စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 32
Translator – Utopia
“အွန်း သမီးအကြောင်းပဲ ပြောပြီး သားကို ထည့်မပြောရင်ကျ ဘက်လိုက်သလို ဖြစ်နေဦးမယ် .....” မုမင်ထန် ရေရွတ်ရင်း ရယ်လိုက်တယ်။ “ဒီတစ်သက်တော့ သား သမီးတွေ ရှိလာမယ်လို့တော့ မထင်မိပါဘူး။ ကျွန်မ ကိုယ်ဝန်ရလာရင်တောင်မှ အဲ့ကလေးက အရှင့်သွေးသား ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်မကို အသက်ရှင်ခွင့်ပေးမယ်မထင်ဘူး။ ကျွန်မဘဝတစ်လျှောက်လုံး တစ်ယောက်တည်းပဲ နေသွားတာက ပိုကောင်းပါတယ်လေ။ ကျွန်မအတွက် ဒီလိုအိမ်အကြီးကြီး ရထားမှတော့ ဘာမကျေနပ်စရာရှိမလဲ”
မုမင်ထန် သူ့စောင်ကို ဖယ်လိုက်ပြီး လက်ကောက်ဝတ်က ဒဏ်ရာတွေကို ကြည့်နေတယ်။ ရက်အတော်ကြာ သူမ သေချာ ဆေးထည့်သန့်ရှင်းရေးလုပ်ပြု လုပ်ပေးထားတော့ သူ့ဒဏ်ရာတွေက တဖြေးဖြေး သက်သာလာနေပြီ။
သူမ ခေါင်းတညိတ်ညိတ်နဲ့ ရှဲ့ရွှမ်းချန်ကို စောင်ပြန်ခြုံပေးလိုက်တယ်။ ထို့နောက် တစ်ယောက်တည်း စကား ဆက်ပြောနေမိတယ်။
“တစ်ခါတလေကျတော့လည်း လောကကြီးက မတရားဘူးနော်။ ကျန်းမင်ဝေ့က မင်္ဂလာပွဲကနေ ထွက်ပြေးသွားခဲ့ပေမဲ့ သူမ ပြန်ရောက်လာတာနဲ့ ဘာမှမဖြစ်ခဲ့သလိုမျိုး အရာအားလုံးက သူမအတွက်ပဲ ပြန်ဖြစ်သွားတယ်။ ကျင်းဝမ်ဖေးဖြစ်ပြီးတဲ့နောက် ကျန်းဟုန်ဟောက်က အမတ်ချုပ်ကြီး ဖြစ်လာတော့မယ်။ အရှင်မင်းကြီးပြီးရင် သူက ရာထူးအမြင့်ဆုံးပဲ။ သူတို့ ဘယ်လောက်တောင် ဂုဏ်ကျက်သရေတွေ တိုးသွားကြဦးမလဲနော်။ ကျွန်မ ဒီတစ်သက်တော့ သူတို့တွေရဲ့ကျဆုံးခန်းကို မြင်နိုင်မယ် မထင်ပါဘူး”
“ဒါပေမဲ့ ဒါတွေကလည်း ကျန်းမင်ဝေ့တစ်ယောက်တည်းရဲ့အပြစ်တော့ မဟုတ်ပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာကလည်း တစ်ဖက်လူကသာ အလိုမတူဘူးဆို ဖြစ်မှမဖြစ်နိုင်ဘဲ။ မကွယ်မဝှက်တမ်းပြောရရင် ကျန်းမင်ဝေ့ပြန်လာပြီး ဝမ်ဖေးဖြစ်လာတယ်ဆိုတာကလည်း ကျင်းဝမ်က သူမကို အပြစ်မမြင်လို့ပဲလေ။ သူမ ဘယ်လိုထွက်ပြေးသွားခဲ့တာလည်းတောင် မမေးခဲ့ဘူး။ အချစ်ခံရတယ်ဆိုတာ တော်တော် ကောင်းမှာပဲနော်၊ ဟုတ်တယ်မလား? သူမ လျှောက်ကစားလို့ ဝတဲ့အခါကျ အိမ်ပြန်လာပြီး ငယ်ချစ်ဦးကို ကောက်လက်ထပ်လိုက်ရုံပဲ။ ကျွန်မကိုလည်း အဲ့လိုချစ်တဲ့ ငယ်ချစ်ဦးလေးဘာလေးများ ဘာလို့ မရှိတာပါလိမ့်”
သူမ ဝမ်းတော့ ဝမ်းနည်းမိတယ်။
“ဒါပေမဲ့လည်း ကျွန်မ သူတို့ရဲ့အရှုပ်အထွေးတွေကြားက မြန်မြန် ထွက်လာနိုင်ခဲ့တာကိုပဲ ဝမ်းသာမိပါတယ်။ ကျွန်မနဲ့ မသက်ဆိုင်တဲ့အရာတွေကို ရယူဖို့ မကြိုးစားသင့်ဘူး။ သူတို့က ပြဇာတ်တွေထဲက အဓိကဇာတ်လိုက်တွေထက်တောင် ပိုအချစ်သည်းကြသေးတယ်။ သူတို့မျက်လုံးထဲ ကျွန်မကို စိတ်ရှုပ်စရာ လူရွှင်တော်တစ်ယောက်လိုပဲ မြင်ကြတာပါ။ ကျွန်မက ရှဲ့ရွှမ်းကျီကို လက်ထပ်နိုင်မယ်လို့ ထင်နေတဲ့ အစားထိုးခံသာသာပါပဲ။ ရှဲ့ရွှမ်းကျီဆိုတာက ဘယ်သူမို့လို့လဲ၊ ဘယ်မိန်းမ မဆိုက လက်ထပ်ယူနိုင်တဲ့ သာမန်လူမှ မဟုတ်တာ”
ရှဲ့ရွှမ်းချန်ကိုတော့ မုမင်ထန် အများကြီး လေးစားမိတယ်။ သူ တစ်ဆင့်ချင်း ကြိုးစားအောင်မြင်လာပုံတွေက သိပ်ကို ခမ်းနားခဲ့ပြီး သမိုင်းတစ်လျှောက်မှာ ထင်ကျန်ရစ်ခဲ့မယ့်သူမျိုးပါပဲ။
သူမ အခွင့်သာတဲ့အခါမှာ မုမင်ထန်က ဘယ်တော့မှ မတရားတာကို သည်းခံနေခဲ့တာမျိုး မရှိဘူး။ ဒီအချက်က ရှဲ့ရွှမ်းချန်နဲ့ သွားဆင်တယ်။ သူကလည်း သူလုပ်ချင်တာကိုပဲ လုပ်တတ်တဲ့သူမျိုးဖြစ်တယ်၊ ဘေးလူတွေ ဘယ်လိုထင်မလဲ တစ်ချက်လေးတောင် ဂရုမစိုက်ဘူး။ ဒါ့ကြောင့်မို့ သူ့ရန်သူတွေက ကြောက်ရွံ့ကြရတာဖြစ်တယ်။ ပြောရရင် သမိုင်းမှာ ဖြောင့်မတ်တဲ့သူရဲကောင်းဆိုတာထက် အာဏာရှင်တစ်ယောက်အနေနဲ့တောင် နာမည်ကျန်ခဲ့ဖို့များတယ်။
မုမင်ထန် သက်ပြင်းချလိုက်တယ်။
“ကျွန်မတို့က ဒီလိုဖြစ်နေချိန်မှာ ကျင်းဝမ်ကတော့ မြင့်သထက် မြင့်မားသွားမှာကို အံ့ဩစရာ မရှိပါဘူးလေ။ ဒါတွေအားလုံးကသာ ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့မယ်ဆို ဇာတ်လိုက်က ရှဲ့ရွှမ်းကျီပဲ ဖြစ်လိမ့်မယ်”
သူမ စကားတွေ ပြောပြီးချိန်မှာ အချိန်တောင် အတော်လင့်နေပြီ ဖြစ်တယ်။ မုမင်ထန် မီးအိမ်ကို ကိုင်ရင်း ဖြေးဖြေးချင်း ထလိုက်တယ်။
“ကျွန်မ အိပ်ရာဝင်တော့မယ်။ ကောင်းသောညပါ အရှင်”
မုမင်ထန် ထွက်သွားပြီးတဲ့နောက် ရှဲ့ရွှမ်းချန်ရဲ့မျက်ခွံက လှုပ်သွားတယ်။ ဒါပေမဲ့ နောက်ဆုံးကျ မျက်လုံးတွေ ဖွင့်ကြည့်ဖို့ အားမရှိနေခဲ့ဘူး။ ဒီနှစ်တွေအတွင်း သူ့ကို တိုက်တဲ့ဆေးက တစ်ခုခုမှားနေမှန်း ရှဲ့ရွှမ်းချန် သိနေတယ်။ အဲ့ဆေးသောက်ပြီးတာနဲ့ သူ ကြောင်တောင်တောင်ဖြစ်လာပြီး အိပ်ငိုက်လာတယ်။ ဒါကြောင့်မို့ ဆေးသောက်ဖို့ကို ငြင်းဆန်ခဲ့တယ်။ သူနိုးလာတိုင်း ဆေးခွက်ကို ခွဲပစ်တတ်တယ်။ အိပ်ရာထဲ အချိန်အတော်ကြာ လဲနေခဲ့တာမို့ သူ့အားကို သူ မထိန်းနိုင်သေးဘူး။ ဆေးတိုက်ရတဲ့သူလည်း အမြဲ ထိခိုက်ဒဏ်ရာရကြတယ်။
ဒီလိုနဲ့ ဘယ်သူမှ ရှဲ့ရွှမ်းချန်ကို ဆေးသွားမတိုက်ရဲကြတော့ဘူး။ ဒါပေမဲ့ သူ စားစရာအနေနဲ့ ဆန်ပြုတ်ကိုတော့ သောက်ဆဲဖြစ်တယ်။ အစကတော့ ရှဲ့ရွှမ်းချန် သတိမထားမိဘူး။ သိပ်မကြာခင်မှာပဲ ဒီဆန်ပြုတ်ထဲကို ဆေးခတ်ထားမှန်း သူ ရိပ်မိသွားတယ်။
ဒီဆေးက သူ့ကို အားနည်းပြီး ပိုပိုပင်ပန်းလာအောင် လုပ်နေပေမဲ့လည်း ရှဲ့ရွှမ်းချန် တခြားရွေးချယ်စရာ မရှိတာကြောင့် သိသိကြီးနဲ့လည်း သောက်နေရဆဲဖြစ်တယ်။ ဒီရက်တွေမှာ သူ မျက်စိမဖွင့်နိုင်ပေမဲ့ အသိစိတ်ကတော့ နိုးကြားနေခဲ့တာဖြစ်တယ်။
အစေခံမိန်းကလေး အသစ်တစ်ယောက် ရောက်လာတာကို သတိထားမိတယ် .... အွန်း အစေခံမိန်းကလေး မဟုတ်ဘူး၊ ရှဲ့ရွေ့က သူ့အတွက် ဇနီးတစ်ယောက် ရှာပေးလိုက်တာကိုး။
ရှဲ့ရွေ့ပို့လာတဲ့သူမှန်သမျှကို သူ ဘယ်သူ့မှ မယုံဘူး။ ဒါပေမဲ့ ဒီမိန်းကလေးကတော့ သူထင်ထားတာနဲ့ မတူဘူး။ အနည်းဆုံးတော့ သူမ ဆန်ပြုတ်ပြောင်းပေးလိုက်တဲ့အတွက် သူ ကျေနပ်ပါတယ်။
ဒါပေမဲ့ ကောင်ချောလေးလို့ အခေါ်ခံရတာတော့ သိပ်သဘောမတွေ့လှဘူး။ နောက်ပြီး အစောနက သူမ ဘာပြောသွားတာပါလိမ့်? သူတို့သာ ဝတ္ထုတစ်ပုဒ်ထဲရောက်နေတာဆိုရင် ဇာတ်လိုက်က ရှဲ့ရွှမ်းကျီပဲ ဖြစ်လိမ့်မယ်တဲ့လား??
ရှဲ့ရွှမ်းချန်ဆိုတဲ့ သူသာ နေမကောင်းဖြစ်မနေခဲ့ဘူးဆိုရင် ရှဲ့ရွှမ်းကျီလောက်က သူ့ကို ကျော်ပြီး အောင်နိုင်သူ ဖြစ်နိုင်မှာမို့လို့တဲ့လား??
________________________________________________________________________________________