အခန်း (၃၃၄) အတိတ်တုန်းက ငါ မင်းကို ဘယ်လိုသင်ပေးခဲ့လဲ

876 137 1
                                    

အခန်း (၃၃၄) အတိတ်တုန်းက ငါ မင်းကို ဘယ်လိုသင်ပေးခဲ့လဲ

အမှန်တော့ လုကျိုးက အနီးရောက်နေသည်မှာ ခဏတာ ကြာမြင့်နေလေပြီ။ ကတ်နားချိန် ပြီးဆုံးဖို့ ဆယ်မိနစ်ခန့်သာ လိုတော့၍ သူ့အနေနှင့် စောစောစီးစီး ထုတ်ဖော်လိုက်ခြင်းက အဓိပ္ပာယ်မရှိပေ။ လုကျိုးက နေရာတစ်ဝိုက် လျှောက်သွားနေပြီး စီးဝူယာ့ကို ရှာနေသည်။ သို့သော်လည်း စီးဝူယာ့ကို ရှာမတွေ့ခဲ့ပေ။ သူက လော့ချန်ချင်းသည် ယွီရှန်းရုန်အား ရုတ်ခြည်း တိုက်ခိုက်သည်ကို မြင်လိုက်သည့်အခါ စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။ သူက မြင်ကွင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရ၍ ဘာဖြစ်မှန်း တန်းသိလိုက်သည်။

ယွီရှန်းရုန်နှင့် လော့ချန်ချင်းတို့လည်း ကြောင်အမ်းသွားကြသည်။ လော့ချန်ချင်းက အတိတ်နမိတ်ကောင်းသည့် အငွေ့အသက်များဖြင့် လွှမ်းခြုံထားသည့် နတ်ခြင်္သေ့ကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

ဒီအချိန် ဘယ်အဆင့်မြင့် ကျင့်ကြံသူ ရောက်လာတာလဲ …

ယွီရှန်းရုန်လည်း ဖြည်းဖြည်းချင်း လှည့်ပြီး မော့ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က မသိမသာ တုန်ယင်လာပြီး စိတ်ထဲလည်း ဗလာကျင်းသွားလေသည်။ သူ့ကို အားလုံးက ကြောက်ရွံ့ကြပြီး ဓားနတ်ဆိုးဟု အမည်ပေးထားကာ သူ့အနေနှင့်လည်း အတိတ်တုန်းက အဆင့်မြင့် ကျင့်ကြံသူများစွာကို စိန်ခေါ်ခဲ့ပြီး အကြောက်တရားကင်းမဲ့ခဲ့သော်လည်း ယခု လူအိုကြီးကို မြင်သည့်အခါ သူ့နှလုံးသားက ရင်ဘတ်မှ ခုန်ထွက်တော့မလို ခံစားနေရသည်။ သူ့နှုတ်ခမ်းဖျားပင် တုန်ရီလာကာ  “ ရှစ် … ရှစ်စွင်းလား ”

လော့ချန်ချင်းက ယွင်ဂိုဏ်း၌ တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းဆီ တစ်ခေါက်ရောက်ခဲ့ဖူး၍ ကျိထျန်းတောက်အား အဝေးမှ တစ်ခါ လှမ်းမြင်ဖူးသည်။ ထို့အပြင် နှစ်များစွာကြာမြင့်နေပြီ ဖြစ်၏။

ထိုလူအိုကြီးသည် လက်တစ်ဖက် နောက်ပစ်ကာ လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွေးသပ်နေသည်။ ထိုလူအိုကြီးက မိစ္ဆာလမ်းစဉ်မှ လူနှင့် မတူဘဲ စာပေကျမ်းဂန် နှံ့စပ်သည့် ပညာရှိလူအိုကြီးပုံစံ ပေါက်နေသည်။ ထို့ကြောင့် သူက ယွီရှန်းရုန်၏ စကားကို ကြားလိုက်သည့်အခါ အတော်လေး အံ့ဩသွားလေသည်။ ပို၍အရေးကြီးသည်က သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာ၏။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now