Chapter 67

1.8K 197 0
                                    


စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 67
Translator - Utopia 


လူတစ်ယောက်က အသိစိတ် ဝင်လိုက်ထွက်လိုက် ဖြစ်နေချိန်မှာ မသိစိတ်ကနေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အလိုလို လုပ်မိတတ်ကြတယ်။ သူ စိတ်လွတ်သွားတိုင်း သူ့ခွန်အားကို အတိုင်းအဆမရှိ သုံးမိပြီး အန္တရာယ်ပိုရှိလာတယ်။ ရှဲ့ရွှမ်းချန်က သူမတူတဲ့ ခွန်အားမျိုးကို ရရှိထားတဲ့သူဖြစ်တာကြောင့် သူ မထိန်းချုပ်နိုင်တော့တဲ့အခါ ဘယ်လို ဖရိုဖရဲအခြေအနေမျိုး ဖြစ်လာနိုင်မလဲဆိုတာက ပြေးကြည့်စရာတောင် မလိုဘူး။

ဒီလိုဖြစ်နေတဲ့တစ်ချိန်လုံးမှာ သူ ဘယ်ကိုရောက်နေတာလဲ ဘာတွေကို လုပ်နေတာလည်း ရှဲ့ရွှမ်းချန် မသိတော့ဘူး။ အဆုံးသတ်ကို မမြင်ရတဲ့လမ်းတစ်ခုပေါ် သူ တစ်ယောက်တည်း လျှောက်နေရသလိုပဲ။ နေရာတိုင်းမှာ သွေးတွေလွှမ်းနေပြီး ကောင်းကင်ကြီးတောင်မှ သွေးနီရောင်ဖြစ်နေတယ်။ သူ့လက်ကြားထဲကနေ သွေးတွေက တစ်စက်စက် ကျနေတော့တယ်။

ဝတ်စရာမရှိဘူးလို့ ဘာလို့ ပြောသလဲ၊ ငါ့ဝတ်ရုံကို မင်းအတွက် ပေးမယ်။ စစ်ပွဲက ငါတို့ဘုရင်မင်းမြတ်ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်ကနေ လာတယ်။ ပုဆိန်သွားလှံရှည်ကို အသင့်ပြင်လို့ စစ်မြေပြင်က ရန်သူအပေါင်းကို ချေမှုန်းကြမယ်!

ဝတ်စရာမရှိဘူးလို့ ဘာလို့ ပြောသလဲ၊ ငါ့ဝတ်ရုံကို မင်းအတွက် ပေးမယ်။ စစ်ပွဲက ငါတို့ဘုရင်မင်းမြတ်ရဲ့  ကြီးမြတ်တဲ့ ရည်မှန်းချက်ကနေ လာတယ်။ ပုဆိန်သွားလှံရှည်ကို အသင့်ပြင်လို့ စစ်မြေပြင်က ရန်သူအပေါင်းကို ချေမှုန်းကြမယ်!

ဒါပေမဲ့ သူ ဘယ်အချိန်က စမှားသွားခဲ့တာလဲ။ သူ လုပ်ခဲ့မိတာဆိုလို့ သူ့ကိုတိုက်ခိုက်လာတဲ့သူတွေကို ရင်ဆိုင်ဖို့ ခွန်အားကို သုံးခဲ့ရုံတင်ပါပဲ။ သူ့မှာ အသက်ဆက်ရှင်ဖို့ရော သေဖို့ရော ဘာသိက္ခာမှ မရှိတော့ဘူး။ အသက်ရှင်နေလည်း ပြည်သူတွေကို ရင်ဆိုင်ဖို့ အရှက်ရနေမိတယ်။ သေသွားရင်တောင် တပ်ထဲက သူ့အရင်ရဲဘော်ရဲဘက်တွေကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်ရမလဲ။

အစကတည်းက သူက မွေးမလာသင့်တာပဲ နေမယ်။ အဲ့နှစ်တုန်းက သေသွားတဲ့သူက အစ်ကိုကြီးမဟုတ်ဘဲ သူပဲ ဖြစ်လိုက်ရမှာ၊ အဲ့လိုသာဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ရှဲ့ရွှမ်းချန်ရဲ့အမြင်က သွေးရောင်တွေပဲ လွှမ်းနေချိန် ငိုသံတစ်ခု သူ ကြားလိုက်ရတယ်။

"သူက ကျဲမျိုးနွယ်စုကို တိုက်ထုတ်ခဲ့တဲ့သူရဲကောင်းပဲ၊ မြောက်ပိုင်း ထန်ပြည်ထောင်ကို သိမ်းပိုက်ခဲ့တဲ့သူပဲ။ တိုင်းပြည်ကို အုတ်မြစ်ချပေးခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ပဲ။ ဘာလို့ ရှင်တို့ သူ့ကို အခုလို ဆက်ဆံနေကြတာလဲ ...."

ကျဲမျိုးနွယ်ကို တိုက်ထုတ်ခဲ့တယ်၊ မြောက်ပိုင်းထန်ပြည်ထောင်ကို သိမ်းပိုက်တယ်၊ တိုင်းပြည်ကို အုတ်မြစ်ချပေးခဲ့တယ် ... အဲ့တာက ဘယ်သူလဲ?

ကြည့်ရတာ အဲ့တာက သူပဲနဲ့ တူတယ်။ ဒါပေမဲ့ ဘယ်သူက စကားပြောနေတာလဲ?

ရှဲ့ရွှမ်းချန် သံသယဝင်လာပြီး တွေးတောနိုင်စွမ်းက အချိန်တိုအတွင်းမှာ ပြန်ရလာတယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလိုပဲ ငိုသံတစ်ခုကို ကြားရပြန်တယ်။

"သူက နေမကောင်းဖြစ်နေရုံတင်။ ရာဇဝတ်သား မဟုတ်ဘူး"

သူက နေမကောင်းဖြစ်နေတာတဲ့။

ရုတ်တရက် ရှဲ့ရွှမ်းချန် မျက်လုံးတွေ နာကျင်လာတယ်။ ကံကောင်းတာက သူ့မျက်လုံးတွေက အမြဲတမ်း နီရဲနေတာမို့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။ တစ်လောကလုံးက သူ့ကို ကြောက်တယ်၊ ရွံမုန်းနေကြတယ်၊ အဖေဖြစ်သူကိုယ်တိုင်တောင်မှ ကိုယ့်ဆွေမျိုးသားချင်း ရဲဘော်ရဲဘက်တွေ အပေါင်းအပါတွေကို ရန်ပြုခဲ့တဲ့အတွက် သူ့ကို ကျိန်ဆဲပြစ်တင်ခဲ့တယ်။ တစ်လောကလုံးမှာ တစ်ယောက်တည်းကသာ တုံ့ဆိုင်းခြင်းမရှိဘဲ သူက နေမကောင်း ဖြစ်နေရုံတင်လို့ ပြောနေတယ်။

ဇောက်ထိုးမိုးမျှော်နဲ့ သွေးတွေအပြည့် ဖုံးလွှမ်းနေတဲ့ ဒီကမ္ဘာကြီးထဲ အရာအားလုံးက မြွေတွေ ကင်းတွေလို တွန့်လိမ်ပြီး အစွယ်ဖွေးဖွေးနဲ့ သူ့ဆီ တွယ်တက်လာနေကြတယ်။ သူမတစ်ယောက်တည်းကသာ အားလုံးနဲ့ ဆန့်ကျင်ပြီး သူ့ဆီ ဖြေးဖြေးချင်း လျှောက်လာနေတယ်။

သူမက ဘယ်သူလဲ ရှဲ့ရွှမ်းချန် မှတ်မိတယ်။ သူမက မုမင်ထန်၊ သူ့ရဲ့ ဝမ်ဖေးအသစ်စက်စက်ပဲ။

မုမင်ထန် အားလုံးကို အော်ထုတ်လိုက်ပြီးနောက် မျက်ရည်ကောက်သုတ်လိုက်ပြီး ရှဲ့ရွှမ်းချန်ဆီ လျှောက်လာတယ်။

"အရှင့်သား ကျွန်မပါ၊ မုမင်ထန်"

မုမင်ထန် ပြောရင်း သူ့ဆီ ဖြေး‌ဖြေးချင်း လျှောက်လာတယ်။ ရှဲ့ရွှမ်းကျီ မျက်မှောင်ကြုတ်လိုက်ပြီး အော်လာတယ်။

"မင်း ရူးနေလား"

သူမဘေးက လက်နက်အပြည့်နဲ့လူတွေကလည်း သူမကို တားဖို့ ကြိုးစားလာကြတယ်။

"ဝမ်ဖေး ဒါက အန္တရာယ်များလွန်းတယ်"

ဒါပေမဲ့ မုမင်ထန်ကတော့ မျက်ကန်းတစ္ဆေမကြောက်သလိုမျိုး တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်လျှောက်နေတယ်။ အားလုံးလည်း သူမကို ပြန်ဆွဲချင်ပေမဲ့ ရှဲ့ရွှမ်းချန်အနားလည်း မကပ်ရဲကြပြန်ဘူး။ ချွန်မြနေတဲ့ ဓားလှံတွေကြားထဲနေ မုမင်ထန် လမ်းဖွင့်ပြီး ဖြေးဖြေးချင်း လျှောက်သွားတာကို ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။ သူမက အားလုံးနဲ့ ဆန့်ကျင်ဘက်ကို လျှောက်လာပြီး

"အရှင့်သား ကျွန်မပါ"

မုမင်ထန် မျက်ရည်သုတ်ဖို့ လုပ်လိုက်ပေမဲ့ ဆက်တိုက်ပဲ ငိုနေမိတော့တယ်။ ဒါကြောင့်မို့ သူမ မျက်ရည်တွေဘာတွေလည်း သုတ်မနေတော့ဘူး။ သူမနဲ့ ရှဲ့ရွှမ်းချန်ကြားက အကွာအဝေးက ဘယ်သူမှ အသက်ရှင်လျက် ကြားမဝင်နိုင်တဲ့အနေအထားမျိုးမှာ ရှိတယ်။

ခြံဝန်းထဲက စစ်သားတွေအကုန်လုံး တိတ်ဆိတ်သွားကြတယ်။ သူတို့အားလုံးက သိုင်းတတ်ကြပြီး လက်ထဲမှာလည်း လက်နက်အပြည့်နဲ့။ ဘယ်သူမဆို မုမင်ထန်လောက်ကတော့ အသာလေး အနိုင်ယူနိုင်တယ်။ ဒါပေမဲ့ အခု အခိုက်အတန့်မှာတော့ ဒီအားနွဲ့တဲ့ မိန်းမငယ်လေးကိုသာ ငေးကြည့်နေကြတော့တယ်။ ရှဲ့ရွှမ်းကျီကို အနီးကပ် ခစားရတဲ့ ကျင်းအိမ်တော်ရဲ့ လုံခြုံရေးတပ်မှူးတောင်မှ လက်ထဲ ဓားကို ကျစ်ကျစ်ပါအောင် ကိုင်ထားရင်း ရင်တမမနဲ့ မုမင်ထန်ကို စိုက်ကြည့်နေတယ်။ သူ့တာဝန်တွေကိုတောင် ဂရုမစိုက်အားတော့ဘူး။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now