စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 71
Translator – Utopia
တကယ်တော့ အကြီးတန်း တော်ဝင်သမားတော်ကြီးက သူမကို အသေးစိတ် မပြောပြချင်ချေ။ သူမက ကျင်းဝမ်ဖေးလိုမျိုး ဧကရာဇ်ရဲ့ တရားဝင် ချွေးမတော်လည်း မဟုတ်တဲ့အပြင် ချီယန်အိမ်တော်ကလူတွေနဲ့ ပတ်သက်မိရင် သူ့အတွက် ဘာကောင်းကျိုးမှ ရှိလာမှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း သူ ဘယ်လောက်ပဲ အေးတိအေးစက်ဆက်ဆံပါစေ မုမင်ထန်ကတော့ ခေါင်းမာမာနဲ့ပဲ မေးနေတုန်းပဲ။ နောက်ဆုံးတော့ သမားတော်လည်း နည်းနည်း စိတ်လျှော့လိုက်ပြီး နှစ်ခွန်းပဲ တိုတိုတုတ်တုတ် ပြောလာတယ်။
"ဝမ်ရယ်က တစ်ရက်တည်းနဲ့ သူ့ခွန်အားတွေကို အကုန်ထုတ်သုံးလိုက်တယ်၊ ရေရှည်မှာ ဒါက သူ့အတွက် မကောင်းဘူး။ ဝမ်ရယ်ရဲ့ခန္ဓာကိုယ်က မမာမကျန်းဖြစ်နေတာကြာပြီမို့ အားကုန်ထုတ်သုံးလိုက်တိုင်းမှာ သူ့ခန္ဓာကိုယ်ကို နှစ်ဆပိုထိခိုက်စေလိမ့်မယ်"
နောက်ဆုံးတော့ မုမင်ထန် နားလည်သွားတယ်၊ ထို့နောက် သမားတော်ဖြေပေးတုန်းလေး သူမ သိချင်သမျှကို ဆက်ပြီး မေးနေတော့တယ်။ သမားတော်က သူမကို အများကြီး ပြောပြလို့ မရဘူးဆိုတော့ကာ သူမ စိတ်မှန်းနဲ့ပဲ သူမ ထင်တာကို ပြောပြပြီး တကယ်လို့ သမားတော်က အဲ့လိုမဟုတ်ဘူးလို့ မပြောလာသ၍ အဲ့တာက မှန်တယ်လို့ပဲ မှတ်ယူထားလိုက်တယ်။
ရှဲ့ရွှမ်းချန်ရဲ့ခန္ဓာကိုယ်ကို အာဟာရဖြစ်အောင် ဘယ်လိုကျွေးမွေးရမလဲ သူမ အများကြီး သိလိုက်ရတယ်။ မုမင်ထန် လေးလေးစားစားနဲ့ သမားတော်ကြီးကို အရိုအသေပေးရင်း
"အခုလို နောက်ကျတဲ့အထိတောင် နေပေးတဲ့အတွက် သမားတော်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ သမားတော်ကြီးကို လိုက်ပို့ပေးပါမယ်"
လူတွေက ဘယ်လောက်တောင် ပြောင်းလဲလွယ်သလဲဆိုတာ သူမ ကောင်းကောင်းသိပါတယ်၊ ဘယ်သူကမှ သူမကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ တာဝန်ရှိမနေဘူး။ တော်ဝင်သမားတော်တွေ၊ အစောင့်ရဲမက်တွေ သူတို့အားလုံးမှာလည်း ရည်ရွယ်ချက်ကိုယ်စီ ရှိကြပြီး သူမကို အခုလို ဆက်ဆံတာ မှားတယ်လို့တော့ ပြောလို့မရဘူး။ သူတို့ကို သူမ နားလည်ပေးလို့ရပါတယ်၊ အဲ့လိုပဲ သူမမှာလည်း သူမရည်ရွယ်ချက် ရှိပြီးသား။ နည်းလမ်းတစ်ခုခုက အမြဲတမ်း ရှိစမြဲပါပဲ၊ တကယ်လို့ ဘယ်သူကမှ သူမကို စကားမပြောလာရင် သူမက အရင် သွားပြောမယ်၊ မေးမယ်၊ ထပ်ကာ ထပ်ကာ ရတဲ့အထိ မေးမှာပဲ။ သူတို့ တစ်ခွန်းလောက်ပြန်ပြောလာရင် သူမ ဆက်ဆက်မေးသွားမယ်ဆို ရှဲ့ရွှမ်းချန်အတွက် ဆေးညွှန်းကို တစ်စွန်းတစ်စတော့ သူမလည်း သိလာရမှာပဲ။
အခုလို သမားတော်က ပြောပေးလာတာနဲ့တင်ကို မုမင်ထန် အတော်လေး ကျေးဇူးတင်မိတယ်။ သူမ လေးလေးစားစားနဲ့ အရိုအသေပေးပြီး ကိုယ်တိုင် ပြန်လိုက်ပို့ပေးလိုက်တယ်။ ဒါပေမဲ့ သူမ တံခါးနားရောက်တာနဲ့ တောက်ပနေတဲ့ဓားတစ်ချောင်းက သူမကို ဟန့်တားလာတယ်။
"ဝမ်ဖေး ကျေးဇူးပြုပြီး အထဲမှာပဲ နေပေးပါ"
မုမင်ထန် အနေရခက်စွာနဲ့ပဲ ပြုံးထားရင်း သမားတော်ကို ယဥ်ယဥ်ကျေးကျေးနဲ့
"အလုပ်တွေ ပိုစေမိတဲ့အတွက် ကျွန်မကပဲ အားနာမိပါတယ်၊ ဒီနေ့တော့ သမားတော်ကြီးကို လိုက်ပို့ပေးလို့ရမယ်မထင်ဘူး။ ကျွန်မအစား အစောင့်တစ်ယောက်ကိုပဲ လိုက်ပို့ပေးဖို့ ပြောလိုက်ပါမယ်။ ကျွန်မကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"
သေချာတာပေါ့ သမားတော်ကြီးကတော့ ဘာတစ်ခွန်းမှမဆိုပဲ မုမင်ထန်ကို နောက်ဆုံးအကြိမ် တစ်ချက် လှမ်းကြည့်ပြီးတဲ့နောက် ဆေးသေတ္တာကို ကျစ်ကျစ်ပါအောင်ကိုင်ရင်း အမြန်ပဲ ထွက်သွားတော့တယ်။
မုမင်ထန် တံခါးဝမှာပဲ ရပ်နေပြီး အထဲကို ချက်ချင်းပြန်မဝင်သွားခဲ့ချေ။ သူမ အချိန်အတော်ကြာ မသွားသေးတာကို မြင်တော့ အစောင့်တွေလည်း ဓားကို ကျစ်ကျစ်ကိုင်ထားကြရင်း မျက်တောင်တောင် မခတ်ရဲဘူး။ မုမင်ထန် အဲ့နားမှာပဲ အချိန်အတော်ကြာ ရပ်နေခဲ့ပြီးနောက် သမားတော်ကို မမြင်ရတော့တဲ့အချိန်မှာပဲ အထဲကို ပြန်လှည့်ဝင်လာတော့တယ်။
အစောင့်တွေလည်း သူမကိုပဲ သတိကြီးကြီးပဲ အာရုံစိုက်ကြည့်နေကြပြီး ဒီလောက်မြန်မြန် အထဲ ပြန်လှည့်ဝင်သွားမယ်လို့ မထင်ထားကြဘူး။ သူမလည်း အထဲဝင်သွားကော သူတို့တွေ တစ်ယောက်ကို တစ်ယောက် မျက်လုံးအပြူးသားနဲ့ ကြည့်နေမိတော့တယ်။
အကြီးတန်း တော်ဝင်သမားတော်ကြီးက နောက်ဆုံးပြန်သွားတဲ့သူ ဖြစ်တယ်။ သူ ပြန်သွားပြီးတဲ့နောက် အိမ်တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။ ညနေခင်းတုန်းကတော့ အိမ်တော်တစ်ခုလုံး လင်းထိန်နေပေမဲ့ ညဘက်ကျ ကြောက်လန့်စရာကောင်းအောင်ကို တိတ်ဆိတ်ငြိမ်သက်နေတော့တယ်။ သိသိသာသာ ကွဲထွက်နေတဲ့ အခြေအနေက မုမင်ထန်ကို စိတ်အဆင်မပြေ မဖြစ်စေဘူး၊ အဲ့အစား အခုလိုကမှ ယွီလင်ခန်းမဆောင်ရဲ့ တကယ့်ပုံရိပ်လို့ သူမ တွေးမိတယ်။
နောက်ဆုံးကျ ပျားပန်းခပ် လှုပ်ရှားနေကြတဲ့ ကမ္ဘာကြီးကလည်း တဖြေးဖြေး ဝေဝါးပျောက်ကွယ်သွားပြီး အဆုံးသတ်အထိ ရှိနေမှာက သူမနဲ့ ရှဲ့ရွှမ်းချန်သာ ဖြစ်တယ်။
ရှဲ့ရွှမ်းချန်က မေ့မြောနေဆဲဖြစ်တာကြောင့် သူ့ဟာသူ ရေမသောက်နိုင်ချေ။ မုမင်ထန် ရေကို ဂွမ်းထဲစွတ်ပြီး သူ့နှုတ်ခမ်းပေါ် အစက်ချကာ တိုက်ရတယ်။
အိမ်တော်ထဲ ရှိသမျှ တံခါးတွေ အကုန် ပိတ်ထားတယ်၊ ရှဲ့ရွှမ်းချန်က လူမမိဘဲ အချိန်အတော်ကြာအောင် သတိပြန်ရနေခဲ့တယ်။ ဒီတစ်ခေါက်တော့ ရှဲ့ရွှမ်းကျီ သင်ခန်းစာ ရသွားပြီးမို့ ယွီလင်းခန်းမဆောင်ဆီ စောင့်ကြည့်ဖို့ လူလွှတ်ထားတယ်။ မုမင်ထန် လုပ်သမျှကို နောက်ကနေ လိုက်စောင့်ကြည့်နေတယ်ဆိုပေမဲ့ သူမကတော့ ဂရုမစိုက်ဘူး။ ရှဲ့ရွှမ်းချန်ကို ရေတိုက်ပြီးတဲ့နောက် စောင်သေချာခြုံပေးလိုက်တယ်။ ထို့နောက် မီးအိမ်ကို ကိုင်ပြီး သူမအခန်းထဲကို ပြန်သွားတော့တယ်။
ဟုတ်တာပေါ့ မုမင်ထန်နဲ့ ရှဲ့ရွှမ်းချန်တို့ တစ်အိပ်ရာထဲ မအိပ်ကြဘူးဆိုတဲ့အကြောင်းကလည်း တစ်ခါတည်း ပေါ်သွားတော့တယ်။
____________________________________________________________________________________________