စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 105
Translated by Utopia“မိတ်ဟောင်းဆွေဖော်နဲ့ တွေ့ဖို့ရောက်လာတာလား”
ကျန်းမင်ဝေ့တစ်ယောက် ဧည့်ကြိုခန်းမမှာ အချိန်အကြာကြီး စောင့်နေရတယ်။ လက်ဖက်ရည်အိုးတောင် နှစ်ခါ လာလဲသွားပြီးပြီ။ မုမင်ထန်က အခုထိ ထွက်မလာသေးဘူး။ ကျန်းမင်ဝေ့ နည်းနည်း စိတ်တိုလာတယ်။ မုမင်ထန် တမင်လုပ်နေတာမှန်း သူမ အတပ်ပြောရဲတယ်။
သူမကို ဟန်ကြီးပန်ကြီး လုပ်ပြချင်လို့ တမင် စောင့်ခိုင်းထားတာပဲ နေမှာ။ ကျန်းမင်ဝေ့ သူမရဲ့အပြုအမူကို ကြည့်ပြီး အထင်သေးသွားတယ်။ ဘယ်လောက်တောင် စိတ်သဘောထား သေးသိမ်လိုက်လဲ၊ ဝမ်ဖေးတစ်ပါးသာ ဖြစ်နေတာ အကျင့်စရိုက်က နိမ့်ကျနေတုန်းပဲ။ ဒါက ဘယ်လိုရိုင်းပျတဲ့အပြုအမူလဲ။
ကျန်းမင်ဝေ့ မျက်နှာပျက်နေတာကို ကျန်းသခင်မ သတိထားမိတယ်။ သူမ ကျန်းမင်ဝေ့ကို မျက်နှာရိပ်မျက်နှာကဲပြရင်း သတိလှမ်းပေးရတယ်။ ထို့နောက် အတင်းလုပ်ယူပြီး ပြုံးလိုက်ကာ
“အန်းဝမ်ဖေး မအားလပ်တာများလား။ တကယ်လို့ ဝမ်ဖေးမှာ လုပ်စရာကိစ္စရှိနေတာဆိုရင် တို့များ နောက်ရက်မှပဲ လာပါတော့မယ်”
ရှန့်နန်ချွမ်က ဘေးမှာ ရပ်နေတယ်။ သူမရဲ့ အပြုအမူတိုင်းက လေးစားမှုကို ပြသလျက်ရှိတယ်။
“ကျန်းသခင်မ၊ ကျင်းဝမ်ဖေး၊ ခဏလောက် သည်းခံပြီး စောင့်ဆိုင်းပေးစေချင်ပါတယ်။ ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ လာနေပါပြီ”
ကျန်းသခင်မ တစ်ခုခုကို သတိထားမိလိုက်တယ်၊ ဒါပေမဲ့ သူမ တုံ့ပြန့်ဖို့အချိန်တောင် မရလိုက်ဘူး ခန်းမဆောင်ထဲ အစေခံတွေရဲ့ နှုတ်ဆက်သံကို ကြားလိုက်ရတော့တယ်။
ကျန်းသခင်မ အံ့ဩသွားပြီး မတ်တတ်ရပ်လိုက်တယ်။ မုမင်ထန်က အခန်းထဲ ဖြေးဖြေးချင်း လျှောက်ဝင်လာတယ်။ သူမဘေးကလူက ..... အဲ့တာ ရှဲ့ရွှမ်းချန်မလား?ကျန်းမင်ဝေ့ပါ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားနဲ့ မတ်တတ်ထရပ်မိတော့တယ်။ အစက မုမင်ထန် တမင် ပညာပြနေတာလို့ ထင်လိုက်ပေမဲ့၊ မထင်မှတ်ထားဘဲ ရှဲ့ရွှမ်းချန်ကိုယ်တိုင်ပါ သူမနဲ့ လိုက်လာတာလား?