အခန်း (၂၂၀) မော့လီနှင့် မော့ချီ
ရှိချန်းသဲ့ရှီးကန် တည်ရှိသည့် ရှိချန်းသဲ့ရှီး ခြံဝန်းက ဧက ရာချီ နေရာယူထားသည်။ ထူးထူးခြားခြား ကြီးကျယ်ဟန်ပေါ်သည်။ ခြံဝန်းကို အနီအဝါရောင်စုံများဖြင့် အလှဆင်ထားသည်။ အရှေ့နှင့် အနောက်ဘက် ကမ်းပါးတို့၌ မျှော်နန်းများစွာ တည်ရှိသည်။ မြစ်က ကွေ့ကောက်၍ စီးဆင်းနေသောကြောင့် သေးသွယ်ဟန် ထင်ရ၏။
အပေါ်မှ ကြည့်လိုက်လျှင် အမှန်တကယ် ရင်သပ်ရှုမောဖွယ်အတိ ဖြစ်၏။ လန်လော့က လုကျိုးဆီ လျှောက်လာကာ အောက်ကို တစ်ချက်လေ့လာလိုက်ရင်း “ ရှိချန်းသဲ့ရှီး ခြံဝန်းက နန်းတော်က တော်ဝင်မျိုးနွယ်တွေ အားလပ်ချိန်တိုင်း လာရောက်အပန်းဖြေကြတဲ့နေရာပဲ။ ကျင့်မင်တာအိုဂိုဏ်းရဲ့ မော့ချီက ဒီမှာ ဘာလုပ်နေတာလဲ ”
လုကျိုးက လန်လော့ကို ကြည့်လိုက်ပြီး “မင်းက ဧကရာဇ်ကို တိုက်ရိုက်တင်ပြရတဲ့ မဟူရာစစ်သည်တော်ရဲ့ ခေါင်းဆောင်လေ။ ဒီအကြောင်းအရင်းကို မသိဘူးလို့တော့ မပြောနဲ့နော် ”
“ မဟူရာစစ်သည်တော်တွေက တာဝန်တွေ ထမ်းဆောင်ဖို့ပဲ သွားရတာ။ နန်းတော်ရဲ့ ကိစ္စတွေ ဝင်မပါဖူးဘူး” လန်လော့က ဖြေလိုက်သည်။
သူက မော့လီ၏ ထိန်းချုပ်မှုအောက်မှ လွတ်လာသော်လည်း ယခင် အတိတ်မှ သူ့မှတ်ဉာဏ်များက လတ်ဆတ်နေဆဲ ဖြစ်၏။
လုကျိုးက အန်းယန်းမြို့ရှိ တိုက်ပွဲအတွင်း ငရဲဂိုဏ်းတု၏ ရထားလုံးပျံပေါ်တွင် အားကောင်းသည့် စုန်းအတတ် ကျင့်ကြံသူတစ်ဦး ရှိကြောင်း ပြန်အမှတ်ရလိုက်သည်။ သူက မေးလိုက်၏။
“မော့လီနဲ့ မော့ချီ … မင်း အမြင် သူတို့က ဘာဆက်ဆံရေးလဲ”
လန်လော့က တန်းဖြေလိုက်သည်။
“ကျုပ် သိသလောက် မော့လီက အမျိုးသမီးပဲ။ သူက ယောကျ်ားတွေကို ရုပ်ရည်ရယ်၊ စုန်းအတတ်ရယ်နဲ့ ဆွဲဆောင်တတ်တဲ့ အဆိပ်ပြင်းတဲ့ မိန်းမပဲ ”
အကယ်၍ ဒီလိုသာ မဟုတ်လျှင် လန်လော့က သူမအပေါ် ကျရှုံးသွားစရာ မရှိပေ။ သူရဲကောင်းများပင် မိန်းမလှများအတွက် အားနည်းကြသည် မဟုတ်ပါလော။ သူက နယ်မြေများ၌ နှစ်များစွာ အုပ်စိုးလာသော်လည်း သူ့မျှော်လင့်ချက်နှင့် ကွဲလွဲစွာ သူမအပေါ် ကျရှုံးသွားခဲ့သည်။
YOU ARE READING
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Humorအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...