Chapter 60

2.2K 193 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 60
Translator – Utopia


မုမင်ထန်က ပြုံးရင်း ခေါင်းခါပြလာတယ်။

"အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မက ကျန်းမင်ဝေ့နဲ့ ရုပ်ဆင်လို့ ကျန်းမိသားစုက မွေးစားခဲ့တာလေ။ သူတို့က ထမင်းကျွေးတယ်၊ အဝတ်အစားဆင်ပေးတယ်၊ နောက်ပြီး အကောင်းဆုံး ဆရာတွေနဲ့တောင် သင်ပြပေးခဲ့တာ။ ကျွန်မ သူတို့ရဲ့ကြင်နာမှုအတွက် ကျေးဇူးကြွေးတင်တာကို ဘယ်လိုလုပ် ငြင်းပစ်နိုင်မလဲ။ အစကတည်းက ကျွန်မ တွေးထားခဲ့တာက ကျွန်မသာ ကောင်းကောင်း အသုံးတော်ခံ ကပြနိုင်သ၍ ကောင်းကောင်းနေရမှာပဲဟာ ဘာလို့ မလုပ်နိုင်ရမှာလဲပေါ့။ သူက ကျွန်မကို တစ်သက်လုံး တခြားတစ်ယောက်ရဲ့ အစားထိုးခံအဖြစ် ဆက်ဆံတယ်ဆိုရင်လည်း ကျွန်မကလည်း တစ်သက်လုံး အဲ့အတိုင်း ဟန်ဆောင်ပေးလို့ရတယ်။ သူ့စိတ်ကူးထဲက ကျန်းမင်ဝေ့အတိုင်းဖြစ်လာအောင် ကျွန်မ လိုက်နေပေးနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့အထိ ကျွန်မရဲ့ တကယ့်စိတ်ခံစားချက်တွေ ထည့်ထားတာမဟုတ်တော့ မပေါင်းရလို့လည်း အဲ့လောက်ကြီး ဝမ်းနည်းစရာမရှိပါဘူး"

ဒီတစ်ခါတော့ ရှဲ့ရွှမ်းချန် သဘောပေါက်သွားခဲ့ပြီ။ အားလုံးက မုမင်ထန်ကို ရှဲ့ရွှမ်းကျီက သဘောမကျတာလို့ ပြောကြပေမဲ့ တကယ်တမ်း ဘယ်တုန်းကမှ ဒီဆက်ဆံရေးကို အလေးအနက် မထားခဲ့တဲ့သူက သူမပဲ။ တကယ်လို့ အစီအစဥ်အတိုင်းသာ သူမတို့နှစ်ယောက် မင်္ဂလာဆောင်ဖြစ်ခဲ့ကြမယ်ဆိုရင် မုမင်ထန်က သူ့ကို တစ်သက်လုံး အရူးလုပ်ထားမှာပဲ။

"ကိုယ် နားလည်ပြီ"  ရှဲ့ရွှမ်းချန်က ပြုံးရင်း မုမင်ထန်ကို လှမ်းကြည့်လိုက်တယ်။ "ကိုယ့်အပေါ်ကိုကော အဲ့လိုပဲ လုပ်‌နေတဲ့ပုံပဲ"

မုမင်ထန်က ရှဲ့ရွှမ်းကျီကိုလည်း အဲ့လို ဆက်ဆံခဲ့တော့ သူ့အပေါ်ကိုလည်း အဲ့လိုဆက်ဆံနေတာပဲ ဖြစ်လိမ့်မယ်။ သူနဲ့ လက်ထပ်လိုက်ရတာမို့ သူမ ကောင်းမွန်တဲ့ဘဝတစ်ခုရအောင် သူ့ကို ဂရုစိုက်ပေးဖို့ အကြောင်းဖန်လာတာပေါ့။

ဒီစကားကို ကြားတာနဲ့ မုမင်ထန်က ချက်ချင်းပဲ ငြင်းလာတယ်။

"မဟုတ်ဘူး"

ရှဲ့ရွှမ်းချန်က မျက်ခုံးပင့်လိုက်တယ်၊ သူ ဒီအဖြေလောက်ကို မကျေနပ်ဘူးဆိုတာ သိသာတယ်။ မုမင်ထန် သူ့ကို ပြန်ကြည့်လိုက်ပြီး မျက်နှာတစ်ချက်မပျက်ဘဲ ပြောလိုက်တယ်။

"အရှင့်သားက ကျွန်မရဲ့ အသက်သခင်၊ ကျွန်မရင်ထဲက သူရဲကောင်းပါ။ သေချာတာပေါ့ အရှင့်သားက သူများတွေနဲ့ မတူဘူး"

သူမရဲ့မျက်ဝန်းတွေက တောက်ပနေပြီး အရှေ့အရပ်ကနေထွက်ပြီး အနောက်အရပ်က နေဝင်တဲ့အကြောင်းကို ပြောနေသလိုမျိုးပဲ ရိုးသားတယ်။ ရှဲ့ရွှမ်းချန်က အမြဲတမ်း 'မင်း လိမ်နေတာဖြစ်ရမယ်' ဆိုတဲ့ စူးရှတဲ့အကြည့်မျိုးနဲ့ လူတွေကို ကြည့်တတ်ပေမဲ့ သူမရဲ့မျက်ဝန်းတွေကြောင့် နောက်ဆုံးတော့ စိတ်လှုပ်ရှားသွားရတယ်။

သူမက သိပ်တုံးတာပဲ၊ ဒီလို အကောင်းလား အဆိုးလား မခွဲခြားတတ်ပုံမျိုးနဲ့ စစ်ဖြစ်နေတုန်းက သူမ ဘယ်လိုများ အသက်ရှင်ခဲ့တာလဲလို့ ရှဲ့ရွှမ်းချန် တွေးမိနေတော့တယ်။
....................................
ကျန်းမင်ဝေ့ရဲ့ မင်္ဂလာအခမ်းအနားကို သူမရဲ့ ညီအစ်မတွေနဲ့ သူငယ်ချင်းအပေါင်းအဖော်အားလုံးက တက်ရောက်ဂုဏ်ပြုပေးကြတယ်။

သူမ မှန်တင်ခုံရှေ့ထိုင်နေပြီး ကျန်းအန်လမ်းကြားကလာတဲ့ အမျိုးသမီးတွေက သူမဘေး ဝန်းရံထားတယ်။ အားလုံးက ဒီနေ့ သူမ ဘယ်လောက်တောင် လှပနေလဲကို ချီးကျူးထောမနာပြုနေကြတော့တယ်။

"ဟိုးအရင်တုန်းကလည်း အားလုံးထဲမှာ ကျန်းသခင်မလေးက အလှဆုံးပဲ။ အရွယ်‌ရောက်လာတဲ့အခါ ပိုပြီးတော့တောင် လှလာမယ်လို့ မထင်ထားခဲ့ဘူး။ ကျင်းဝမ်က သခင်မလေးကိုပဲ စွဲစွဲလမ်းလမ်း ချစ်မြတ်နိုးနေပြီး သခင်မလေးကလွဲရင် ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူးလို့ ငြင်းဆိုခဲ့တာကို မအံ့ဩတော့ပါဘူး"

သူမ ရှက်ပြုံးလေးပြုံးလိုက်တဲ့အခါ ကြေးမှုံမှန်မှာ သိမ်မွေ့လှပတဲ့ သူမမျက်နှာလေးက ထင်ဟပ်နေတယ်။ ကျန်းမင်ဝေ့ သူ့ကိုယ်သူ မှန်ထဲ ပြန်ကြည့်မိတယ်။ သူမမျက်နှာလေးက ဘဲဥပုံရှိတယ်၊ မျက်လုံးတွေက အရင်ကလောက် တောက်ပမနေတော့ပေမဲ့လည်း လှပနေဆဲဖြစ်တယ်။ အရေးအကြီးဆုံးက သူမအသားအရေက ငယ်ရွယ်နုပျိုနေဆဲပဲ၊ သူမပုံစံက အားအင်အပြည့်နဲ့ တက်ကြွနေတယ်။

ငယ်ရွယ်မှုဆိုတာ အလှဆုံးသော အလှတရားပဲ။ ငယ်ရွယ်မှုကို မျက်နှာချေတွေ ဘယ်လောက်သုံးသုံး ပြန်မရနိုင်ဘူး။ ကျန်းမင်ဝေ့ စိတ်ကျေနပ်နေတာမို့ ပြုံးပြုံးနဲ့ ဘေးက ချီးမွမ်းသံတွေကို လက်ခံနားထောင်နေလိုက်တယ်။

ဒါပေမဲ့ သူမဘေးက မိန်းကလေးတွေကတော့ သူမကိုကြည့်ပြီး စိတ်ထဲ မနာလို ဖြစ်နေကြတယ်။ တကယ်တော့ သူတို့လူမှုအသိုင်းအဝိုင်းထဲမှာ မနှစ်က ဘာဖြစ်ခဲ့လဲဆိုတာကို ကြားလိုက်တဲ့သူတွေ ရှိတယ်။ ကျန်းမင်ဝေ့သာ တစ်ခုခု မဖြစ်သွားခဲ့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ကျန်းဟုန်ဟောက်က နောက်သမီးတစ်ယောက်ကို ထပ်မွေးစားမှာတဲ့လဲ??

ဒါပေမဲ့လည်း တချို့လူတွေက မွေးကတည်းကကို ကံကောင်းကြတာ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျင်းဝမ်က သူမကိုပဲ သဘောကျခဲ့ပြီး မင်္ဂလာပွဲက ထွက်ပြေးသွားတဲ့အတွက်တောင် ခွင့်လွှတ်ပေးခဲ့သေးတယ်။ ကျန်းမင်ဝေ့ အိမ်ကထွက်ပြေးပြီး ဟိုးအဝေးရောက်နေခဲ့တာတောင်မှ အချိန်တန် အိမ်ပြန်ရောက်တဲ့အခါ သူမက ကျင်းဝမ်ဖေးလောင်း ဖြစ်နေဆဲပဲ။ 
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now