စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
(I’ll Be the Male Lead’s Sister-in-Law )
Chapter 8
Translator – Utopia
ချီယန်ဝမ်ရဲ့အခြေအနေနဲ့ ဧကရာဇ်က ဘယ်လိုသက်ဆိုင်နေလဲတော့ မုမင်ထန်လည်း သေသေချာချာ မသိဘူး။ ဒါပေမဲ့ ဧကရာဇ်က အပြစ်ရှိစိတ်နဲ့အတူ ပြည်သူတွေက သူ့တူတော်ကို ကောင်းကောင်း မဆက်ဆံဘူးလို့ ပြောဆိုဝေဖန်ကြမှာကို စိုးရိမ်နေတာ ဖြစ်တယ်။
ဒီလိုအချိန်မှာပဲ ကျန်းဟုန်ဟောက်က ဖြေရှင်းဖို့ နည်းလမ်းအနေနဲ့ သူ့မွေးစားသမီးကို ချီယန်ဝမ်နဲ့ ထိမ်းမြားပေးဖို့ အချိန်ကိုက် လျှောက်တင်လာခဲ့တယ်။ ဧကရာဇ်က ချီယန်ဝမ်ကို ဆေးကုသပေးရုံတင်မက ဝမ်ဖေးတစ်ပါးပါ ရှာပေးတယ်ဆိုတော့ကာ ချီယန်ဝမ် ပြန်မကောင်းလာတော့ရင်တောင်မှ ဘယ်သူမှ သူ့ကို အပြစ်တင်လို့ မရတော့ချေ။
ကျန်းမိသားစုက ဒီအကျိုးဆောင်မှုအတွက် သေချာပေါက် ဆုလာဘ်ကြီးကြီး အချီးမြှင့်ခံရမှာပဲ။ ကြည့်ရတာ ကျန်းဟုန်ဟောက် အခုလက်ရှိရာထူးကနေတောင် ထပ်တိုးသွားမယ်ထင်တယ်။ အရှင်မင်းကြီးကလည်း သူ့ဂုဏ်သတင်းကို ကာကွယ်နိုင်မယ်၊ ကျန်းမိသားစုအတွက်လည်း အကျိုးအမြတ်ရှိမယ်၊ ကျန်းမင်ဝေ့အတွက်လည်း အစားထိုးခံကို တစ်ခါတည်း ရှင်းထုတ်ပစ်လိုက်ပြီးသားဖြစ်သွားမယ်၊ ရှဲ့ရွှမ်းကျီလည်း သူ့အချစ်ဦးကို စိတ်ကျေနပ်စေမယ်၊ အားလုံး ပျော်ရွှင်ကြရမယ့်ကိစ္စပဲ ..... စတေးခံဖြစ်တဲ့ သူမက လွဲရင်ပေါ့။
အနာဂတ်မှာ ရလာမယ့်အကျိုးအမြတ်တွေအားလုံးကို အပြင်က ကောက်မွေးစားထားတဲ့ သူစိမ်းတစ်ယောက်အတွက်နဲ့ ကျန်းဟုန်ဟောက်က လက်လွှတ်ခံပါ့မလား? သေချာတာပေါ့ အဖြေက လုံးဝပဲ။
သူမ ကျန်းအိမ်တော်ထဲ ဝင်ခဲ့တာ တစ်နှစ်ခွဲရှိခဲ့ပြီ။ အစပိုင်းမှာတော့ သူမ နမော်နမဲ့ နိုင်ခဲ့ပေမဲ့ ခပ်သွက်သွက်ပဲ အိမ်တော်ကသူတိုင်းကို စိတ်ကျေနပ်စေဖို့ သူမ ကြိုးစားခဲ့တယ်။ အစေခံတွေတောင် မချန်ဘူး။ ကျန်းလင်မယားက သူမကို သမီးအရင်းလို မမြင်ရင်တောင်မှ သူမကို နည်းနည်းလောက်တော့ သံယောဇဉ်ရှိမှာပဲ။ ခွေးတစ်ကောင်တောင်မှ တစ်နှစ်လောက် အစာကျွေးထားရင် သတ်ဖို့ တွန့်ဆုတ်ကြတာပဲလေ။
ဒါပေမဲ့လည်း သူမအဖြစ်က ခွေးတစ်ကောင်လောက်တောင် မကောင်းခဲ့ပါလား။ သူတို့က တစ်ခါမှ သူမကို လူတစ်ယောက်လို့ မမြင်ခဲ့ဖူးဘူးပဲကိုး။ သူမ ဒီမှာ ရှိနေရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ကျန်းမင်ဝေ့ကို အစားထိုးဖို့ပဲ။ အခု ကျန်းမင်ဝေ့ပြန်ရောက်လာပြီဆိုတော့ကာ သူမကို ချီယန်အိမ်တော်ဆီ တွန်းပို့ပြီး အကျိုးအမြတ် ရနိုင်သမျှ ရအောင် ညှစ်ယူနေကြတယ်။
မုမင်ထန် ကြမ်းပြင်မှာ အချိန်အတော်ကြာ ဒူးထောက်နေတာကို တွေ့တော့ ကျန်းဟုန်ဟောက် စိတ်တော့ မကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ရုပ်ကလေးသနားကမားနဲ့လေ။ ကျန်းဖုရန် သူမကို ခေါ်လာတုန်းက မင်ဝေ့နဲ့ ခပ်ဆင်ဆင်ဆိုပေမဲ့ တစ်နှစ်လောက်ကြာတဲ့အခါ သူတို့ရဲ့ဂရုစိုက်မှုအောက်မှာ မင်ထန်က သူ့အလှနဲ့သူ တစ်သွေးတစ်မွေး လှလာခဲ့တယ်။
ရှန်းယန်မြို့သာ အဖျက်စီးမခံလိုက်ရရင် သူမလည်း မြို့တော်ကို ထွက်ပြေးလာရမှာ မဟုတ်ဘူး။ မုမင်ထန်လည်း အပူအပင်ကင်းတဲ့ ဘဝမှာ နေခွင့်ရခဲ့လောက်မှာ။
ဘယ်မိဘကများ သူတို့ရဲ့ သမီးအလှကညှာကို သေခါနီးလူတစ်ယောက်နဲ့ ပေးစားချင်မှာလဲ။ ဒါကို တွေးမိတော့ ကျန်းဟုန်ဟောက် ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး လေသံက နူးညံ့သွားတယ်။
“သမီးရဲ့အစ်မ ရှေ့ရက်တွေတုန်းက ပြန်ရောက်လာတာနဲ့ သမီးမွေးနေ့ကိုတောင် ကောင်းကောင်း မကျင်းပပေးခဲ့ရဘူး။ ဒီနေ့ပြီးသွားရင် အဖေ သမီးကို လက်ဆောင်တစ်ခု ပေးမယ်”
ကျန်းဟုန်ဟောက် ပြောရင်းနဲ့ မွေးစားအဖေတစ်ယောက်ဖြစ်တာတောင် သူရဲ့ရက်ရောတတ်မှုကို သူ့ဟာသူ ကျေနပ်နေတော့တယ်။ မုမင်ထန်လည်း အတော်လေး ကျေးဇူးတင်သွားမှာပဲ။ သူမဆီက ကျေးဇူးတင်စကားကို စောင့်နေပေမဲ့ အဲ့အစား မုမင်ထန်က တိတ်ဆိတ်နေဆဲဖြစ်ပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်တယ်။
ကျန်းဟုန်ဟောက် မျက်မှောင်ကြုတ်သွားတယ်။ ထင်တဲ့အတိုင်းပဲ သာမန်အရပ်သားက အရပ်သားပဲ။ ကိုယ့်ဖအေက စကားပြောနေတာကို ပြန်မဖြေတဲ့အပြင် မတ်တတ်တောင် ထရပ်လိုက်သေးတယ်။
သူမကို ထလို့ ရပြီလို့ သူ ပြောလို့လား။ ဘယ်လောက်တောင် အရိုအသေမဲ့လိုက်သလဲ!
အရင်ကနဲ့မတူဘဲ မုမင်ထန်က ကျန်းဟုန်ဟောက်ကို ပြန်မတောင်းပန်ခဲ့သလို အသနားလည်း မခံခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ ရှဲ့ရွှမ်းကျီနဲ့ ကျန်းဟုန်ဟောက်ကို ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး
“ကြောင်သူတော်ကြွက်သူခိုးတွေ ..... အရင်ကတော့ ဒီစကားပုံက ဘာမှန်း ကျွန်မ မသိခဲ့ပေမဲ့ အခုတော့ ကောင်းကောင်းကြီး နားလည်သွားပြီ!”
ရှဲ့ရွမ်းကျီရဲ့မျက်နှာက မည်းမှောင်သွားပြီး ကျန်းဟုန်ဟောက်လည်း ဒေါသထောင်းကနဲ ထွက်သွားတယ်။
“ရိုင်းစိုင်းလိုက်တာ! နင် ပြောလိုက်တဲ့စကားက ဘာအဓိပ္ပာယ်မှန်း သိရဲ့လား ကျန်းမင်ထန်! အခုချက်ချင်း ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်!”
“မွေးနေ့? လက်ဆောင်? ကျန်းမင်ထန်? သူတော်ကောင်းယောင်ဆောင်မနေစမ်းပါနဲ့! ကျွန်မနာမည်က ကျန်းမင်ထန် မဟုတ်ဘူး။ ကျွန်မမွေးနေ့ကလည်း ခြောက်လပိုင်းမဟုတ်ဘူး။ ခြောက်လပိုင်းက ကျန်းမင်ဝေ့ရဲ့ မွေးနေ့။ ကျွန်မမွေးနေ့က ကျော်သွားတာ ကြာပြီ!”
ကျန်းဟုန်ဟောက် မျက်မှောင်ကြုတ်သွားတယ်။ သူမ မွေးနေ့က ကျော်သွားပြီတဲ့လား? ရုတ်တရက်ပဲ သူ တစ်ခါမှ မုမင်ထန်ရဲ့မွေးနေ့ကို မမေးကြည့်ခဲ့ဖူးတာကို သတိရသွားတယ်။ ဒီအတိုင်းပဲ ခြောက်လပိုင်း သုံးရက်နေ့မှာ မွေးနေ့ပွဲ လုပ်ပေးခဲ့တာ။
ခြောက်လပိုင်း သုံးရက်နေ့ ... တကယ်လည်း မင်ဝေ့ရဲ့ မွေးနေ့ဖြစ်တယ်။
“ချီယန်ဝမ်ကို ထိမ်းမြားခွင့်ရတာက ဘယ်လောက်တောင် ဂုဏ်ယူစရာဖြစ်ကြောင်း ရှင် အဲ့လောက် အာပေါင်အာရင်းနဲ့ ပြောနေမှတော့ အဲ့လောက်ကောင်းနေရင်လည်း ရှင့်သမီးအရင်းနဲ့ ပေးစားလိုက်လေ? ကျွန်မဘဝက စျေးပေါပါတယ်၊ ဒီလိုဂုဏ်ထူးမျိုးနဲ့ မတန်ပါဘူး!”
ကျန်းဟုန်ဟောက် ပြန်ပြောမလို့ လုပ်ချိန်မှာပဲ မုမင်ထန်က ကြားဖြတ်ပြောလာတယ်။
“ရှင့်ရဲ့ ကြောင်သူတော်လုပ်ရပ်တွေကနေ ကျွန်မကိုတော့ ချမ်းသာပေးပါ။ ရှင် ကပ်ဖားရပ်ဖားလုပ်ချင်တယ်ဆိုလည်း ရှင့်ဖာသာရှင် လုပ်။ သမီးကို ရောင်းစားချင်တယ်ဆိုလည်း ကိုယ့်သမီးအရင်းသာ ကိုယ်ရောင်းစားလိုက်။ ရှင့် သဘောထားက ပြောင်းလဲမှာ မဟုတ်မှန်း ကျွန်မလည်း သိတယ်။ သမီးကောင်းစားဖို့အတွက်ပါတဲ့လား? အပိုတွေ မပြောစမ်းပါနဲ့၊ ကြားရတာ အော်ဂလီဆန်လို့!”
ကျန်းဟုန်ဟောက်က လွှတ်တော်ထဲမှာ အမတ်ကြီး ၃ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး လူ့အထက်က လူဖြစ်တယ်။ မိသားစုထဲမှာလည်း သူက အကြီးအကဲပဲ။ ကျန်းသခင်မနဲ့ ကျန်းမင်ဝေ့တောင်မှ သူ့ကို မလွန်ဆန်ရဲကြဘူး။ အခုလို လက်ညိုးငေါက်ငေါက်ထိုးပြီး ကြောင်သူတော်လို့ အပြောခံရတာဆို စဥ်းတောင်မစဥ်းစားကြည့်နဲ့တော့။
“ရိုင်းစိုင်းလိုက်တာ!”
ကျန်းဟုန်ဟောက် စားပွဲခုံကို လက်သီးနဲ့ ထုလိုက်ပြီး မတ်တတ်ရပ်လာတယ်။
“ကျန်းမိသားစုက နင့်ကို မွေးစားခဲ့တယ်။ အဝတ်အစားဆို အဝတ်အစား၊ အစားအသောက်ဆို အစားအသောက်၊ လိုလေသေးမရှိအောင် ထားပေးခဲ့တယ်။ ထိုင်ရာကနေ မထ ခိုင်းဖို့လည်း အစေခံတွေ ပေးထားခဲ့တယ်။ အခုကျ ကိုယ့်ကျေးဇူးရှင်ကို ဒီလိုပုံစံနဲ့ ကျေးစွပ်တယ်ပေါ့လား! ငါ့ကြောင့်သာ မဟုတ်ရင် နင် တစ်သက်လုံး အရပ်သားအနေနဲ့ပဲ စုတ်စုတ်ပဲ့ပဲ့ နေသွားရမှာ။ ချီယန်ဝမ်ဖေးဖြစ်ဖို့ဆိုတာ အိပ်မက်တောင် မက်နိုင်မှာမဟုတ်ဘူး!”
_______________________________________________________________