အခန်း (၃၃၇) ဆည်းပူးခြင်း
ယွီရှန်းရုန်က သူ့ကို ကြည့်ပြီး ပြောလိုက်တော့သည်။
“ဒုက္ခခံပေးတာ ကျေးဇူးပါပဲ”
ကျိုးကျစ်ဖုန်းက အမြန်လက်ကာပြကာ ပြောလိုက်တော့၏။
“ဒါ ဘာမှမဟုတ်ပါဘူး”
ကျိုးကျစ်ဖုန်းသည် ယွီရှန်းရုန်၏ ကြင်နာမှုကို မြင်လိုက်ရသောအခါ ရင်ထဲ ထိသွားလေ၏။ မိစ္ဆာဝေဟင်မျှော်နန်းအတွင်း သူ၏ ကြိုးစားအားထုတ်မှုအတွက် တစ်ခါမျှ ကျေးဇူးတင်မခံရဖူးပေ။ ထို့ကြောင့် ယခင်အကြောင်းအရာကို ယွီရှန်းရုန်အား သတိပေးရန် ဆုံးဖြတ်ချက် ချလိုက်၏။
“ချစ်လှစွာသောရောင်းရင်း..”
“ဟမ်.. ဂူထဲမှာ ရှိတဲ့လူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဋ္ဌမမြောက်တပည့်ပဲ။ ကျေးဇူးပြုပြီး သူ့စိတ်နေစိတ်ထားကို သည်းခံပေးပါအုံး”
ယွီရှန်းရုန်က ခေါင်းအနည်းငယ် ညိတ်လိုက်၏။ ပြီးနောက် သူက ပြန်လည်သုံးသပ်ရေးဂူ၏ အရံအတားကို တည်ငြိမ်စွာ ဖြတ်ကျော်လိုက်တော့သည်။ သူက ချဉ်းကပ်လာသော ခြေသံကို ကြားသည့်အချိန်၍ နံရံကိုမှီကာ ကြိုးစားပမ်းစား ကျင့်ကြံနေသော ကျူးဟုန်ကုန်းသည် ဒေါသတကြီးဖြင့် ထခုန်လိုက်ပြီး ကျိန်ဆဲတော့သည်။
“ဟေး.. ငါပြောလိုက်တာ မင်း မကြားဘူးလား”
သူက ခြေထောက်မြောက်ကာ အသံမြင့်ပြီး ပြောလိုက်တော့၏။
“ငါ..”
သူ၏ခန္ဓာကိုယ်က အလယ်တွင် တောင့်ခဲသွားပြီးနောက် မျက်လုံးများ ပြူးကျယ်ကုန်သည်။ လူသစ်ကို မြင်လိုက်ရသည့်အချိန်၌ သူက ကြက်သေသေသွားတော့သည်။ ယွီရှန်းရုန်က ကျူးဟုန်ကုန်းကို ပြုံးလျက်သာ ကြည့်နေပြီး ဘာမှမပြောပေ။
ကျူးဟုန်ကုန်းက တုံ့ပြန်ရန် ခဏတာအချိန်ယူလိုက်ရ၏။ သူ သတိပြန်ဝင်လာသည့် အချိန်တွင် အကြောင်းအရာကို မြန်မြန် ပြောင်းပြောတော့သည်။
“အာ့ရှစ်ရှိုး ခြေထောက်ဆေးပြီးပြီလား၊ ရှစ်ရှိုးအတွက် ရေသွားယူပေးမယ်နော်”
YOU ARE READING
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Humorအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...