အခန်း (၂၂၂) တောက်ပနေသည့် ရွှေလက်ဝါးကို တွေးကြည့်လိုက်ပါ

1K 140 0
                                    

အခန်း (၂၂၂) တောက်ပနေသည့် ရွှေလက်ဝါးကို တွေးကြည့်လိုက်ပါ

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော်က လေထဲ ပျံဝဲနေသည်။ မီးပန်းလိုမျိုး မပျောက်ကွယ်သွားခင်အထိ တောက်တောက်ပပ ထွန်းလင်းနေလေ၏။

ကနဦးချီ ဖရိုဖရဲ ထွက်ပေါ်လာသည့် ဆူညံသံများ၊ ရှိချန်းသဲ့ရှီးကန်၏ ရေများ တပွက်ပွက် ဆူနေသံများနှင့် အပျက်အစီး ပွတ်တိုက်သံများလည်း လေထဲ ထွက်ပေါ်လာသည်။ သို့သော် ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ် ပျောက်ကွယ်သွားပြီးနောက် ဆူညံသံအားလုံး ရုတ်ခြည်း ရပ်တန့်သွားလေသည်။

လေထဲမှ ပစ္စည်းများက ရပ်တန့်သွားကာ ပြုတ်ကျလာကြပြီး ချီလည်း ပျံ့လွင့်သွားသည်။

“တင်း … နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦးကို သတ်နိုင်ခဲ့တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”

ရှိချန်းသဲ့ရှီးကန်က တဖန် ပြန်လည်တိတ်ဆိတ်သွားလေသည်။

လန်လော့၏ ခန္ဓာကိုယ်က တောင့်တင်းနေဆဲ ဖြစ်၏။ သူက ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ် ပျောက်ကွယ်သွားသည့် နေရာကို မလှုပ်မယှက် ကြည့်နေမိသည်။ သူက မော့ချီ၏ ပုံရိပ်ကို ရှာလိုက်သော်လည်း ဘာမှမတွေ့ရပေ။

ဖန်လီထန်းက သေရည်ပုလင်းကိုင်ထားလေသည်။ သူ့စိတ်ထဲ ဘယ်လိုအတွေးဖြစ်နေမှန်း မည်သူမှ မသိကြပေ။

ကျင့်မင်တာအိုဂိုဏ်း၌ ပါရမီရှင်များစွာ ရှိသေးသည်။ ယို့ဟုန်ယီ ဖြစ်စေ၊ ကျင့်မင်သားတော်ခုနှစ်ဖော် ဖြစ်စေ သို့မဟုတ် ဖန်လီထန်း ကိုယ်တိုင်ဖြစ်စေ မည်သူကမှ ကျင့်မင်တာအိုဂိုဏ်းချုပ်အား တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ဖို့ ယုံကြည်ချက် မရှိကြပေ။ မော့ချီက ဒဏ်ရာရနေသော်လည်း ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့်ပိုင်ရှင် ဖြစ်နေဆဲ ဖြစ်၏။ ထို့အပြင် မော့ချီက အစီအရင်ပါ အသက်သွင်းထားခဲ့ပြီး ဒေါသပေါက်ကွဲနေခဲ့သေးသည်။

“အဲဒီလေလုံးထွားတဲ့ဟာတော့ … ရှစ်စွင်းလက်ချက်နဲ့ အမှုန့်ဖြစ်သွားရတာပဲ မဟုတ်ဘူးလား” ရှောင်ယွမ်အာက ပြောလိုက်သည်။ သူမက  အသားကျနေပြီ ဖြစ်၍ ဒီအကြောင်းကို ထူးဆန်းသည်ဟု မထင်ပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now