အခန်း (၃၄၅) ငှက်များ၏ ငှက်မွေးတစ်ခု

929 143 1
                                    

အခန်း (၃၄၅) ငှက်များ၏ ငှက်မွေးတစ်ခု

“အထူးသဖြင့် ပထမသခင်လေးနဲ့ ဒုတိယသခင်လေးရဲ့ တိုက်ပွဲကြောင့်ဆို မှန်မယ်”

တွမ့်ရှင်းက ထုတ်ဖော်ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ မင်ရှစ်ရင်၏ စိတ်ဝင်စားမှုတို့ တိုးသွားလေ၏။ ဤနေရာရှိ လူတိုင်းထက် သူက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်အကြောင်း ပိုသိသည်။ သူတို့၏ကျင့်စဉ်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်နဲမှန်း သူသိနေလေ၏။ သူတို့တိုက်ပွဲအကြောင်း သူ မည်ကဲ့သို့ မသိချင်ဘဲ နေမည်နည်း။ သူက မေးလိုက်တော့သည်။

“ဘယ်လောက်တောင် ကောင်းလိုက်လဲ။ လာပြောပြအုံး”

တွမ့်ရှင်းသည်လည်း မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ ကုန်လွန်ခဲ့သည့် နေ့ရက်အတွင်း တစ်စုံတစ်ယောက်ကို သူ မြင်ခဲ့ရသည့် ကိစ္စကို ပြောချင်သည်မှာ ပါးစပ်ယားနေပြီဖြစ်သည်။ သူက မနည်းထိန်းထားရတာ ဖြစ်၏။ သူက မင်ရှစ်ရင်ဆီ ချက်ချင်း လျှောက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်၏။

“စတုတ္ထသခင်လေး သစ်ရွက်တစ်ရာ ရေကန်အကြောင်းသိလား.. အဲဒီကန်ကလေ အလင်းခွင်းတောအုပ်နားမှာ ရှိတာ။ မိုင်တစ်ထောင်လောက် ကျယ်တယ်။ ပထမသခင်လေးနဲ့ ဒုတိယသခင်လေးက သစ်ရွက်တစ်ရာ ရေကန်နားမှာ စတိုက်ခိုက်ကြတာ။ ဒါ လူသားတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး.. ပထမသခင်လေးကလေ။ သစ်ရွက်တစ်ရာရေကန်ကို သူ့ရဲ့ဓားမော့တစ်ချက် လွှဲယမ်းပြီးတော့ ထက်ပိုင်းပိုင်းလိုက်တာ..”

ကျန်သည့်သူများက မှင်တက်သွား၏။ တွမ့်ရှင်းသည် တိုက်ပွဲဖြစ်ပျက်ခဲ့ပုံကို သေချာပြန်ပြောပြနေ၏။ သူက အချို့သော အသေးစိတ် အချက်အလက်များကို ချဲ့ကားခဲ့၏။ မိုင်တစ်ထောင်ဧရိယာ သို့မဟုတ် ပေတစ်သောင်းအမြင့် စသည်ဖြင့် ပြောင်းလဲလိုက်၏။ သူ ပြောတာကို နားထောင်ရသည်က ဇဝေဇဝါ ဖြစ်သွားသည်။ သို့သော်ငြား မင်ရှစ်ရင်က စိတ်ဝင်စားနေလေ၏။ သူက အချို့သော ရှာဖွေတွေ့ရှိချက်များ တွေ့လိုက်ရချိန်၌ ရံဖန်ရံခါတွင် ခေါင်းညိတ်၏။ သူက တကယ်လား.. သို့မဟုတ် အိုး..အံ့ဩဖို့ ကောင်းလိုက်တာ.. စသည်ဖြင့် ဝင်ပြောလေ့ ရှိသည်။ ထိုအတိုင်းပင် နှစ်ဦးနှစ်ဖက်က ကြာရှည်စွာ ပြောဆိုနေခဲ့၏။ သူတို့က ဇာတ်ကြောင်း၏ အထွတ်အထိပ်သို့ ရောက်သည့်အခါ သူတို့အသံက ပိုကျယ်လာ၏။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now