Chapter 17
December 1, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 17
Translator – Utopia
နောက်ပြီး ပြောရရင် ကျန်းမင်ဝေ့ရဲ့ စိတ်ထဲမှာ ရှဲ့ရွှမ်းချန်နဲ့ပတ်သက်ပြီး လျှို့ဝှက်ထားတဲ့ ခံစားချက်တချို့လည်း ရှိတယ်။ သူမ အသက် ၁၂ နှစ် မြို့တော်ဂိတ်တံခါးဝမှာ သူ့ကို တွေ့လိုက်ရကတည်းက ရှဲ့ရွှမ်းချန်က သူမအတွက် ချောမောခန့်ညားပြီး အောင်မြင်ခြင်းရဲ့ ပြယုဂ် ဖြစ်လာခဲ့တယ်။ အဲ့ဒီနေ့တွေတုန်းက ဝူအန်းဟိုရယ် တစ်ဖြစ်လဲ နောက်ပိုင်းမှာ ချီယန်ဝမ်ဖြစ်လာခဲ့တဲ့ ရှဲ့ရွှမ်းချန်က သိပ်ကို နာမည်ကြီးတယ်။ ရှဲ့ရွှမ်းကျီကို လူအများအပြားက ချီးကျူးထောမနာပြုကြပေမဲ့ ဟိုးအရင် ရှဲ့ရွှမ်းချန်နဲ့ ယှဥ်လိုက်ရင် ပမွှားလေးပဲ ရှိသေးတယ်။
အောင်မြင်နေတဲ့သူတွေက မကျရှုံးခင်မှာ သေသွားရတာကတောင် ပိုကောင်းဦးမယ်။ ရှဲ့ရွှမ်းချန် နာမည်ကျသွားတာကို ကျန်းမင်ဝေ့ နှမြောမိပေမဲ့ သူ အိမ်ထောင်ပြုသွားမှာကိုလည်း သူမ သည်းမခံနိုင်ဘူး။
သူမရင်ထဲက ငယ်ရွယ်တဲ့ဒီသူရဲကောင်းက ဘယ်သူမှ လက်လှမ်းမမှီတဲ့နေရာမှာပဲ ရှိသင့်တယ်။ သူမ မရဘူးဆို ဘယ်သူမှလည်း မရစေရဘူး။
သူမသမီးရဲ့ အမူအရာကို ကြည့်ရင်း ကျန်းသခင်မ အကြမ်းဖျင်းတော့ ခန့်မှန်းကြည့်နိုင်ပါတယ်။ သူမ သက်ပြင်းချလိုက်ပြီး မင်ဝေ့ရဲ့လက်ကို ဆုပ်ကိုင်ကာ
“မင်ဝေ့ ချီယန်ဝမ်က နေရမယ့်ရက် ဘယ်လောက်မှ မကျန်တော့ဘူး။ အရှင်မင်းကြီး မင်ထန်ကို ချီယန်ဝမ်ဖေးတင်မြှောက်ပေးလိုက်ပြီး ဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးဌာနကိုတောင် အဆောတလျင် ပြင်ဆင်ခိုင်းရတာလည်း ချီယန်ဝမ်က နောက်လအနည်းကိုတောင် ကျော်နိုင်တော့မယ့်ပုံ မပေါ်လို့ပဲ”
“သူ လအနည်းငယ်ပဲ နေရတော့မှာလား”
ကျန်းသခင်မက နှုတ်ဆိတ်နေခဲ့တယ်။ ကျန်းမင်ဝေ့လည်း နှုတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်တယ်။ ကျန်းသခင်မလည်း သူ့သမီးခံစားချက်ကို နားလည်ပါတယ်။ အဲ့ဒီနှစ်တုန်းက တောက်ပတဲ့အနာဂတ်နဲ့ ချီယန်ဝမ်က တစ်မနက်တည်းနဲ့တင် အခြေအနေတွေ ပြောင်းပြန်ဖြစ်ကုန်ပြီး ခမည်းတော်ကိုယ်တိုင်က အကျဉ်းချတာကို ခံခဲ့ရတာကိုး။ အဆုံးသတ်မှာ သူ့ဂုဏ်သိက္ခာတွေ အားလုံး ဆုံးရှုံးခဲ့ရတယ်။ ဘယ်သူ့က သူ့ကို မနှမြောဘဲနေမလဲ။
“မင်ဝေ့ သမီး စိတ်ပူစရာမလိုပါဘူး။ မင်ထန်က ဝမ်ဖေးဖြစ်လာမယ်ဆိုပေမဲ့ သူမက သမီးနဲ့ ဘယ်ယှဥ်နိုင်မှာလဲ။ သူမက ပြောရရင် မုဆိုးမဖြစ်ဖို့ အိမ်ထောင်ပြုလိုက်ရတာပဲ။ ချီယန်ဝမ်ရဲ့လက်ထဲမှာ သေသွားရင်တောင်မှ သူမကို သူရဲကောင်းအနေနဲ့ လူအများက ဝိုင်းချီးမွမ်းကြဦးမှာ။ သူမ အသက်ရှင်ရင်လည်း ချီယန်ဝမ်သေတာနဲ့ အရှင်မင်းကြီးရဲ့ အသနားကိုပဲ သူမ တောင်းခံရတော့မှာ။ ချီယန်ဝမ်က ရှေ့ဧကရာဇ်ရဲ့ သားတော်ပဲ။ အရှင်မင်းကြီးက ထီးနန်းရဲ့မူလပိုင်ရှင်ဖြစ်သူရဲ့ ဇနီးကို အရှင်ထားမယ် ထင်လို့လား။ အချိန်ကျလာတဲ့အခါ မုမင်ထန်လည်း ချီယန်ဝမ်နဲ့အတူ သင်္ဂြိုလ်ခံရလိမ့်မယ်။ အဲ့အခါကျ သူမကို ဇနီးဝတ်ကျေပွန်တဲ့သူလို့ပဲ သိကြတော့မှာ”
ကျန်းမင်ဝေ့ ဖြေးဖြေးချင်း သဘောတူသလို ရှိလာတယ်။ သူမ မှတ်မိသလောက်ဆိုရင်လည်း ပေရုံကို ရောက်သွားကတည်းက ရှဲ့ရွှမ်းချန်ရဲ့ အကြောင်းကို မကြားရတော့တာပဲ။ တစ်နှစ် နှစ်,နှစ်လောက်ကြာတဲ့အခါ သူ့အကြောင်းက အစအနတောင် မကျန်တော့ဘူး။ ရှဲ့ရွှမ်းကျီက ထီးနန်းတက်လာပြီး တိုင်းပြည်ကို အနုပညာနဲ့စာပေမှာ တိုးတက်အောင် လုပ်ဆောင်ခဲ့တယ်။ ယဲ့အင်ပါယာရဲ့တစ်ချိန်က စစ်ရေးအောင်ပွဲတွေကိုတော့ ပြည်သူတွေက တဖြေးဖြေး မေ့သွားကြတော့တယ်။
သူ့အမေပြောတာ မှန်တယ်။ အဆုံးသတ်မကောင်းတဲ့ အမြောက်စာဇာတ်ကောင်လေးနဲ့ သူမက ဘာလို့ ယှဥ်တိုက်ခိုက်နေရမှာလဲ။ မုမင်ထန်က ဝမ်ဖေးဖြစ်လာရင်တောင်မှ သူ့အမေ ပြောသလိုပဲ ချီယန်အိမ်တော်ဝင်ပြီးတာနဲ့ မုဆိုးမဖြစ်လာတော့မှာပဲဟာ။
ကလေးလည်း မရှိ၊ အာဏာလည်း မရှိ၊ ကျောထောက်နောက်ခံမရှိတဲ့ ဝမ်ဖေးတစ်ပါးသာသာပဲ ဖြစ်သွားလိမ့်မယ်။ ကျန်းမင်ဝေ့ သူမကို လုပ်ချင်သလို လုပ်လို့ရသွားပြီ။ ဒီအကြောင်းထိ တွေးမိတော့ သူမ ခေါင်းညိတ်ပြလိုက်တယ်။
“အမေမှန်ပါတယ် သမီး အတွေးတိမ်သွားတယ်”
သူ့သမီး စိတ်ပြောင်းသွားတာ တွေ့တဲ့အခါ ကျန်းသခင်မ ပျော်သွားတယ်။ ကျန်းမင်ဝေ့ကို ဘေးကို ခေါ်ပြီး လက်ဝတ်ရတနာတွေနဲ့ ပိုးထည်မျိုးစုံ ကြီးမားစွာ ပြင်ဆင်ပေးထားတာကို ပြလိုက်တယ်။
“ကျင်းဝမ်ကို သမီးက ထိမ်းမြားတော့မှာလေ။ ဒီလက်ဖွဲ့တွေက အမေ သမီးအတွက် ပြင်ပေးထားတာ။ သမီး တခြားလက်ရာကို ကြိုက်တယ်ဆို ပြောသာပြောလိုက် အမေ အကုန် လုပ်ပေးမယ်”
သူမမျက်စိရှေ့က ပုလဲအဆင်တန်ဆာတွေနဲ့ ပိုးထည်တွေကို ကြည့်ရင်း ပြုံးမိသွားတယ်။ ဒါက အစပဲရှိသေးတယ်။ သူမသာ ဧကရီမိဖုရားခေါင်ဖြစ်လာရင် အဆုံးမဲ့တဲ့ ဂုဏ်ရှိန်ဝါတွေနဲ့ ကြွယ်ဝမှုတွေက သူမကို စောင့်ကြိုနေတော့မှာ။
သူမရဲ့အိပ်ခန်းကို ပြန်ရောက်တဲ့အခါ အားလုံးက ထားခဲ့တဲ့အတိုင်း ရှိနေတာ မြင်ရတော့မှပဲ သက်ပြင်းချလိုက်နိုင်တယ်။
မုမင်ထန် ဒီမှာ တစ်နှစ်လောက် နေသွားပေမဲ့ သူမ နေခဲ့တဲ့ အငွေ့အသက် ဘာမှမကျန်ခဲ့ဘူးပဲ။ အရာအားလုံးက သူမဟာပဲ။
ကျန်းမင်ဝေ့ ပြုံးရင်း စားပွဲပေါ်က လက်ဝတ်ရတနာဘူးတစ်ခုကို ယူလိုက်ပြီး အစေခံကို ပြောလိုက်တယ်။
“ဒုတိယသခင်မလေးဆိုတာက ဧည့်သည်အခန်းမှာ နေ,နေတုန်းပဲလား။ သူမအတွက် ခက်ခဲရှာမှာပဲ။ ရော့ ဒါကို သွားပို့ပေးလိုက်။ ဒါက သူ့အစ်မရဲ့ မင်္ဂလာလက်ဖွဲ့လို့ ပြောပြလိုက်ချေ”
______________________________________________________________________________________________________