Chapter 85

1.8K 187 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 85
Translator – Utopia


မိဖုရားခေါင်ကြီးကလည်း အိမ်တော်ထဲ လစ်လပ်နေတဲ့နေရာတွေကို ဖြည့်ရအောင် အစေခံတွေ ပို့လိုက်တယ်။ အစောနကမှ ရောက်လာတဲ့ ရှန့်နန်ချွမ်က သူတို့အားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပြီး အိမ်တော်ရဲ့ ဝေယျာဝစ္စကိစ္စ အဝဝကို တာဝန်ယူထားတဲ့သူ ဖြစ်တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုမင်ထန်မှာ ဘာမှပြောစရာတော့ မရှိဘူး။ ဘယ်လိုလုပ်ပြီး အိမ်တော်တစ်ခုလုံးကို ဇနီးသည်တစ်ယောက်တည်းက ထိန်းသိမ်းနိုင်မှာတဲ့လဲ။ ကျန်းသခင်မ မပြောနဲ့ မုမင်ထန်ရဲ့မိခင်တောင်မှ ခြံဝန်းတစ်ခုနဲ့ လေးဆောင်တွဲ အိမ်တော်တစ်ခုကို စီမံခန့်ခွဲဖို့ အစေခံတွေ ဒါဇင်ကျော်ရှိတယ်။ ချီယန်အိမ်တော်လို အိမ်တော်ကြီးသာဆို သူမ တစ်ယောက်တည်း ဘယ်လိုလုပ် အကုန်လုံးကို စီမံနိုင်မှာလဲ။

သူမတို့မိသားစုက ကုန်သည်တွေလောက်ပဲဆိုတော့ သူတို့အိမ်တော်က ဘယ်လိုလုပ် မင်းသားတစ်ပါးရဲ့အိမ်တော်နဲ့ ယှဥ်နိုင်မှာလဲ။  အစကတော့ သူမမှာ ရွေးချယ်စရာမရှိတာမို့ ကိုယ်တိုင်ကိုယ်ကျပဲ ဝင်လုပ်ခဲ့ရပေမဲ့ အခု ရှဲ့ရွှမ်းချန်က နိုးလာပြီဆိုတော့ ဝမ်ဖေးတစ်ပါးအနေနဲ့  သူမက အိမ်အလုပ်တွေ ဝင်လုပ်နေဖို့ မသင့်တော်တော့ချေ။

ချီယန်အိမ်တော်မှာ စီမံပေးဖို့ လူလိုနေတာဖြစ်ပြီး နန်းတော်ကလည်း အစေခံတွေ ပို့ပေးလာတယ်ဆိုတော့ အတော်ပဲ ဖြစ်သွားတယ်။ ဒီအစေခံတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကတော့ .... သူမရဲ့ လက်ရှိအခြေအနေနဲ့ ဘယ်သူပဲဖြစ်ပါစေ သူမ ဘာမှပြန်လုပ်နိုင်တာမှ မဟုတ်တာ။ 

ဒီတော့ စိတ်ပူနေတာတွေကို ခဏဖယ်ထားပြီး ရှန့်နန်ချွမ်နဲ့ ပြေပြေလည်လည် ဆက်ဆံတာက အသင့်တော်ဆုံး ဖြစ်လိမ့်မယ်။ သူမကြည့်ရတာလည်း ခေါင်းဆောင်ကောင်းတစ်ယောက်ပုံ ပေါ်ပါတယ်၊ မုမင်ထန်လည်း အေးအေးဆေးဆေး နေလို့ ရသွားတာပေါ့။

မုမင်ထန်က ခေါင်းညိတ်ပြပြီး ပေါ့ပေါ့ပါးပါးပဲ အားပေးစကားတချို့ ပြောလိုက်တယ်။ တစ်နည်းပြောရရင် သူမဘက်က အိမ်တော်ထိန်းအသစ်ကို အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောပဲ ဖြစ်တယ်။ ချီယန်ဝမ်နဲ့ ယှဥ်ရင် ချီယန်ဝမ်ဖေးက သူမ ထင်ထားတာထက် စကားပြောရ ပိုအဆင်ပြေတာကို ရှန့်နန်ချွမ် သိလိုက်ရတယ်။

ရှန့်နန်ချွမ်လည်း တစ်ခုချင်းစီ ပြန်ဖြေပေးပြီးတဲ့နောက် မတ်တတ်ရပ်လိုက်ပြီး

"ဝမ်ဖေး မီးဖိုမှာ မီးရှိနေတုန်းပါပဲ၊ ညလယ်စာအတွက် တစ်ခုခု စားချင်တာများ ရှိပါသလား"

သူမပြောတာကို မုမင်ထန် ချက်ချင်းပဲ သဘောပေါက်လိုက်တယ်၊ စွန်းကူးကူးက သူမကို ၂ ရက်တောင် အငတ်ထားခဲ့တာပဲ။ သူမ မြောက်ပိုင်းကို စစ်ပြေးရတုန်းကနဲ့ ယှဥ်ရင် ဒီလောက် အစာ‌ရေစာ ငတ်ပြတ်တာလေးက ဘာမှ မပြောပလောက်ဘူး။ ဒါပေမဲ့ သူမ မွေးစားခံရပြီးတဲ့နောက် ဝတ်ဖို့ စားဖို့ ပူစရာမလိုတော့ဘူး။ သူမ တစ်နှစ်ကျော် ကောင်းကောင်းမွန်မွန်နဲ့ တစ်နေ့ ထမင်းသုံးနပ် စားရတာမို့ သူမရဲ့အစာအိမ်ကတောင် ဒီလိုစည်းစိမ်အပြည့်နဲ့ဘဝကို အသားကျနေပြီ ဖြစ်တယ်။ အခု သူမ တော်တော် ဆာလောင်နေပြီး အစာအိမ်ထဲ နေလို့သိပ်အဆင်မပြေချေ။

နန်းတော်ကလာတဲ့သူတွေက စကားပြောတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိရှိ ပြောတတ်ကြပြီး သူမ အရှက်ရအောင်လို့ ဗိုက်ဆာနေလား ဒဲ့မမေးကြချေ။ မုမင်ထန်လည်း ခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီလေ၊ ဒါပေမဲ့ ညဘက်ဆိုတော့ အဆီများတဲ့စားစရာတွေ စားဖို့ မသင့်တော်ဘူး။ ဒီအတိုင်း ဘာလီဆန်ပြုတ်တစ်ပန်းကန်ပဲ ပြင်လိုက်ပါ"

သူမ ရှဲ့ရွှမ်းချန်ကို လှမ်းကြည့်လိုက်ပြီး

"တစ်ခုခု စားချင်သေးလား"

ရှဲ့ရွှမ်းချန်ရဲ့မျက်နှာက တစ်ယောက်ယောက်က သူ့ဆီက ပိုက်ဆံလာချေးသွားသလိုမျိုး အေးစက်နေဆဲဖြစ်တယ်။

"ကိုယ် မစားချင်ဘူး"

"အွန်း" မုမင်ထန် ရှန့်နန်ချွမ်ဘက် ပြန်လှည့်လိုက်ပြီး "တရုတ်ကဒက်ဥကို ကြက်သားမျှင်နဲ့ ဆန်ပြုတ် ပြုတ်လိုက်ပါ၊ မီးအေးအေးနဲ့ ခပ်ကြာကြာလေး ပြုတ်ပေး"

ရှန့်နန်ချွမ် အံ့အားသင့်သွားပြီး ရှဲ့ရွှမ်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ထို့နောက် မယုံနိုင်တဲ့ပုံနဲ့ မုမင်ထန်ကို ပြန်ကြည့်နေမိတော့တယ်။ ပေါင်းသင်းဆက်ဆံရ ခက်လွန်းတယ်လို့ နာမည်ကြီးတဲ့ ချီယန်ဝမ်ရယ်က ဘာတစ်ခွန်းမှတောင် ပြန်မပြောဘဲ မုမင်ထန်ကိုပဲ ဆုံးဖြတ်ခိုင်းတယ်တဲ့လား။

ရှန့်နန်ချွမ် နည်းနည်းတောင် ဇဝေဇဝါ ဖြစ်သွားတယ်။ ချီယန်ဝမ်ရယ် သစ်သားဇွန်းကို ချိုးပစ်လိုက်တုန်းက သူက သူမကို သတ်ပစ်နိုင်တဲ့သူမှန်း တန်းသိလိုက်တယ်။ နောက်ကျ ဘုရားကျောင်းမှာ မယ်တော်ကြီးလက်အောက်က ‌ခေါင်းဆောင်အရာရှိ ကူးကူးကို တစ်စက်ကလေးတောင် ညှာတာမှုမရှိဘဲ ပြက်ရယ်ပြုခဲ့တာကို သူမ တွေ့မြင်ခဲ့ရတယ်။ ဒါပေမဲ့ အခုကျ ဝမ်ဖေးက သူ့အမိန့်ကို မနာခံဘဲ သူ့ရှေ့မှာတင် တခြားဟာလုပ်နေတာကို ဝမ်ရယ်က စိတ်မဆိုးတတ်တဲ့သူလိုမျိုး ဘာမှမဖြစ်တဲ့အတိုင်း နေ,နေတယ်တဲ့လား???

ရှန့်နန်ချွမ် သူတို့နှစ်ယောက်ကိုကြည့်ပြီး ခဏလောက် ပြောစရာစကား ပျောက်ရှသွားတယ်။ ထို့နောက် ဇဝေဇဝါ စိတ်ထဲက တွေးရင်းနဲ့ပဲ အခန်းထဲက ထွက်သွားတော့တယ်။ နောက်လိုက် အစေခံတွေလည်း ရှဲ့ရွှမ်းချန်ကို သေမလောက် ကြောက်တာမို့ သူမ ထွက်သွားတာနဲ့ တစ်ယောက်ပြီး တစ်ယောက် အကြောင်းပြချက်တစ်ခုခုပေးပြီး ထွက်သွားကြတော့တယ်။

အားလုံး ထွက်သွားတဲ့အခါကျမှပဲ မုမင်ထန်က ပြောလာတယ်။

"ဆန်ပြုတ် ပြုတ်ခိုင်းလိုက်တာဆိုတော့ တော်တော်လေးတော့ အချိန်ကြာဦးမှာပါ။ ဒီကြားထဲ အရှင့်သား နားလို့ရအောင် အိပ်ရာထဲ ကျွန်မ ခေါ်သွားပေးမယ်"
____________________________________________________________________________________________

  

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now