စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 70
Translator – Utopia"ဒီတစ်ခါကော သူမ ပြန်လာမှာလား"
နှစ်လှမ်းလောက်လျှောက်ပြီးတာနဲ့ ရှဲ့ရွှမ်းချန် မေ့လဲသွားတယ်။ မုမင်ထန်လည်း ကြောက်လန့်သွားပြီး အမြန်ပဲ သူ့ကို ထူဖို့လုပ်ရတယ်။ သူမ အားကုန်ထုတ်ပြီး လုပ်ပေးဖို့ တစ်ယောက်တည်းအားနဲ့က မရဘူးဖြစ်နေတယ်။ ကံကောင်းတာက ဘေးမှာ လူတွေအများကြီး ရှိနေတော့ ရှဲ့ရွှမ်းကျီနဲ့အစောင့်တွေ အကူအညီကို သူ့ကို ထူပြီး အိပ်ခန်းထဲကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ပို့ပေးလိုက်နိုင်တယ်။
သူမ အိမ်တော်ထဲဝင်လာတဲ့နေ့ကစပြီး ယွီလင်ခန်းမဆောင်ထဲ ဒီလောက်လူတွေ ပြည့်သိပ်နေတာကို မမြင်ဖူးချေ။ သူမမှတ်မိသလောက် အိမ်တော်တစ်ခုလုံးက အမြဲတမ်း တိတ်ဆိတ်နေပြီး အပြင်ကလူတွေလာရင်တောင် ခြေသံကို ကြားရတယ်။ အခုကျ အိမ်တော်တစ်ခုလုံးက လင်းထိန်နေပြီး တော်ဝင်သမားတော်တွေ၊ အစောင့်ရဲမက်တွေ၊ အရာရှိတွေနဲ့ ပြည့်နှက်နေတယ်။
အစကတော့ ရှဲ့ရွှမ်းချန်ဘေးမှာပဲ သူမ နေချင်ခဲ့ပေမဲ့ ဧည့်သည်တွေ တသုတ်ပြီး တသုတ် ရောက်လာတဲ့အခါ တဖြေးဖြေး သူမက ဘေးကို ရောက်သွားတော့တယ်။ တော်ဝင်သမားတော် ဘာပြောလိုက်လဲ သူမ သိချင်ပေမဲ့ ဘယ်သူမှ သူမစကားကို အကြောင်းမပြန်ကြသလို သူမကို ကွယ်ထားကြပြီး ဘာမှလုပ်လို့မရချေ။
သူမက အတိအလင်းကို ဝမ်ဖေးတစ်ပါးဖြစ်ပြီး ရှဲ့ရွှမ်းချန်ကို ဒီရက်တွေထဲ ပြုစုပေးခဲ့တဲ့သူပဲ။ သူမထက်ပိုပြီး သူ့အကြောင်းကို ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမဲ့လည်း သူမကို အပြင်လူတစ်ယောက်လိုပဲ လုံးလုံး ဘေးပထုတ်ထားကြတယ်။
မုမင်ထန် သူမအခြေအနေကို ပြန်တွေးမိတယ်၊ သူတို့အမြင်မှာ သူမက ဒီအတိုင်း ဟန်ပြသက်သက်ထားတဲ့ ဝမ်ဖေးတစ်ပါးသာ ဖြစ်ပြီး ဘာအာဏာမှ မရှိချေ၊ ဒါကြောင့်မို့ သူမကို အားလုံးက အလေးမထားကြတာ။ ဒါပေမဲ့ သူတို့က သူမကို ဘေးတွန်းထုတ်လေ သူမက အရှေ့ကို ရအောင် တိုးသွားလေပဲ။ ဒီလူတွေကို လွယ်လွယ်နဲ့ ယုံလို့ မရဘူး၊ သူမသာမရှိနေရင် သူတို့ ရှဲ့ရွှမ်းချန်ကို ဘာလုပ်ကြမလဲ ဘယ်သူ သိနိုင်မှာလဲ။
သူမ အခုလို အေးတိအေးစက် ဆက်ဆံခံရတာက ရှဲ့ရွှမ်းချန်ရဲ့လုံခြုံရေးနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး။
တစ်ညလုံး ယွီလင်ခန်းမဆောင်ထဲ လူတွေ ဥဒဟို သွားလာနေကြပြီး ညသန်းခေါင်ကျော်တော့မှပဲ ဧည့်သည်တွေက နည်းနည်းချင်းစီ ပြန်သွားကြတယ်။ တော်ဝင်သမားနန်းဆောင်က အကြီးတန်းသမားတော်ကြီး ပြန်ဖို့လုပ်တဲ့အချိန် စားပွဲခုံပေါ်မှာ အိပ်ပျော်နေတဲ့ ဝမ်ဖေးကို လှမ်းမြင်လိုက်ရတယ်။ ဘယ်သူမှ အနားမကပ်ရဲချိန်မှာ ချီယန်ဝမ်ကို တားပေးခဲ့တဲ့သူက သူမလို့ သူ ကြားခဲ့ရတယ်။
ချီယန်ဝမ်ရဲ့ သွေးခုန်နှုန်းကို အချိန်အတော်ကြာအောင် သူတို့ စစ်ဆေးကြပြီး သမားတော်အချင်းချင်း ဆွေးနွေးတိုင်ပင်ကာ ဆေးညွှန်းတွေကို ပြန်စီစဥ်ရတယ်။ နန်းတော်ကနေ ရောက်လာတဲ့ ကုန်းကုန်းတွေတောင် ပင်ပန်းလို့ ပြန်နားနေကြပြီဆိုပေမဲ့ မုမင်ထန်တစ်ယောက်ထဲကသာ အခုအချိန်ထိ ဆက်စောင့်နေတယ်။
သူမ ကြည့်ရတာ တော်တော်ငယ်သေးတဲ့ပုံပဲ၊ ၁၅ ၁၆လောက်ပဲ ရှိဦးမယ်။
အကြီးတန်းသမားတော်ကြီးက သက်ပြင်းချလိုက်တော့ ဘေးက တပည့်ဖြစ်သူက မေးလာတယ်။
"ဆရာ ဘာလို့ သက်ပြင်းချတာလဲ"
အကြီးတန်းသမားတော်ကြီးက မုတ်ဆိတ်ကို သပ်ရင်း ခေါင်းကိုသာ ယမ်းပြတယ်။ ကျင်းဝမ်က အိမ်တော်ထဲမှာ ရှိနေတာ အတော်ကြာပြီဖြစ်ပြီး၊ တော်ဝင်သမားတော်တွေဆိုတာကလည်း တော်ဝင်မိသားစုဆီ မကြာမခဏ သွားရောက်ရတော့ ဒီအာဏာရှိတဲ့သူတွေရဲ့ ဘာအတွက်ကြောင့် ဘာကို လုပ်တယ်ဆိုတာ သူတို့လည်း အတိုင်းအတာတစ်ခုထိတော့ နားလည်တယ်။ များမကြာမီကာလအတွင်း ဒီဝမ်ဖေးငယ်လေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို တွေးမိတဲ့အခါ သက်ပြင်းသာ ချရင်း ဘာမှမပြောတော့ဘဲ ထွက်ခွာသွားတော့တယ်။
ဒါပေမဲ့ သူတို့ အနည်းငယ် လှုပ်လိုက်ရုံလေးက မုမင်ထန်ကို နိုးသွားစေမယ်လို့ မထင်ထားခဲ့ဘူး။ မုမင်ထန်က အစကတည်းက နားဖို့ အစီအစဥ်မရှိဘူး၊ ဒါပေမဲ့ အကြာကြီး မအိပ်ဘဲလည်း နေလို့မရတော့တာကြောင့် စားပွဲပေါ်မှာပဲ ခဏ မှေးလိုက်ရတယ်။ ဘယ်သူထင်မှာလဲ သူမ တကယ် အိပ်ပျော်သွားတာပဲ။
စိတ်ထဲ ဟိုတွေးဒီတွေးနဲ့ အတွေးတွေ များနေပြီး သူမ ကောင်းကောင်း အိပ်မရဘူး။ အပြင်ကနေ စကားပြောသံလည်း ကြားရော သူမ ချက်ချင်းပဲ နိုးသွားတော့တယ်။ မုမင်ထန် မျက်လုံးကို ပွတ်ရင်း ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ အကြီးတန်း တော်ဝင်သမားတော်ကြီးကို လှမ်းကြည့်လိုက်တယ်။
မုမင်ထန် မျက်လုံးပါ ကျယ်သွားပြီး ချက်ချင်းပဲ သမားတော်အိုကြီးနောက် ပြေးလိုက်ကာ
"ခဏလေး နေပါဦး၊ သမားတော်ကြီး ကျွန်မ မေးချင်တာတစ်ခု ရှိလို့ပါ"
တော်ဝင်သမားတော်ကြီးရဲ့ မျက်နှာထားကို မသိချင်ယောင်ဆောင်လိုက်ပြီး စိတ်ရှုပ်စရာကောင်းအောင်ကို လိုက်မေးနေတယ်။
"ဘာလို့ ဝမ်ရယ်က ရုတ်တရက်ကြီး စိတ်ဖောက်ပြန်သွားတာလဲ။ သူ့ကို တစ်ခုခုကများ ဆွပေးလိုက်တာလား။ နောင်ကျ အခုလို မဖြစ်အောင် ကျွန်မ ဘယ်လိုရှောင်လို့ရမလဲ" "သူ ဘယ်အချိန်ထိ မေ့မြောနေဦးမှာလဲ။ သူ စိတ်လွတ်သွားတာကာ သူ့ကျန်းမာရေးအပေါ် အတော် သက်ရောက်မှု ရှိတာလား။ သူ ဘယ်တော့လောက် နိုးလာနိုင်မလဲ။ ကျွန်မ သူ့ကို ဘာတွေကျွေးပြီး ဘာဆေးတွေ တိုက်သင့်လဲ"
မုမင်ထန်ရဲ့မေးခွန်းတွေက တစ်ခုပြီး တစ်ခု ဆက်တိုက်ပဲ။ အစောနကအထိကို အိမ်တော်ထဲ လူတွေအများကြီးဖြစ်နေပြီး ပင်မဆောင်တစ်ခုလုံးကို ဝိုင်းရံထားကြတယ်။ မုမင်ထန် ဘာမှလည်း မမြင်ရ မကြားရနဲ့ ရှဲ့ရွှမ်းချန်အတွက် အရမ်းစိုးရိမ်နေမိတယ်။ အခု တော်ဝင်သမားတော်နဲ တိုက်ရိုက် စကားပြောခွင့်ရတော့ သဲကန္တာရထဲ စမ်းချောင်းကို ရှာတွေ့လိုက်သလိုမျိုး အမြန်ပဲ မေးခွန်းတွေကို ဆင့်ကာဆင့်ကာ မေးနေမိတော့တယ်။
____________________________________________________________________________________________