး ရှိသော်လည်း ဆင့်ကဲသက်ရှိ ခန္ဓာ မရှိချေ။
သူမသာ မကပေ။ သူတို့ဇွန်ဘီယဉ်များလည်း ဒီလိုမျိုးသာ ဖြစ်သည်။ သူတို့က မပြီးပြတ်သေးသည့် ထုတ်ကုန်မျိုး ဖြစ်ကာ ဆင့်ကဲသက်ရှိ အင်အားမျိုး ရှိသော်လည်း ဇွန်ဘီဗီဇ မရှိသောကြောင့် သူတို့က အတုအယောင်လိုမျိုး သာမာန်ဇွန်ဘီများကိုပင် မဟန့်တားနိုင်ပေ။
ဇွန်ဘီတု၊ လူသားတု …
ဝမ်ချင်းလင်က ပြန်အော်လိုက်သည် “ ဘယ်သူ့ကို လာအော်နေတာလဲ။ မင်းတို့က အစကတည်းက ရုပ်ဆိုးနေတာကို ရုပ်ဆိုးတယ်မှ ဝန်မခံတာ”
ညီအစ်မနှစ်ယောက်က ဝမ်ချင်းလင်ကို သတ်ချင်လုနီးပါးအထိ ဒေါသထွက်လာသည်။
ဇွန်ဘီများပင် မိန်းကလေးများဖြစ်နေသည့်အခါ အသိစိတ်တပိုင်း ရထားသောကြောင့် သူတို့အရိုးထဲအထိ စွဲနေသော အလှအပမက်မှု ရှိနေသေးသည်။ ရုပ်ဆိုးသည်ဟု ပြောမည်ကို လုံးဝ သည်းမခံနိုင်ပေ။
ကျန်းလန်က သူမ ပြန်အော်ရင်လည်း အသုံးမဝင်ကြောင်း သိထားလေသည်။ မဟုတ်ပါက နှစ်ပြန်အော်လိုက်ပေဦးမည်။
ကျန်းလန်က အကောင်းဆုံးကြိုးစားပြီး ဒေါသကို ထိန်းထားကာ “ကောင်မလေးတို့ … မင်းတို့က ရုပ်ဆိုးပုံပေါ်နေပေမဲ့ ဒီအန်တီက မင်းတို့ကို မကြိုက်တာ မဟုတ်ပါဘူး။ ငါတို့မိသားစုက နန်းချန်မှာ ဆေးခန်း ဖွင့်ထားတယ်။ ငါတို့ဆေးခန်းကို လာတာနဲ့ မိန်းမလှလေးအသွင် ပြောင်းပေးနိုင်တယ်။ ဘယ်လိုလဲ သဘောကျရဲ့လား ”
ကျန်းလန်က သူမဘာသာ လှည့်ပြလိုက်ရင်း “မြင်တယ်မလား။ သန့်ရှင်းသပ်ရပ်ပြီးတော့ လှပနေတာ။ ဒီအန်တီရဲ့ ဆံပင်နက်နက်တွေကို ကြည့်လိုက်ပါဦး။ ပြီးတော့ ဖြူဆွတ်တောက်ပြောင်နေတဲ့ အသားအရည်၊ လှပကြော့ရှင်းတဲ့ ပုံရိပ်တွေကို အားမကျဘူးလား။ မင်းတို့သာ ငါ့သားနဲ့ အချိန်ဖြုန်းနေသရွေ့ သေချာပေါက် လှလာမှာ ”
ဝမ်ချင်းလင် “ … ”
ဝမ်ကျန်း “ … ”
ညီအစ်မနှစ်ယောက်လည်း သူတို့ဘာသာ ကြည့်လိုက် ကျန်းလန်ကို ကြည့်လိုက်နှင့် နှိုင်းယှဉ်ကြည့်နေမိသည်။
ဝမ်ချင်းလင်၏ အကြည့်တို့က တောက်ပလာကာ သူ့မိခင်၏ အကြံကို နားလည်သွားသည်။ သူက သာမန်ဇွန်ဘီများကိုသာ ကုသပေးခဲ့ပြီး ဆင့်ကဲသက်ရှိကို မကုဖူးပေ။ အကယ်၍ သူသာ ဤနှစ်ယောက်အား အရူးလုပ်နိုင်ပြီး ကုသမှုအောင်မြင်သွားပါက ကိစ္စအကြီးကြီး ဖြစ်သွားလိမ့်မည်။
ကျန်းလန်က ရှေ့တိုးလာကာ “ဟေး ငါ့သားက မင်းတို့ကို လှပအောင် လုပ်ပေးနိုင်တယ်။ မယုံရင် ငါတို့စခန်းမှာ မင်းတို့အရွယ်လောက် ကောင်မလေးတွေရှိတယ်။ ငါနဲ့အတူတူ လိုက်ကြည့်ချင်လား”
ညီအစ်မနှစ်ယောက်က ထိုကိစ္စကို အသည်းအသန် တွေးနေကြသည်။ ထို့နောက် ထိုနှစ်ယောက်က အော်ကာ ဆွေးနွေးနေကြ၏။
ဝမ်ချင်းလင်က သူ့အမေအား လက်မထောင်ပြမိလိုက်သည်။
ကျန်းလန်ကလည်း ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကော့ မေးမော့ထားလိုက်သည်။
အဆုံးသတ်ရလဒ်မှာ ညီအစ်မနှစ်ယောက်က သူတို့နှင့်အတူတူ ပြန်လိုက်ကာ မိန်းမလှလေးများကို အရင်ကြည့်ချင်လာကြသည်။
ဝမ်ချင်းလင်တို့ မိသားစုလည်း နန်းချန်သို့ ပြန်မောင်းလာလိုက်၏။ ညီအစ်မနှစ်ယောက်လည်း အတူတူ လိုက်ပါလာသည်။
မြို့တံတိုင်းကို စောင့်ကြပ်နေသည့် ဇွန်ဘီယဉ်များက မူးဝေသွားသလို ခံစားလိုက်ရသည်။ သူတို့က မြို့အရှင်သည် ရှီချန်ရှိ အိမ်နီးချင်း ခေါင်းဆောင်နှင့် မိတ်ဖွဲ့ရန် သွားရောက်မှန်း သိထားသော်လည်း ခေါင်းဆောင်ကို ခေါ်ကာ ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားကြပေ။
ထို့အပြင် တစ်ပြိုင်နက် နှစ်ယောက် ဖြစ်နေသေး၏။
ခေါင်းဆောင် ဖိအားက ဇွန်ဘီယဉ်များအပေါ် သက်ရောက်မှု ရှိလေသည်။
သူတို့က မျိုးရိုးဗီဇအရ ဇွန်ဘီများဖြစ်နေဆဲ ဖြစ်ပြီး အဆင့်မြင့် ဇွန်ဘီများကို အလိုလိုကြောက်စိတ် ရှိနေကြသေးသည်။
ဝမ်ချင်းလင်က မြို့ထဲ ခေါ်လာပြီးနောက် ကျန်းလန်က အားလုံးကို မိတ်ဆက်ပေးလိုက်သည် “ငါတို့ စခန်းကို ကြည့်ပါဦး။ သန့်ရှင်းမနေဘူးလား။ ငါတို့ဇွန်ဘီတွေက သေသပ်တယ်မလား။ ငါတို့ဘဝကြီးက အဆင်ပြေမနေဘူးလား ”
ဝမ်ချင်းလင်က စိတ်စွမ်းအားလွှတ်ကာ အမျိုးသမီး ဇွန်ဘီများကို ဆင့်ခေါ်လိုက်သည်။ သူတို့အားလုံးက လှလှပပ ဝတ်ဆင်ထားကြ၏။
သူတို့က လှလှပပ သေသေသပ်သပ် ဖြစ်နေသည်ကို မြင်ပြီး ညီအစ်မနှစ်ယောက်က အားကျလာကာ ဝမ်ချင်းလင်အား ဟိန်းဟောက်လိုက်သည်။
ကျန်းလန်က လက်ခုပ်တီးလိုက်သည်။
စီးပွားရေး ဖြစ်မြောက်သွားလေပြီ။
ဝမ်ချင်းလင်က သူတို့ကို ဆေးခန်းထဲ ခေါ်သွားပြီး သွေးအနီမိုနီကြီးနှစ်ခုကို ပေးလိုက်သည် “ စားပြီးရင် လှသွားလိမ့်မယ်”
ဝမ်ချင်းလင်က ခေါင်းဆောင်နှစ်ယောက်ကို ထိန်းဖို့ သွေးက နည်းလွန်းနေမည်ကို စိတ်ပူမိသောကြောင့် သူ့ကိုယ်ပိုင်သွေးနှင့် စိုက်ပျိုးထားပြီး တိရစ္ဆာန်သွေးဖြင့် ပြုစုထားသည့် သွေးအနီမိုနီနှစ်ခုကို ထုတ်ပေးလိုက်ခြင်း ဖြစ်သည် “ဒါက အရမ်းဈေးကြီးတယ်။ မင်းတို့ အမြုတေ တစ်ထောင်လောက် ကုန်ကျလိမ့်မယ် ”
ညီအစ်မနှစ်ယောက်က လှလာမည်ဆိုပါက အမြုတေတစ်ထောင်က ဘာမှမဟုတ်ကြောင်း စိတ်ထဲ တွက်ထားကြသည်။
ဝမ်ချင်းလင်က သူတို့စားပြီးသည့်အထိ စောင့်ဆိုင်းလိုက်သည်။ ထို့နောက် အသားအသစ်များ ထပ်မံထွက်လာပြီး မီးခိုးရောင်ဆံပင်များလည်း ပြန်လည် နက်မှောင်ပျော့ပျောင်းလာသည်။ ဆံပင်များလည်း ပြန်ပေါက်လာသည်။ သိပ်မကြာခင် မိန်းမလှလေးနှစ်ယောက် အသွင်ပေါ်လာလေ၏။
ကျန်းလန်က စကတ်လှလှလေးကို ပြင်ဆင်ထားကာ “ မိန်းမလှလေးတို့ လာလာ ရေချိုးပြီးတော့ စကတ်အသစ်လေး လဲဝတ်လိုက် ”
ကျန်းလန်က သူတို့ကို ရေချိုးဖို့ ခေါ်သွားပေးပြီး အဝတ်လဲပေးလိုက်သည်။ သူတို့ ပြန်ထွက်လာသည့်အခါ လုံးဝ ပြောင်းလဲသွားလေပြီ။
ထိုညီအစ်မနှစ်ယောက်က အမှန်တကယ် ကြည့်ကောင်းလှသည်။ သူတို့အား ရုပ်ဆိုးဟု ခေါ်ခြင်းအား သည်းမခံနိုင်သည်မှာ အံ့ဩစရာ မရှိချေ။
ဝမ်ချင်းလင်က သူတို့အား လေ့လာလိုက်သည်။ သူတို့က ခေါင်းဆောင်အဆင့် ဖြစ်ပြီး သာမန်ဇွန်ဘီ မဟုတ်ချေ။ သူက သွေးအနီမိုနီ စားလိုက်ပြီးနောက် ဘာဆက်ဖြစ်လာမည်ကို သိချင်နေမိသည်။
မျက်နှာသေ အမူအယာဖြင့် မိန်းမလှလေးနှစ်ယောက်က စကားပြောနိုင်စွမ်း ပြန်ရလာကြသည်။
ကောင်းတယ် … မျက်နှာကြောသေနေတာဆိုတော့ သွေးသက်ရောက်မှုရှိတယ်ဆိုတဲ့ သဘောပဲ
“ ကျွန်မက အစ်မကြီး ထျန်းထျန်း။ သူက အငယ်လေးပါ။ မြို့အရှင်ဝမ်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ အခကြေးငွေကိုလည်း နောက်ပိုင်းကျ ပို့ခိုင်းလိုက်ပါ့မယ် ”
ညီအစ်မနှစ်ယောက်က စကားပြောပြီးပြီးချင်း ထွက်သွားတော့မည့် ပုံစံကို မြင်လိုက်ရသောကြောင့် ဝမ်ချင်းလင်က “ဒီမှာ မနေချင်ဘူးလား ”
အစ်မကြီးဖြစ်သူက “ဂူတစ်ဂူထဲ ကျားနှစ်ကောင် မအောင်းဘူး ”
ဝမ်ချင်းလင် “ … ”
သူတို့သွင်ပြင်နှင့် ဦးနှောက်ကို ကုသပေးလိုက်သော်လည်း သွေးသက်ရောက်မှု မရှိတာလား
မဟုတ်သေးဘူး … သက်ရောက်မှု မရှိတာတော့ မဟုတ်သေးဘူး။ သူတို့က အနည်းဆုံး မျက်နှာကြောသေသွားပြီ။ ပြီးတော့ ဝမ်ချင်းလင်အပေါ် ရန်လိုတာမျိုး မရှိတော့ဘူး
ညီအစ်မနှစ်ယောက် ထွက်မသွားခင် ဝမ်ချင်းလင်အား သတိပေးလိုက်သည် “ဗိုလ်ချုပ်က ဆင့်ကဲပုံံစံ ပြီးမြောက်တော့မယ်။ သစ္စာဖောက်တွေကို သုတ်သင်ပစ်လိမ့်မယ်။ ရှင် လူသားတွေနဲ့ ဝေးဝေးနေပြီးတော့ ဂရုစိုက်တာ ကောင်းလိမ့်မယ်။ လူသားတွေက အစားအစာပဲ။ ကျွန်မတို့ မျိုးနွယ် မဟုတ်ဘူး ”
ကမ္ဘာ့ပျက်ကပ်၌ နှစ်နှစ်တာ ရှင်သန်ခဲ့ရသောကြောင့် သူ ကြားထားသမျှ အဆင့်မြင့်ဆုံး ဆင့်ကဲသက်ရှိက အဆင့် ၇ မွန်းစတားကြီး ဖြစ်၏။ ဝမ်ချင်းလင်က ဗိုလ်ချုပ်သည် မည်သည့်အဆင့်ရှိကြောင်း မသိသေးသော်လည်း လင်းချန်မြို့လယ်တွင် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မည်မှန်း ခံစားချက်ရနေသည်။
“ဗိုလ်ချုပ်က ဘာလဲ ”
ညီအစ်မက “ ဗိုလ်ချုပ်က ဆင့်ကဲသက်ရှိအားလုံးကို ဦးဆောင်နိုင်တယ်။ မဟုတ်ရင် လင်းချန်မြို့ ဆင့်ကဲသက်ရှိတွေအားလုံးက မြို့လယ်မှာ ဘာကြောင့်စုနေတယ် ထင်လဲ။ ဗိုလ်ချုပ်ရဲ့ ဆင့်ကဲပြောင်းလဲမှုက ကျွန်မတို့ထက် ပိုပြည့်စုံပြီးတော့ အားကောင်းတယ်။ သူက လင်းချန်တစ်မြို့လုံးကို အုပ်စိုးလိမ့်မယ်”
ဝမ်ချင်းလင် “ … ”
လင်းချန်မြို့ရဲ့ တကယ့်ဘော့စ်အစစ် ပေါ်လာတော့မည်။
ဗိုလ်ချုပ်က ခေါင်းဆောင်နှင့် turret ထက် အဆင့်ပိုမြင့်ကြောင်း သံသယပင် မရှိချေ။ ပြောရလျှင် အဆင့် ၈ ပင် ဖြစ်နေနိုင်သည်။
ဝမ်ချင်းလင်က အဆင့် ၈ ဆင့်ကဲသက်ရှိ ရှိလား သေချာမသိထားသော်လည်း သူက ဇွန်ဘီများ၏ ဖိအားကို မခံစားရလေရာ သူကသာ တခြားဇွန်ဘီများကို ဖိနှိပ်ထားခဲ့ခြင်း ဖြစ်၏။
ဝမ်ချင်းလင်အနေနှင့် သူက အခြားဇွန်ဘီများနှင့် ကွဲပြားနေကြောင်း ကောင်းကောင်း သိလေသည်။ ထို့ကြောင့် ထိုဗိုလ်ချုပ်နှင့် တွေ့ရဖို့ မျှော်လင့်နေမိ၏။
ညီအစ်မနှစ်ယောက် ထွက်သွားသည့်အခါ သူတို့က နန်းချန်ကနေ ဇွန်ဘီများကို မခေါ်တော့ကြောင်း ကတိပေးခဲ့သည်။ သူတို့ မောင်ငယ်လေးများ လိုအပ်လာသည့်အခါ တခြားနေရာမှ ရှာလိမ့်မည်။
ဝမ်ချင်းလင်က သူတို့အား ပြသဖို့ စိတ်အားထက်သန်နေလေ၏။ သူတို့ကို တခြားနေရာသွားမရှာဘဲ တုံချန်သွားရှာရုံသာ ဖြစ်သည်။ ထိုနေရာ၌ ဇွန်ဘီများစွာနှင့် လက်နက်ကောင်းများစွာလည်း ရှိလေသည်။
ဘယ်လောက်တောင် ကောင်းလိုက်လဲ …
ညီအစ်မနှစ်ယောက်က စိတ်ရှိသော်လည်း အခြေအနေတော့ မပေးပေ။ မြို့အနောက်ပိုင်းနှင့် မြို့အရှေ့ပိုင်းကို မြို့လယ်ခေါင်နှင့် ပိုင်းခြားထားသောကြောင့် မြို့မှ အသက်ရှင်လျက်ထွက်လာနိုင်ဖို့ လိုအပ်သေး၏။
သူတို့က အနောက်ပိုင်း၌သာ နာနာခံခံ နေလိုသည်။
………………..
ရှောင်ဟန်က လင်းချန်အခြေစိုက်စခန်း ကိစ္စများကို ဖြေရှင်းပြီးနောက် နန်းချန်ဆီ ရောက်လာသည်။ သူက တစ်ယောက်တည်း ရောက်လာလေသည်။ သူက ဝမ်ချင်းလင်သည် တခြားသူများ ပါလာမည်ကို သဘောမကျကြောင်း သိနေ၏။
ခေါင်းဖြတ်မည့် အစီအစဉ်မတိုင်ခင် သူက နန်းချန်ဆီ လာခဲ့သော်လည်း ထုံးစံအတိုင်း ဝင်ခွင့်မရခဲ့ချေ။ ဝမ်ချင်းလင်က သူတို့ကို နန်းချန်ထဲ နောက်တစ်ခါ ဝင်ရောက်ခွင့်မပြုကြောင်း ပြောခဲ့၏။ ဤတစ်ကြိမ် ဝမ်ချင်းလင်ကိုယ်တိုင် ရှောင်ဟန်အား နည်းပြအဖြစ် ငှားရမ်းထားလေရာ ငြင်းဆန်မည် မဟုတ်တော့ချေ။
ရှောင်ဟန် ကားဝင်ရောက်လာသည်နှင့် နန်းချန်ရှိ ဇွန်ဘီများက အလိုလို လမ်းဖယ်ပေးကြသည်။
သို့သော်လည်း ရက်ပိုင်းအတွင်း အခြေစိုက်စခန်းက များစွာ ပြောင်းလဲသွားလေသည်။ မြို့ထဲဝင်ဖို့ မြို့တံတိုင်းနှစ်ခုကို ဖြတ်ကျော်ရ၏။ ဝမ်ချင်းလင်၏ သစ်သားစွမ်းရည်မှာ မည်မျှအားကောင်းကြောင်း ပြသနေသည်။
ဝမ်ချန်ရှိ လူများက အပြင်ဘက်တံတိုင်းကို ဖွင့်လှစ်ပေးလိုက်သည့်အခါ ရှောင်ဟန်က မြို့အပြင်ဘက်ပိုင်းမှာ ဗလာကျင်းနေပြီး စစ်တပ်ဝတ်စုံများနှင့် စစ်သားတချို့နှင့် ဇွန်ဘီတချို့သာ ရှိကြောင်း မြင်လိုက်ရသည်။ သူတို့အားလုံးက သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြပြီး လျှောက်သွားနေကြသည်။
ရှောင်ဟန်က ကားအရှိန်ကို လျော့လိုက်သည့်အခါ ဇွန်ဘီများစွာ မြင်လိုက်ရပြီး သူ့မျက်မှောင်ကြုတ်မိသွားသည်။
ကားက ဝမ်ချန်မြို့အတွင်း မောင်းလာပြီး အတွင်းဂိတ်တံခါးကို ဖြတ်ကျော်ကာ ဝမ်ချန်းလင် ဆေးခန်းသို့ ရောက်လာသည်။
မြို့အတွင်းပိုင်းလည်း များစွာ ပြောင်းလဲသွားသည်။ ယခင်ထက် အဆများစွာ ပိုလာပြီး လူများစွာရှိလာသည်။ လူများက သွားချည်လာချည်ဖြင့် အသက်ဝင်လျက်ရှိသည်။
ဝမ်ချင်းလင်က ဆေးခန်းတံခါးဝ၌ သူ့အား စောင့်ဆိုင်းနေသည်။ ရှောင်ဟန်က ကားမှ ထွက်လာပြီး သူ့အား ခြုံငုံကြည့်လိုက်ကာ “ ထိခိုက်သွားသေးလား ”
ဝမ်ချင်းလင် “သူက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး ”
ရှောင်ဟန်က ချီးကျုးလိုက်သည် “မင်းက တကယ်အားကောင်းတာပဲ ”
ဝမ်ချင်းလင်က ခေါင်းလေးစောင်းကာ “ ကျေးဇူးပါလို့ ပြောရမှာလား ”
ရှောင်ဟန် “ မင်း ကျေးဇူးတင်ရအောင် ပြောတာ မဟုတ်ပါဘူး”
ဝမ်ချင်းလင် “အဲဆို ဘာအဓိပ္ပါယ်လဲ ”
ရှောင်ဟန်က ရပ်လိုက်ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည် “ မင်းက အားကောင်းလာပေမဲ့ လူသားတွေအပေါ် မသုံးဖို့ မျှော်လင့်မိရုံပါ ”
ဝမ်ချင်းလင်က သူ့အား ကြည့်လိုက်ကာ “ ပြောင်းပြန်တွေ ပြောနေတာပဲ။ လူသားတွေကသာ လာအင်အားမပြဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင် ငါ ပြန်တိုက်ရလိမ့်မယ်”
တခြားနည်းဖြင့်ဆိုရလျှင် လူသားများသာ ငြိမ်းငြိမ်းချမ်းချမ်း နေလိုလျှင် သူလည်း ငြိမ်းချမ်းနေမည် ဖြစ်၏။ လူသားတွေက သူ့ကို ရန်လာစရင်တော့ စစ်ပွဲ ဖြစ်သွားနိုင်သည်။
ဝမ်ချင်းလင်က ရှေ့မှ ဦးဆောင်ခေါ်သွားလိုက်သည်။ ရှောင်ဟန်က တိတ်တဆိတ်နေရင်း နောက်မှ လိုက်လာ၏။
ဝမ်ချင်းလင် “ငါ့လူတွေက ကျည်ဆံအရွယ်အစားတောင် မပြောနိုင်ကြဘူး။ သေနတ်သံထွက်လာရင်လည်း ဘာဖြစ်လို့ ဘာဖြစ်မှန်း မသိကြဘူး။ ဒီလိုကျောင်းသားတွေက ကယ်တင်လို့ ရသေးလား။ နည်းပြရှောင် သူတို့ကို သေချာသင်ပေးရမယ်နော်”
ရှောင်ဟန်က ခပ်တည်တည် မျက်နှာထားဖြင့် “ သေနတ်ပစ်ခတ်တာ ဘာလို့ သင်ယူဖို့ တွေးလိုက်တာလဲ ”
ဝမ်ချင်းလင် “ ပုတ်သိုးနေတဲ့ ဇွန်ဘီတွေတောင် သေနတ်ပစ်တတ်နေတာလေ။ ငါတို့က ဘာမှမသိရင် အရှက်ရသလို ဖြစ်မသွားဘူးလား ”
ရှောင်ဟန် “ … ”
အဲဆို သေနတ်မပစ်တတ်တဲ့သူတိုင်း အရှက်မရှိသလို ဖြစ်နေမှာပေါ့ …
မူလအသက်ဝင်နေသည့် စခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ရှောင်ဟန်က ဝမ်ချင်းလင်နောက်မှ လိုက်လာသည့်အခါ စခန်းရှိ အားလုံးက ကွင်းပြင်တွင် ညီညီညွှတ်ညွှတ် တန်းစီနေသည်ကို မြင်လိုက်ရသည်။
ရှောင်ဟန် “ … ”
အစက စခန်းတွင် လူတစ်ရာ၊ နှစ်ရာမျှသာ ရှိပြီး သေနတ်ပစ်ခတ်မှုအား သင်ယူချင်လောက်မည့်လူ မများလောက်ဟု ထင်ခဲ့မိသည်။ ရှောင်ဟန်က ယခု ပြင်းပြင်းထန်ထန် အံ့ဩသွားမိ၏။
ကွင်းပြင်ရှိ လူအုပ်ကြီးကို ကြည့်လိုက်ပါဦး … များပြားလွန်းမနေဘူးလား
အရွယ်အစုံပါဝင်ပြီး ခြောက်နှစ်အရွယ် ဖုန်းထုံထုံမှစ၍ ၇၀ အရွယ် လူအိုကြီးအထိ အကုန်ပါဝင်သည်။
သူတို့က သေနတ်သယ်နိုင်တာရော သေချာရဲ့လား …
ဖုန်းထုံထုံက သေနတ်နဲ့ အမြင့်တူ ဖြစ်မနေဘူးလား …
လူအိုကြီးက ပြန်ကန်အားကြောင့် အရိုးတွေ ကျိုးကုန်မှာ မပူဘူးလား …
ရှောင်ဟန်က အများကြီး ပြောချင်သော်လည်း ဝမ်ချင်းလင်၏ သဘာဝကျကျ အမူအယာကို မြင်လိုက်ပြီးနောက် ဘာမှမပြောနိုင်တော့ပေ။
ရှောင်ဟန်က ခက်ခက်ခဲခဲ ပြောလိုက်သည် “ ဒီလောက်အများကြီးက အကုန်သင်ချင်ကြတာလား ”
ဝမ်ချင်းလင်က ခေါင်းညိတ်ကာ “အကုန်လုံးပဲ ”
ရှောင်ဟန်က ထပ်မေးလိုက်သည် “ သေနတ်ရော အကုန်ရှိကြလား ”
“ဟုတ် ” အားလုံးက သေနတ်မြောက်ပြလိုက်ကြသည်။ ဖုန်းထုံထုံပင် သေနတ်ကိုင်ဆောင်ထားပြီး အဖွဲ့အတိုင်း လိုက်ဖြေလိုက်သည်။
ရှောင်ဟန် “ … ”
ရှောင်ဟန်က ဝမ်ချင်းလင်အား ကြည့်လိုက်ကာ “ ဒီလောက်သေနတ်တွေအများကြီး ဘယ်ကနေ ရလာတာလဲ”
ဝမ်ချင်းလင် “လုလာတာ။ သွေးအလောင်းကောင်ဆီမှာ လက်နက်တွေအများကြီး ရှိတယ်လေ။ ”
ဤအရာများသာ ထုတ်ပြရခြင်း ဖြစ်ပြီး ထုတ်မပြရသေးဘဲ သိမ်းထားသည့်အရာများလည်း ရှိနေသေးသည်။
ရှောင်ဟန်က တိတ်ဆိတ်သွားတော့သည်။ ဤသည်မှာ လက်နက်တိုက်လိုက် လုယက်လာခြင်း ဖြစ်ပေမည်။
ရှောင်ဟန်က ပြောလိုက်သည် “ တခြားသုံးယောက်ပါ ထပ်ခေါ်ရမယ်။ ငါတစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူး ”
ဝမ်ချင်းလင် “ မဟုတ်ဘူး။ တစ်ယောက်တည်း လုပ်နိုင်ပါတယ် ”
ရှောင်ဟန် “ အဲဆို အသုတ်ခွဲသင်ရမလား။ သူတို့အားလုံးဆိုရင် စကားတစ်လုံးပြောရင် ငါဘာမှကြားရမှာ မဟုတ်ဘူး ”
ဝမ်ချင်းလင်က ထူးထူးဆန်းဆန်း ပြောလိုက်သည် “ငါတို့ကို လင်းချန်အခြေစိုက်စခန်းလို ဆင်းရဲတယ်များ ထင်နေလား ”
ဝမ်ချင်းလင်က လက်ဟန်ပြလိုက်သည့်အခါ တစ်ယောက်က စပီကာအကြီးကြီးကို သယ်လာသည်။ ထို့နောက် သူက ရှောင်ဟန်ရှေ့ ချပေးလိုက်၏။ ထို့အပြင် မိုက်နှင့် အသံချဲ့စက်ပါ ပါသေး၏။
ရှောင်ဟန်က ဘာမှပြောစရာ မရှိတော့ပေ။
ဝမ်ချင်းလင် “ စိတ်မပူပါနဲ့။ ငါတို့အသံချဲ့စက်တွေက အရမ်းကောင်းတယ်။ ပြီးတော့ ငါတို့လူတွေက အမြင်ကောင်းတယ်။ သူတို့ မမြင်ရမှာ မပူနဲ့။ အခု စလို့ရပြီ ”
ရှောင်ဟန် “ … ”
ရှောင်ဟန်က နာနာခံခံ စီစဉ်ပေးလိုက်ရသည်။ သူက စင်မြင့်ပေါ်သွားကာ သေနတ်များအကြောင်း သရုပ်ပြလိုက်သည်။ ထို့နောက် အဆင့်တစ်ခုချင်းစီ ရှင်းပြလိုက်၏။ သူက သီအိုရီသဘောတရားများကို အရင်သင်ပေးပြီးနောက် နောက်ပိုင်းလက်တွေ့ပိုင်းပါ သင်ကြားပေးခဲ့သည်။
ဝမ်ချင်းလင်က ဘေးတွင်ရပ်ကာ ကြည့်နေသည်။
ရှောင်ဟန်က လက်နက်များအကြောင်း သင်ကြားပြသရာ၌ အတွေ့အကြုံများလှသည်။ အဆင့်တစ်ခုချင်းစီကို အစီအစဉ်တကျ ရှင်းပြသွားသည်။ သူက သေနတ်များ၏ အစိတ်အပိုင်းများအား ကျွမ်းကျင်စွာ တပ်ဆင်ပြသခဲ့သည်။
သေနတ်အစိတ်အပိုင်းများအကြောင်း ပြောပြပြီးနောက် ကျည်ဆံအမျိုးအစား ခွဲရမည့်အကြောင်း မေးခွန်းအလှည့် ရောက်လာသည်။
ရှောင်ဟန်က ကျည်ဆံသေတ္တာများကို မြင်လိုက်ရသည့်အခါ တည်တည်ငြိမ်ငြိမ်သာ ရင်ဆိုင်လိုက်သည်။
ဝမ်ချင်းလင် ပြောသည်က မှန်နေလေသည်။ ဤစခန်းက လင်းချန်အခြေစိုက်စခန်းထက် ပိုသာလေ၏။ ဤကျည်ဆံများနှင့် လက်နက်များကို ကြည့်ခြင်းဖြင့် လင်းချန်အခြေစိုက်စခန်းက ယှဉ်နိုင်မည် မဟုတ်ချေ။
နေ့လည်စာကို ဝမ်ချင်းလင် အိမ်၌ ဖြေရှင်းလိုက်ကြသည်။ ကျန်းလန်၏ လက်ရာက အတော်လေး ကောင်း၏။ သူမက ရှောင်ဟန်ကို မြင်သည့်အခါ အရင်ကလိုမျိုး စိတ်လှုပ်ရှားမနေတော့ပေ။ သူမက ရှောင်ဟန်ကို အတော်လေး သဘောကျသည့်အပြင် သူက စခန်း၏ နည်းပြလည်း ဖြစ်နေသည့်အတွက် များစွာသိပြီး အားကောင်းလှသည်။
နေ့လယ်စာက ပေါများလှသည်။ သင်တန်းသားများကလည်း ပစ္စည်းကောင်းများ ပို့ပေးကြ၏။ သူတို့က မကုန်နိုင်သည့်အတွက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ဖြည်းဖြည်းချင်း စားနေရသည်။
ရှောင်ဟန်က သင်တန်းသားများ၏ စိတ်ဓာတ်တက်ကြွမှုကို ခံစားမိလိုက်၏။ သူတို့က မျက်နှာကြောသေနေကြသော်လည်း သူတို့စိတ်နှလုံးသားများကို ခံစားမိသည်။ အထူးသဖြင့် ကျန်းလန်ကို ဖြစ်၏။ သူမအကြည့်များက ဘလင်းဘလင်း ဖြစ်နေပြီး တူဖြင့် ဟင်းများ ထပ်ထည့်ပေးနေသည်။
“အပြင်မှာနေရတာ လွယ်မှာ မဟုတ်ဘူး။ ဒီကို လာစားရတာ ရှားတယ်။ များများစားနော် ”
ဒီလို ချွေးမ အိမ်လာလည်တဲ့ပုံစံမျိုး စိတ်ဓာတ်တက်ကြွနေတာ ဘာကြီးလဲ
ရှောင်ဟန်က ဝမ်ချင်းလင်ကို တစ်ချက်ကြည့်လိုက်သည်။
ဝမ်ချင်းလင်က တူများကို မသုံးဘဲ သန္ဓေပြောင်း သိုးသားကို ညှပ်ဖြင့် ဖဲ့လိုက်ရင်း ရှောင်ဟန် ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
“များများစား မဟုတ်ရင် သေနတ်ပစ်လေ့ကျင့်တဲ့အခါ သင်တန်းသားတွေကို အမီလိုက်နိုင်မှာ မဟုတ်ဘူး ”
ရှောင်ဟန် “ … ”
သူ့အား အတင်းရောကာရော ဧည့်ဝတ်ကျေနေသည့် အကြောင်းအရင်းက သင်တန်းသားတွေအတွက်လား
ကောင်းပြီလေ … ငါလည်း ဒီစခန်းမှာ ဒီလောက်ထိုက်တန်ပါတယ်
ရှောင်ဟန်က ဝမ်ချင်းလင်သည် ဟင်းခွက်များကို ညှပ်ဖြင့်သာ သုံးပြီး သူတို့ရှေ့ရှိ သီးသန့်ပန်းကန်ပြားထဲ ထည့်ကာ ဖြည်းဖြည်းချင်း စားကြောင်း တွေ့ရှိခဲ့ရသည်။
ဝမ်ကျန်းနှင့် ကျန်းလန်တို့သည်လည်း ထို့နည်းတူစွာ ဖြစ်၏။
သူ ဝမ်ချင်းလင်တို့အိမ် ပထမဆုံး လာစားစဉ်အခါကတည်းက သူတို့မိသားစုသည် သူတို့ကိုယ်ပိုင်တူများဖြင့် ဟင်းခွက်များကို မနှိုက်ကြောင်း သတိထားမိခဲ့သည်။ သူတို့က ပန်းကန်တစ်ခုချင်းစီအတွက် တူသီးသန့် ထည့်ထားလေ့ရှိသည်။ သူတို့ကိုယ်ပိုင်တူများကို စားဖို့သာ အသုံးပြု၏။
ထိုစဉ် ရှောင်ဟန်က ဝမ်ချင်းလင် မိသားစုသည် အတော်လေး ထူးခြားကြောင်း ခံစားမိလိုက်သည်။ ဧည့်သည်အနေနှင့် သူလည်း ဟင်းသီးဟင်းရွက်များကို ကျေးလက်ဒေသ ဓလေ့အနေနှင့် ဒီလို စားသုံးကြောင်း မှတ်ယူခဲ့၏။
ယခု အမှန်တရားက သူ တွေးထားသလို ဟုတ်ပုံမပေါ်ပေ။
နေ့လယ်ခင်း၌ သူက သင်တန်းသားများကို ခေါ်ကာ သေနတ်လေ့ကျင့်ရေး ဆင်းခဲ့သည်။ နောက်ဆုံးတွင် သူက ဝမ်ချင်းလင်၏ စကားအဓိပ္ပါယ်ကို တိတိကျကျ သိခဲ့ရလေပြီ။ တစ်ယောက်ချင်းစီက အမြန်အဆန် ခုန်နိုင်ပြီး တစ်ခါခုန်လျှင် ဆယ်မီတာလောက်အထိ သွားနိုင်ကြသည်။ ရှောင်ဟန်က သူတို့နောက်ကနေ ပြေးလိုက်နေရ၏။
သူတို့ သေနတ်လေ့ကျင့်ရေး ထွက်သည့်အခါ အားလုံး တစ်ပြိုင်နက် မထွက်လာပေ။ အသုတ်ခွဲထား၏။ ဝမ်ချင်းလင် ရွေးချယ်ထားသော လေ့ကျင့်ရေးကွင်းမှာ တုံချန် ဖြစ်ပြီး စိတ်ကြိုက်သတ်နိုင်လေသည်။
ရှောင်ဟန် “ … ”
ရှောင်ဟန်က သူတို့နောက်မှ လိုက်လာသည်။ သူတို့က ဇွန်ဘီအပြည့်ဖြစ်နေသည့် လင်းချန်အား ဖြတ်သွားလေသည်။ မည်သည့်ဇွန်ဘီကမှ သူတို့ကို မတိုက်ခိုက်ကြပေ။ အကယ်၍ သူတို့ကို မြင်လျှင် အရင်ဦးစွာ ရှောင်သွားကြ၏။
ရှောင်ဟန်က သူတို့ကို လေ့လာနေပြီး များများမြင်လာလေလေ ပို၍ အံ့ဩလာလေလေ ဖြစ်သည်။
သေနတ်ဖြင့် သေဆုံးသွားသော ဇွန်ဘီများ၏ အမြုတေက ဝမ်ချင်းလင် အပိုင်သာ ဖြစ်သည်။
အပြန်လမ်း၌ အဆင့် ၃ ဆင့်ကဲသက်ရှိ မုဆိုးနှင့် တွေ့လိုက်ရသည်။ ထိုအကောင်က ပိန်ပါးပြီး လျှင်မြန်ဖျတ်လတ်လှသည်။ သူက အားလုံးကို လျစ်လျူရှုထားပြီး ရှောင်ဟန်နောက်သာ လိုက်နေသည်။
ရှောင်ဟန် “ … ”
လူအုပ်ကြားကနေ သူ့ကိုမှ ရွေးပြီး အမဲလိုက်ခံရအောင် သူက ဘယ်လောက်တောင် ဆိုးရွာနေတာလဲ
စခန်းမှ လူများက ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ မြန်မြန်ဆန်ဆန် တုံ့ပြန်ကြပြီး အဆင့် ၃ ဆင့်ကဲသက်ရှိအား ဝိုင်းရိုက်ပစ်ကြသည်။
အဆင့် ၃ ဆင့်ကဲသက်ရှိ “ … ”
ဒီမျိုးတူတွေက မျက်လုံးကန်းနေကြတာလား …
သားကောင်ကို မသတ်ဘဲနဲ့ ငါ့ကို ဝိုင်းရိုက်နေကြတာတဲ့လား
အဆင့် ၃ ဆင့်ကဲသက်ရှိက ထွက်ပြေးသွားသည့်အခါမှ လူအုပ်စုလည်း မြို့ထဲ အေးအေးဆေးဆေး ပြန်လာကြသည်။ လမ်းပေါ်တွင် ဇွန်ဘီကိုပင် မတွေ့ရဘဲ စခန်းသို့ ဘေးကင်းကင်း ပြန်ရောက်လာကြသည်။
စခန်း၏ နည်းပြတစ်ယောက်အနေနှင့် ရှောင်ဟန်က မြို့အတွင်း၌ နေဖို့ အရည်အချင်း ပြည့်မှီသွားလေပြီ။ သူက ဝမ်ချင်းလင် အိမ်နား၌ နေလေ၏။ ရှောင်ဟန် နေဖို့ ဗီလာလွတ်တစ်လုံး ရှိနေသည်။
စခန်း၏ ညဘက်အခြေအနေမှာ တိတ်ဆိတ်လွန်းလှသည်။ လူများက မီးဖွင့်လျက် အိမ်ထဲတွင်သာ နေနေကြပြီး တချို့က တစ်ယောက်တည်း၊ တစ်ချို့က မိသားစုလိုက် ညစာစားနေကြသည်။ ကမ္ဘာကြီးနှင့် သီးသန့်ဖြစ်တည်နေသည့်အလား သူတို့က အနှောင့်အယှက်မရှိ အေးအေးလူလူ ဘဝကို ခံစားနေကြသည်။
နန်းချန်တွင် တတိယနေ့မြောက် ၌ လင်းချန် အခြေစိုက်စခန်းက ရယ်စရာ စစ်ဆေးရေးတစ်ခု တွေးမိပြီး နန်ချန်ဆီ ရောက်လာကာ ဝမ်ချင်းလင်အား လာရှာကြသည်။
သူတို့က နန်းချန်ထဲ မဝင်နိုင်ကြဘဲ အပြင်ဘက်မှသာ ကျယ်ကျယ်လောင်လောင် အော်နေကြသည်။ ဤသည်မှာ နန်းချန်သို့ ရောက်ဖူးသည့်လူများ သင်ပေးလိုက်ခြင်း ဖြစ်၏။
သူတို့က ဝမ်ချင်းလင်သည် သူတို့ကို မကြားမည်စိုး၍ စပီကာများ သယ်ဆောင်လာလေသည်။
ဝမ်ချင်းလင်က သင်ခန်းစာနားထောင်နေရင်း အပြင်ဘက်မှ လူများကြောင့် အာရုံပျက်သွားရသည်။
ဝမ်ချင်းလင် “ ဆက်လုပ်ပါ … ငါ တစ်ချက်သွားကြည့်လိုက်ဦးမယ် ”
ရှောင်ဟန်က သူ ထွက်သွားသည့်ဘက်ကို ကြည့်လိုက်ပြီးနောက် သင်တန်းသားများကို ကိုယ့်ဘာသာ လေ့ကျင့်ဖို့ မှာခဲ့ပြီး သူလည်း လိုက်လာလိုက်သည်။
ဝမ်ချင်းလင်က နန်းချန်အစွန်း၌ ပေါ်လာသည်။ သူက ကွန်တိန်နာတစ်ခုပေါ် ရပ်ကာ လူအုပ်ကြီးအား ကြည့်လိုက်သည်။
အပြင်လူများ နန်းချန်ထဲ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းအား ကာကွယ်တားဆီးဖို့ ဝမ်ချင်းလင်က ဇွန်ဘီများအား စွန့်ပစ်ကားများအား နန်းချန်အပြင်နား စုပုံခိုင်းထားကာ ကားသင်္ချိုုင်းသဖွယ် ပြုလုပ်ထားသောကြောင့် ပင်မလမ်းမမှသာ နန်းချန်သို့ ဝင်ရောက်နိုင်သည်။ သို့သော် ထိုလမ်းမအထက် ဇွန်ဘီများ ကျက်စားရာ ဖြစ်၍ ယာဉ်တစ်စီးစီးသာ ခွင့်ပြုချက်မရှိ ဝင်ရောက်လာလျှင် အပေါ်ကနေ ပျံသန်းလာခြင်း မဟုတ်သရွေ့ ဇွန်ဘီအပြည့် လမ်းမကြီးအား ကျော်ဖြတ်လာရမည်။
ဝမ်ချင်းလင်ကို နန်းချန်မှာ မြင်လိုက်ရပြီးနောက် လင်းချန် အခြေစိုက်စခန်း ခေါင်းဆောင်များက စိတ်လှုပ်ရှားတက်ကြွလာကြသည်။
ဖန်ရှန်းလုံက ပြောလိုက်သည် “ဒေါက်တာဝမ် … ကျုပ်တို့ ဆွေးနွေးစရာရှိတယ် ”
ဝမ်ချင်းလင်က သူ့အား ဗလာကြည့်ဖြင့်သာ ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။
ဖန်ရှန်းလုံ “မင်းက ဇွန်ဘီဒီရေလှိုင်း အဖြစ်အပျက်ကို တားဆီးပေးခဲ့တယ်မလား။ မင်းက ဇွန်ဘီအုပ်ကို တားဆီးနိုင်မှတော့ သွေးအလောင်းကောင်ကိုလည်း သေချာပေါက် သတ်နိုင်မှာပဲ။ ငါတို့လင်းချန် အခြေစိုက်စခန်းက မင်းကို အမြုတေတွေ ပေးမယ်။ အဲဒီသွေးအလောင်းကောင်ကို ကူသတ်ပေးပါ။ ဘယ်လိုထင်လဲ ”
ဝမ်ချင်းလင် “ ဒီမှာဆူဆူညံညံ လာမလုပ်နဲ့။ မြန်မြန် ထွက်သွားတော့ ”
“ဝမ်ချင်းလင်”
ဝမ်ချင်းလင် ထွက်သွားတော့မည့်ဆဲဆဲတွင် မြောင်ပိုက တားလိုက်သည် “မင်းက စိတ်စွမ်းအားပိုင်ရှင်ပဲ။ ငါ အဲဒီနေ့တုန်းက မမှားလိုက်ဘူး။ မင်းက လင်းချန်အခြေစိုက်စခန်းထဲ စစ်ဆေးကြည့်ခဲ့တဲ့သူပဲ။ မင်းရဲ့ စိတ်စွမ်းအားက ပိုအားကောင်းလာပြီ။ မင်းက ဇွန်ဘီအုပ်ကိုတောင် တားနိုင်တယ်။ ဇွန်ဘီအုပ်ကိုလည်း ထိန်းချုပ်နိုင်တယ်။ မင်းမှာ ဒီလိုအင်အားမျိုးရှိရက်နဲ့ ငါတို့စခန်း ပျက်သုန်းသွားမှာကို ကြည့်နေချင်တာလား ”
ဝမ်ချင်းလင်က သူ့အား အေးစက်စက် ပြောလိုက်သည် “အဲဒါ ခင်ဗျားတို့နဲ့ သွေးအလောင်းကောင်ကြားက ပြိုင်ပွဲပဲ။ ငါနဲ့ ဘာမှမဆိုင်ဘူး ”
ဖန်ရှန်းလုံ “ မင်းကို အမြုတေပေးပြီး ခန့်မယ် ”
ဝမ်ချင်းလင် “ ဒီလို အလုပ်မျိုး လက်မခံဘူး ”
မြောင်ပို “ အဲဆို မင်းက ဘာလိုချင်တာလဲ။ မင်း ပြောသမျှ အကုန်ဖြည့်ဆည်းပေးမယ် ”
ဝမ်ချင်းလင်က သူတို့အား ကြည့်လိုက်ပြီး “ ခင်ဗျားတို့အားလုံး ပါးစပ်ပိတ်ထားပြီးတော့ နန်းချန်ကနေ ထွက်သွားဖို့ပဲ ”
မုန့်ဟွာက ဒေါသတကြီးဖြင့် “မင်းက ရှောင်ဟန်စကားကြောင့် ဇွန်ဘီဒီရေလှိုင်းကို တားဆီးပေးခဲ့တယ်။ ငါတို့အလှည့်ကျတော့ အမြုတေနဲ့တောင် လုပ်မပေးဘူးတဲ့လား။ မင်းက လူတွေကို သိပ်အထင်သေးလွန်းနေတာပဲ ”
အခုမှ ရောက်လာသည့် ရှောင်ဟန် : “ … ”
ဝမ်ချင်းလင်က ရှောင်ဟန်ကို ကြည့်လိုက်ပြီးနောက် မုန့်ဟွာနှင့် အခြားလူများကို ပြန်ကြည့်လိုက်သည် “ခင်ဗျားတို့အားလုံးက အရမ်းရုပ်ဆိုးနေလို့ စိတ်အခြေအနေ မကောင်းတော့ဘူး ”
အားလုံး “ …. ”
အားလုံးက ရှောင်ဟန်အား မျက်လုံးနီကြီးများဖြင့် စုံချည်ဆန်ချည် ကြည့်လိုက်ကြသည်။
ရှောင်ဟန် “ … ”
မုန့်ဟွာက လူအုပ်ကြားမှ လော့ဖုန်းကြွယ်အား ဆွဲထုတ်ကာ “သူဆိုရင်ရော … သူက မင်းစိတ်အခြေအနေ ကောင်းလာစေတယ်မလား”
ကောင်းမလာစေဘူးဆိုရင် သူက ညီအစ်ကို မဖြစ်နိုင်ပေ။
တွန်းထုတ်ခံလိုက်ရသည့် လော့ဖုန်းကြွယ် “ … ”
ဝမ်ချင်းလင်က အကြည့်တစ်ချက် လက်သွားပြီး “မင်းလည်း ငါ့ကို ဖျောင်းဖျချင်နေတာလား ”
လော့ဖုန်းကြွယ်က ဝမ်ချင်းလင်နှင့် ရှောင်ဟန်ကြား အပြန်ပြန်ကြည့်လိုက်ပြီး “မဟုတ်ဘူး။ ငါ မင်းကို ဖိအားမပေးဘူး။ မင်းစိတ်အခြေအနေပေါ် မူတည်တယ် ”
“လော့ဖုန်းကြွယ် မင်းက ငါတို့စခန်းကနော်။ မင်းက စခန်းရဲ့ အသက်တွေကို တာဝန်မယူဘူးလား” တစ်ယောက်က နေရာမှာတင် လှမ်းငေါက်လိုက်သည်။
လော့ဖုန်းကြွယ်က နားကန်းနေသည့်အလား သူတို့နှစ်ယောက်ကိုသာ ဆက်ကြည့်နေပြီး “ချင်းလင် မင်းက စွမ်းရည်နှစ်မျိုးပိုင်ရှင်လား ”
ဝမ်ချင်းလင်က ခေါင်းညိတ်ကာ “ဟုတ်တယ် ”
လော့ဖုန်းကြွယ်က ခါးသီးစွာ ပြုံးလိုက်ရင်း “ စွမ်းရည်နှစ်မျိုးက ဘယ်တုန်းက အသက်ဝင်လာတာလဲ”
ဝမ်ချင်းလင် “အတူတူ နိုးထလာတာ ”
လော့ဖုန်းကြွယ်က ဘာမှန်း မပြောနိုင်ပေ။ သူက ချင်းလင်သည် သူ့စွမ်းအားကို ဖုံးကွယ်ခဲ့ကြောင်း သိလိုက်ရသည်။ လုထျန်းကျင့်က မိန်းမတစ်ယောက်အတွက် ညီအစ်ကိုဆက်ဆံရေးကို ဖျက်စီးပစ်ခဲ့ပြီး သေဆုံးသွားခဲ့သည်။ သူက ကံကောင်း၍ အသက်ရှင်ကာ လင်းချန်အခြေစိုက်စခန်း၌ လေးစားခံဘဝ၌ နေနေရလေသည်။
လော့ဖုန်းကြွယ် “ မင်းက ငါတို့ကို မယုံခဲ့ဘူးလား ”
ဝမ်ချင်းလင် “မဟုတ်ဘူး ”
ထိုစဉ် သူက စွမ်းရည်နှစ်မျိုး နိုးထလာခဲ့သော်လည်း စိတ်စွမ်းအားက အစောပိုင်းအဆင့်၌ အသုံးမဝင်ပေ။ တခြားလူများထက် အာရုံခံနိုင်စွမ်း ပိုကောင်းနေရုံသာ ဖြစ်ပြီး အသုံးဝင်ခြင်း မရှိပေ။
သူ သေဆုံးသွားသည့်တိုင် စိတ်စွမ်းအားက အသုံးမဝင်ဆဲ ဖြစ်သည်။ ဇွန်ဘီ ဖြစ်လာပြီးမှ သူ့စိတ်စွမ်းအားက ပိုမို နိုးထလာခဲ့သည်။
သူက အခြားလူများကို ပြောမပြနိုင်ပေ။ သူက လူသားမဟုတ်တော့ကြောင်း ဝန်ခံလိုက်သလို ဖြစ်သွားကာ အမဲလိုက်ခံရလိမ့်မည်။ ထိုအခါ စခန်းရှိ အားလုံးလည်း ပါဝင်ပတ်သတ်လာရလိမ့်မည်။
လော့ဖုန်းကြွယ် “အဲဆို ဒီစွမ်းရည်နှစ်မျိုးကို ဘာလို့ ဖုံးကွယ်ထားခဲ့တာလဲ ”
ဝမ်ချင်းလင် “ အလုပ်ရှုပ်လို့ ”
သူက မလိုလားအပ်သည့် ပြဿနာများ မဖြစ်လိုပေ။
လော့ဖုန်းကြွယ်က မယုံကြည်သလို ဝမ်ချင်းလင်အား ကြည့်လိုက်သည် “နောက်ဆုံးမေးခွန်း ငါ မင်းတို့ အခြေစိုက်စခန်းထဲ ဝင်လို့ရမလား ”
ဝမ်ချင်းလင် “ ငါ့စခန်းက မင်းအတွက် မသင့်တော်ဘူး ”
လော့ဖုန်းကြွယ်က ခေါင်းညိတ်ကာ “ အဲဆို ငါ့ကို ဘယ်သွားစေချင်လဲ ”
ဝမ်ချင်းလင် “ ဒီမှာအရမ်းအန္တရာယ်များတယ်။ လင်းချန်အခြေစိုက်စခန်းကနေ ထွက်သွားလိုက်ပါ ”
လော့ဖုန်းကြွယ် “မင်းကရော ”
ဝမ်ချင်းလင် “ ငါ ဒီမှာပဲနေမယ်။ တကယ်လို့ မင်း ဇွန်ဘီအကိုက်ခံရတာမျိုး ဒါမှမဟုတ် ဇွန်ဘီဖြစ်သွားရင် ငါ့ဆီကို ပြန်လာခဲ့ … ”
“ကောင်းပြီ မင်းစကားနားထောင်မယ် ”
လော့ဖုန်းကြွယ်က ရှောင်ဟန်နှင့် ဝမ်ချင်းလင်အား ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။
သူက လင်းချန်အခြေစိုက်စခန်းဆီ ပြန်မသွားဘဲ မြောက်ဖက်မှ အမည်မသိ နေရာတစ်ခုဆီ ဦးတည်လိုက်သည်။
လင်းချန် အခြေစိုက်စခန်းမှ အားလုံး “ … ”
သူက အရူးတော့ မဟုတ်ဘူးမလား …သူ့ကို ထွက်သွားခိုင်းတာနဲ့ ထွက်သွားရအောင် ဒီလိုအချိန်မျိုးမှာ ဘယ်ကို သွားနိုင်မှာလဲ
နေရာတိုင်း၌ ဇွန်ဘီများရှိနေလေရာ သူတို့ ကူးစက်ခံရပြီး သေဆုံးသွားနိုင်သည်။ စခန်း၌ နေသည်က ဘေးပိုကင်း၏။
ဝမ်ချင်းလင်က အားလုံးကို ကြည့်ကာ “ခင်ဗျားတို့လည်း ထွက်သွားတော့ ”
မုန့်ဟွာက ဒေါသတကြီး ပြောလိုက်သည် “မင်းက လော့ဖုန်းကြွယ်ကို မောင်းထုတ်လိုက်တာက လင်းချန်အခြေစိုက်စခန်း ဖျက်စီးခံရတာကို ကြည့်ချင်လို့လား ”
ဝမ်ချင်းလင် “ခင်ဗျားတို့ကို အကြံတစ်ခုတော့ ပေးလိုက်မယ်။ အခြေစိုက်စခန်းကို အမြန်ဆုံးရွေ့လိုက်ပါ။ ဒီကနေ ဝေးလေလေ ကောင်းလေပဲ။ နောက်မှ ထွက်သွားမယ်ဆိုရင် ထွက်သွားဖို့ အခွင့်အရေးရတော့မှာ မဟုတ်ဘူး ”
“လင်းချန် အခြေစိုက်စခန်း ဖျက်စီးခံလိုက်ရရင် မင်းတို့ စခန်းရော ဆက်ရှင်သန်နိုင်ဦးမယ် ထင်နေလား။ မင်းတို့ စခန်း အရိုးမကျန် အစားခံရတာကို ကြည့်နေဦးမယ် ” မုန့်ဟွာက အော်ပြောလိုက်ပြီး လှည့်ထွက်သွားလိုက်သည်။
ဝမ်ချင်းလင် “ရှုရှန်ဖေး သေသွားပြီလား”
မုန့်ဟွာ၏ မျက်နှာထားက ချက်ချင်း ဆိုးရွားလာကာ အံ့ကြိတ်လျက် “မင်းက အဲဒီမိန်းမရဲ့ ဝမ်းကွဲဆိုတာ မေ့သွားတယ်။ သူမရဲ့ ပြဿနာကို မင်း ရှင်းပေးသင့်တာပေါ့ ”
မုန့်ဟွာက သေနတ်တစ်လက် ထုတ်ကာ ဝမ်ချင်းလင်အား ချိန်ရွယ်လိုက်သည်။
ဝမ်ချင်းလင်၏ ပုံရိပ်က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားကာ မုန့်ဟွာရှေ့ တန်းရောက်လာသည်။ သူက လက်တစ်ဖက်ဖြင့် မုန့်ဟွာလက်ထဲက သေနတ်ကို ကိုင်ထားလိုက်ရင်း နောက်လက်တစ်ဖက်ဖြင့် မုန့်ဟွာကို ထိလိုက်ပြီး အတိတ်ကို နှိုးဆွတူးဖော်လိုက်သည်။
မုန့်ဟွာက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝမ်ချင်းလင် ခြေထောက်အား မြေကြီးများဖြင့် ရစ်ပတ်ချုပ်နှောင်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း မြေချုပ်နှောင်ခြင်းက အားနည်းနေပြီး ဝမ်ချင်းလင်က အလွယ်တကူ ချိုးဖောက်ပစ်လိုက်သည်။ ဝမ်ချင်းလင်က ကွန်တိန်နာပေါ် ပြန်ရောက်သွားလေသည်။
ဝမ်ချင်းလင် “ ခင်ဗျားက ခင်ဗျားညီမရဲ့ အကောင်းဆုံးသူငယ်ချင်းနဲ့ အိပ်ပြီးတော့ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တာပဲ။ လင်းချန်အခြေစိုက်စခန်းမှာ သူမနဲ့ သူမမိဘတွေကို နားခိုးစရာပေးမယ်လို့လည်း ကတိပေးခဲ့သေးတယ်။ သူမက ခင်ဗျားညီမကို သတ်သွားတော့ ဆုကြေးထုတ်ပြီး ဖမ်းခိုင်းခဲ့တယ်။ သူမလိုမျိုး ကူးစက်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ကိုတောင် မဖြေရှင်းနိုင်ဘူးဆိုတေ့ တကယ်ကို ရှက်စရာပဲ ”
“မင်းကို သတ်မယ်” မုန့်ဟွာက ဒေါသတကြီးဖြင့် သေနတ်ကို တစ်ချက်ပြီးတစ်ချက် ပစ်လိုက်သည်။
ဝမ်ချင်းလင်က လက်ကို ဆန့်ထုတ်လိုက်သည့်အခါ မြေပြင်ပေါ်မှ သစ်ရွက်များက မြင့်တက်လာသည်။ သူ လက်ဝေ့လိုက်သည့်အခါ သစ်ရွက်အားလုံး ဓားသဖွယ် ပြောင်းလဲသွားကြ၏။ သစ်ရွက်များအောက် မုန့်ဟွာတစ်ယောက် ဘာမှမတတ်နိုင်ပေ။
သစ်သားစွမ်းရည် …
အားလုံးက အထိတ်တလန့် ဖြစ်သွားကြသည်။
ဝမ်ချင်းလင်က သူတို့တွေးထားသည်ထက် များစွာ အားကောင်းလွန်းလှသည်။ မြေပြင်မှ နွယ်ပင်တစ်ပင် ထွက်လာပြီး မသေသေးသည့် မုန့်ဟွာကို ဆွဲခေါ်သွားကာ ဇွန်ဘီအုပ်ထဲ အစာချကျွေးပစ်လိုက်သည်။
ဇွန်ဘီများက အသားလတ်လတ်ဆတ်ဆတ်ကို ဝိုင်းအမဲဖျက်ကုန်ကြသည်။
ဝမ်ချင်းလင်က သူတို့အား ကြည့်လိုက်ကာ “ထွက်သွားကြ ”
အားလုံးက ကားထဲ ကြောင်အမ်းအမ်းဖြင့် ပြန်ဝင်လိုက်ကြပြီး မောင်းထွက်သွားကြသည်။ သူတို့က ဝမ်ချင်းလင်အား မည်သို့ ပြန်အော်ရဲမည်နည်း။
ဝမ်ချင်းလင်က မြို့ထဲ ပြန်ဝင်ဖို့ လုပ်လိုက်သည်။ ရှောင်ဟန်လည်း နောက်မှ တိတ်တဆိတ် လိုက်ပါလာ၏။
အခြေစိုက်စခန်းနှင့် နီးကပ်လာသည့်အခါ ရှောင်ဟန်က ပြောလိုက်သည် “ ဒီနေရာက အန္တရာယ်များတယ်ပြောလိုက်တယ်မလား။ အဲဒီအန္တရာယ် အရင်းအမြစ်က ဘာလဲ ”
“ အဲဒါက မင်းအတွက် သတင်းဆိုးဆိုတော့ ကြားချင်မှာ မဟုတ်လောက်ဘူး” တိုက်ခိုက်သူများ၏ စွမ်းအားက ဆင့်ကဲဇွန်ဘီများနှင့် ယှဉ်ဖို့ မလုံလောက်ပေ။ အဆင့် ၈ ဆင့်ကဲသက်ရှိဖြစ်သည့် အဆိုးရွားဆုံး ကပ်ဘေးကြီး ပေါ်ထွက်လာတော့မည် ဖြစ်၏။
ရှောင်ဟန် “ သတင်းဆိုးအများကြီး ရှိပြီးသားဆိုတော့ တစ်ခုတိုးလာလည်း ဘာမှမထူးပါဘူး ”
ဝမ်ချင်းလင်က သူ့အား ကြည့်ကာ “ခင်ဗျားရဲ့ နိုင်ငံရတနာအဆင့် ပညာရှင်ရော ပြန်သွားပြီလား ”
ရှောင်ဟန် “ မပြန်သေးဘူး”
ဝမ်ချင်းလင် “ အဲဆို သူက ဒီမှာဘာလုပ်နေတာလဲ ”
ရှောင်ဟန် “ ဖန်ကျန်းဆီမှာ ပဋိပစ္စည်းရှိတယ်။ နန်းချန်ကလည်း ဇွန်ဘီတွေကလည်း အသိစိတ်ရလာတယ်ဆိုတော့ ပညာရှင်တွေက စိတ်ဝင်စားပြီးတော့ ဒီနေရာမှာ သုတေသနလုပ်ချင်နေကြတာ”
ဝမ်ချင်းလင်၏ အကြည့်များက ထူးဆန်းလှသည်။
ရှောင်ဟန်က သူ့အား ပြောခွင့်မပေးဘဲ “ ဒီမှာအန္တရာယ်များတာကို သိပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို မဖျောင်းဖျနိုင်ဘူး။ သူ တစ်ရက် ဒီမှာရှိနေရင် ငါက သူ့ဘေးကင်းလုံခြုံမှုအတွက် တာဝန်ရှိတယ် ”
ဝမ်ချင်းလင်က သူ့အား သနားစွာ ကြည့်လိုက်ပြီး “မင်းအတွက်လည်း ခက်ခဲမှာပဲ။ ကြိုးစားထား ”
ရှောင်ဟန် “ အန္တရာယ်ဇစ်မြစ်က ဘာလဲ”
ဝမ်ချင်းလင်က မြို့လယ်ကို လှမ်းကြည့်လိုက်သည်။
သူက မသက်ဆိုင်သည့် မေးခွန်းကို မေးလိုက်သည် “ လော့ဖုန်းကြွယ်အတွက် သွေးအလောင်းကောင်ကိစ္စမှာ ဘာလို့ ဝင်ပါတာလဲ။ လော့ဖုန်းကြွယ်သာ သွားရင် တုံချန်မှာ သေသွားလောက်တယ်ဆိုတာ သိတယ်မလား ”
ရှောင်ဟန်က ဝမ်ချင်းလင်ကို ကြည့်လိုက်ပြီးနောက် “ ငါ သိတယ်။ အဲကြောင့် သူ့ကို မလွှတ်လိုက်နိုင်တာပဲ ”
“ဘာလို့လဲ ” ဝမ်ချင်းလင်က သူ့အား ပြန်ကြည့်လိုက်သည်။
“ဘာလို့လဲဆိုတော့ ” ရှောင်ဟန်က သူ့အား စိုက်ကြည့်လိုက်ပြီး “ မင်း ဇွန်ဘီဘက် လုံးဝ ရောက်သွားတာမျိုး မဖြစ်စေချင်လို့ ”
ဝမ်ချင်းလင် “လော့ဖုန်းကြွယ်က ငါ့အတွက် နှောင်ကြိုးတစ်ခုလို့ ထင်နေတာလား ”
ရှောင်ဟန် “သူကလွဲရင် တခြားသူ ရှာမတွေ့လို့ ”
အကယ်၍ ဝမ်ချင်းလင် မိဘများသာ အပြင်မှာရှိနေလျှင် အားအကောင်းဆုံး ဆက်နွယ်မှုနှောင်ကြိုးတစ်ခု ဖြစ်နိုင်လောက်သော်လည်း သူ့မိဘများက သူ့ဘေးတွင် ရှိနေလေသည်။
ဝမ်ချင်းလင်က ရှေ့တိုးလာကာ ရှောင်ဟန် မျက်နှာကို အကြာကြီး ကြည့်လိုက်ပြီး နားနား ကပ်ပြောလိုက်သည် “ ငါ့ကို တစ်ချက်လောက်ကိုက်ခိုင်းပြီးတော့ မင်းက ငါ့နှောင်ကြိုး ဖြစ်လာရင်ရော ဘယ်လိုလဲ ”
ရှောင်ဟန်က မျက်မှောင်ကြုတ်လိုက်သည်။
သူက ဝမ်ချင်းလင်အား တွန်းထုတ်လိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်သည် “မင်းက လူသား မဟုတ်ဘူးလား”
“ မခန့်မှန်းချင်စမ်းပါနဲ့ ”
ရှောင်ဟန် “စခန်းက လူတွေကလည်း လူသားတွေ မဟုတ်ဘူးလား။ သူတို့က ဘာတွေလဲ ”
ဝမ်ချင်းလင် “ မှန်းကြည့်လေ”
ရှောင်ဟန် “ မမှန်းချင်တော့ဘူး”
“အဲဆိုလည်း မှန်းမနေနဲ့။ အမြင်နဲ့သာ ဆုံးဖြတ်လိုက်” ဝမ်ချင်းလင်က မြို့ထဲ ဝင်သွားလိုက်သည်။
ရှောင်ဟန်က စိတ်ပြင်ဆင်မှုတချို့ ပြုလုပ်ပြီးမှ စခန်းဆီ လျှောက်လှမ်းလာလိုက်သည်။
ဝမ်ချင်းလင် စကားများကို ကြားပြီးနောက် ဘာမှထပ်မမေးတော့ပေ။ သူက အားလုံးကို လေ့လာကြည့်လိုက်၏။ သူတို့က အမူအယာ မလုပ်နိုင်တာကလွဲ၍ အားလုံးက လူသားများနှင့် မခြားပေ။ လူသားများသာ ဖြစ်ကြ၏။
ရှောင်ဟန်က ဝမ်ချင်းလင်၏ အိမ်တွင် နေ့တိုင်းစားသောက်၏။ သူက သူတို့အများသုံးတူ သုံသည့်အကြောင်းအရင်းမှာ သူ့အတွက် ဖြစ်ကြောင်း သိသွားခဲ့သည်။ သူက သူ့အား မကူးစက်စေလိုသောကြောင့် သူ့ဘာသာ ကြိုတင်ရှောင်ရှားထားမှန်း သိသာလှသည်။
ရှောင်ဟန်က သင်တန်းသားများကို သင်တန်းပို့ချရာ၌ အရှိန်မြင့်လိုက်သည်။ သူက လင်းချန်အခြေစိုက်စခန်းကို မြန်မြန် ပြန်ချင်မိ၏။ သူက ထိုနေရာရှိ ပညာရှင်များအား စိုးရိမ်နေမိသည်။ အကယ်၍ ဖြစ်နိုင်ပါက ထိုလူများအား ပြန်သွားဖို့ ဖျောင်းဖျချင်သည်။ လင်းချန်မြို့က အမှန်တကယ် အန္တရာယ်များလွန်းလှပြီး သုတေသန စမ်းသပ်ခန်းမျိုး ဆောက်လုပ်ဖို့ မဖြစ်နိုင်ပေ။
သူက လေ့ကျင့်ရေးကွင်းဆင်း သွားတိုင်း အကြိမ်များစွာ တိုက်ခိုက်ခံရသည်။ ထိုသို့ဖြစ်လာတိုင်း သူမှလွဲ၍ အားလုံးက လူသားမဟုတ်ကြောင်း စတင်ခံစားလာရသည်။ ထို့ကြောင့် ဆင့်ကဲသက်ရှိများက သူ့ကိုသာ လိုက်ဖမ်းပြီး သတ်ပစ်ချင်ကြလေသည်။
ESTÁS LEYENDO
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Accióneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်