Chapter 95

1.8K 152 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 95
Translator – Utopia

"သူ ကြာကြာနေရတော့မှာ မဟုတ်ဘူး၊ စိတ်ရှည်ရှည်နဲ့သာ စောင့်"

မယ်တော်ကြီးလုက သူမရဲ့အယုံကြည်ရဆုံး ကူးကူးတွေကို ချီယန်အိမ်တော်ကို ပို့လိုက်တယ်။ ဒါပေမဲ့ ဘယ်နှစ်ရက်မှတောင် မရှိသေးဘူး ချီယန်ဝမ်က နိုးလာပြီး သူတို့ အားလုံးကို နန်းတော်ဆီ ပြန်မောင်းထုတ်လိုက်တယ်။
မယ်တော်ကြီးလု အစော်ကားခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဘုန်းကြီးကို မကြည်ညိုရင်တောင် သင်္ကန်းကို ထောက်ထားပြီး မစော်ကားသင့်ဘူးလို့ ဆိုကြသလိုပဲ မယ်တော်ကြီးက သူတို့ကို အစေခံချီးမြှင့်လိုက်တာလေ၊ အဲ့လူက ချင်းနင်နန်း‌ဆောင်မှာ တံမြက်စည်းလှဲသမားဖြစ်နေရင်တောင် သူက မယ်တော်ကြီး ချီးမြှင့်ထားတဲ့သူပဲ။ သူတို့ သူ့ကို လေးစားသမှုနဲ့ ဆက်ဆံသင့်တယ်။
နောက်ဆုံးကျ မယ်တော်ကြီးလုက သူမရဲ့ အတော်ဆုံးဖြစ်တဲ့ အဆင့်လေး ကူးကူးတွေကို သားတော်ကြီးဆီ ပို့ခဲ့ပေမဲ့ ချီယန်ဝမ်က ကျေးဇူးမသိတတ်တဲ့အပြင် ‌ညတွင်းချင်း မောင်းထုတ်ခဲ့တယ်လို့ပဲ လူတွေက သိကြတယ်။ စွန်းကူးကူးနဲ့နောက်လိုက်တွေလည်း ညတွင်းချင်းပဲ နန်းတော်ကို ပြန်ရောက်လာပြီး မယ်တော်ကြီးရှေ့ အချိန်အတော်ကြာ ချုံးပွဲချ ငိုကြသတဲ့။
အကြီးကို အငယ်က ပြန်ဆုံးမတယ်ဆိုတာက သာမန်မိသားစုမှာဆို ဟာသတစ်ခုလိုပဲဆိုပေမဲ့ အခုက နန်းတော်ထဲဆိုတော့ကာ ဘယ်သူမှ မပြောရဲကြချေ။ အထူးသဖြင့် မယ်တော်ကြီးလုက ချီယန်ဝမ်ရဲ့ မိခင်ရင်း မဟုတ်တဲ့အပြင် စစ်စခန်းချရာနေရာက အမြှောင်မယားဖြစ်ခဲ့တာပင်။ နောက်ပိုင်း ကျင်းမင်းဆက် ကုန်းဧကရာဇ်ကြောင့် ရှဲ့မိသားစုက အမျိုးသမီးတွေအားလုံး သတ်ခံခဲ့ရတယ်၊ အဲ့အထဲ ယင်းသခင်မလည်း ပါသွားတယ်။ ဒီလိုနဲ့ ရှဲ့အိမ်တော်မှာ ဘယ်သူမှမရှိတာမို့ လုမျိုးနွယ်က မိဖုရားခေါင် ဖြစ်လာခဲ့တာပဲဖြစ်တယ်။
နောက်ပိုင်း ရှဲ့ယီနတ်ရွာစံပြီး ရှဲ့ရွေ့ နန်းတက်တဲ့အခါ သူမက ပိုလို့တောင် ရာထူးကြီးသွားပြီး ရုတ်တရက်ဆိုသလို တစ်တိုင်းပြည်လုံးရဲ့ အဆင့်အတန်းအမြင့်ဆုံး အမျိုးသမီး ဖြစ်လာတယ်။ အစကတော့ သားသမီးကို ချစ်ခင်တဲ့မိခင်ကောင်းပုံစံမျိုး လုပ်ပြချင်ခဲ့ပေမဲ့ ရှဲ့ရွှမ်းချန်က သူမရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချပြီး စိတ်ရင်းအမှန်ကို ပေါ်စေခဲ့တယ်။
မယ်တော်ကြီးလု ဒေါသတထောင်းထောင်းထွက်ပြီး ချင်းနင်နန်းဆောင်မှာ အချိန်အတော်ကြာ သောင်းကျန်းနေတယ်။ ချီယန်ဝမ်ဖေးနဲ့ ကျန်တဲ့ကူးကူးတွေက ဘယ်လောက်တောင် မရင့်ကျက်လဲ၊ အရှည်ကို မကြည့်တတ်လဲ ပြစ်တင်ပြောဆိုနေတော့တယ်။ သူမက အရင်က အမြှောင်မယားဖြစ်ခဲ့တာမို့ အိမ်တော်ရဲ့တရားဝင်သားဖြစ်တဲ့ ရှဲ့ရွှမ်းချန်ကို ဒဲ့မပြောရဲချေ။ ဒီလိုနဲ့ မုမင်ထန်ကိုသာ ဖိပြီး ပြောနေနိုင်တယ်။ ဒါ့အပြင် ချီယန်အိမ်‌တော်ကို လွှတ်လိုက်တဲ့ စွန်းကူးကူး၊ ယွီချန်းရှီနဲ့ကျန်တဲ့သူတွေလည်း တာဝန်ကို မပြီးမြောက်လာတဲ့အတွက် အကျိုးဆက်ကို ရှောင်လွှဲမရချေ။
နေမကောင်းဖြစ်နေတဲ့ စွန်းကူးကူးရဲ့ မျက်နှာကို ကြည့်ပြီး သူမ စိတ်မကောင်းဖြစ်မိတယ်။ သူမဘေးကလူတွေကို ဒီလောက်ထိ နှိပ်စက်လွှတ်လိုက်မှတော့ သေချာပေါက် မယ်တော်ကြီးက ဒေါသထွက်တော့တာပေါ့။ ဒါပေမဲ့ အဲ့တာထက် ပိုဒေါသထွက်ရတာက ရှဲ့ရွှမ်းချန်က သူ့ကို အဖက်မတန်သလို ဆက်ဆံသွားတာကြောင့်ဖြစ်တယ်။ စွန်းကူးကူး၊ ယွီချန်းရှီနဲ့ ကျန်တဲ့သူတွေကို ကြည့်တာနဲ့တင် မယ်တော်ကြီးဆိုတဲ့ သူမက ရှဲ့ရွှမ်းချန်မျက်လုံးထဲ ဘယ်လောက်သိမ်နုပ်နေလိုက်မလဲ မှန်းဆကြည့်လို့ရတယ်။ မယ်တော်ကြီးခမျာ ဒေါသလည်းထွက် ရှက်လည်း ရှက်နဲ့ သူမလက်အောက်က ငယ်သားတွေကိုတောင် မကြည့်ဝံ့ချေ။
စွန်းကူးကူးခမျာလည်း အားလုံးရဲ့ရှေ့မှာ အပ်နဲ့ အကြိမ်ပေါင်းများစွာ ထိုးခံရပြီး ဆေးရည်တစ်ခွက်လုံးကိုလည်း သောက်ခဲ့ရတယ်။ သူမကိုယ်က ဒီလောက်ဒုက္ခခံခဲ့ရရုံတင်မကဘူး၊ နန်းတော်ထဲ ပြန်ရောက်တော့လည်း မယ်တော်ကြီးဆီမှာ ဆူပူပြစ်တင်ခံရပြန်တယ်။ ဒါက တကယ်ကို သူမအတွက်တော့ ဆုံးရှုံးမှု နှစ်ဆပဲ။
နန်းတော်ထဲမှာ အထက်ဖိ အောက်ဖား လုပ်ရပ်က သမားရိုးကျပဲဖြစ်တယ်။ အားနည်းချက် တစ်ခုရှိသွားတာနဲ့ အဲ့တာကို နင်းပြီး ဝိုင်းဆွဲချကြလိမ့်မယ်။ ဒါ့အပြင် ဒီဖြစ်ရပ်က ချင်းနန်‌နန်းဆောင်မှာတင် မပြီးသွားဘူး၊ ချွေ့ကျန်းခန်းမဆောင်မှာလည်း ငြိမ်းချမ်းမနေချေ။
ဧကရာဇ်လည်း ခေါင်းကိုက်နေရပြီဖြစ်တယ်။ သူ တော်ဝင်လျှောက်တင်လွှာတွေ ကြည့်နေတုန်း အမတ်တွေက တစ်ဖက်တစ်ချက်မှာ အစီအရီ စီတန်းနေကြတယ်။ ဧကရာဇ်ခမျာ ဒေါသတောင် မထွက်နိုင်တော့ဘူး။
ဧကရာဇ်က တော်ဝင်သမားနန်းဆောင်ရဲ့ အမတ်ကြီးကို လျှောက်တင်လွှာနဲ့ ပစ်ပေါက်လိုက်ပြီး
"သူ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတာမို့ လဝက်လောက်ထိ ပြန်မနိုးလာလောက်ဘူးလို့ မောင်မင်း မပြောခဲ့ဘူးလား၊ အခု ဘယ်နှစ်ရက်မှတောင် မရှိသေးဘူး ရှဲ့ရွှမ်းချန် နိုးလာပြီဆိုတဲ့ လျှောက်တင်လွှာတွေက ဒုနဲ့ဒေး"
တော်ဝင်သမားနန်းဆောင်ရဲ့ အမတ်ကြီးလည်း ဒီကိစ္စကို မယုံနိုင်ဘူးဖြစ်နေတယ်။ ချီယန်အိမ်တော်က ပြန်လာတဲ့ တော်ဝင်သမားတော်ဆီက သူကြားခဲ့တာက ရှဲ့ရွှမ်းချန်ရဲ့ အခြေခံရင်းမြစ်တွေက အလွန်အမင်း အားနည်းနေပြီး ဝန်နှင့်အား မမျှအောင် ထုတ်သုံးခဲ့တယ်တဲ့။ ဒီတစ်ခေါက် စိတ်ဖောက်ပြန်တာက နောက်ဆုံးအကြိမ်ဖြစ်သွားနိုင်တယ်လို့ သူ ထင်ခဲ့မိတယ်။ သွေးခုန်နှုန်းစမ်းပေးခဲ့တဲ့ တော်ဝင်သမားတော်ကလည်း အဲ့အတိုင်း ပြောခဲ့တာပဲ။ ရှဲ့ရွှမ်းချန်က သွေးမအန်ခဲ့ဘူးဆိုပေမဲ့ အနည်းဆုံး ဆယ်ရက်လောက်တော့ အိပ်ရာထဲ လဲနေရမှာကို ဘယ်လိုလုပ် အစောကြီး နိုးလာတာလဲ!?
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now