Chapter 64

2.2K 202 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 64
Translator – Utopia


"တစ်ယောက်ယောက်သွားပြီး သတင်းပို့ကြလေ၊ ကိုယ့်လူကိုယ်တောင် မသိကြဘူးလား" မုမင်ထန် ပြောရင်း စိတ်ပူပန်လာတယ်၊ "သွား လမ်းဖယ်ကြ!"

အစောနကတုန်းက ခြံဝင်းထဲ လူတစ်ယောက် ဒရောသောပါး ပြေးဝင်လာတာ မြင်လိုက်ပေမဲ့ သူတို့နဲ့ လှမ်းနေတာကြောင့် တခြားတာဝန်တစ်ခုကြောင့်လို့ပဲ ထင်လိုက်တာ။ ဒီတော့ သူတို့လည်း သာမန်လောက်ပဲတွေးလိုက်ပေမဲ့ မမျှော်လင့်ထားပဲ ဒီကိစ္စဖြစ်နေခဲ့တာကိုး။

အစောင့်နှစ်ယောက်ရဲ့မျက်နှာအမူအရာက လုံးဝကို ပြောင်းလဲသွားတော့တယ်။ သူတို့ သူမလက်ကို လွှတ်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် မုမင်ထန် သုတ်ခြေတင် ပြေးထွက်လာတော့တယ်။ ဒါပေမဲ့ မိန်းကလေးဖြစ်နေတော့ အရှေ့က ဦးအောင်ပြေးတာတောင်မှ နောက်က ယောက်ျားရင့်မာကြီးတွေကို မကျော်နိုင်ချေ။ ရှဲ့ရွှမ်းကျီက အစောင့်တပ်ဖွဲ့ကို ဦးဆောင်ပြီး သူမထက်အရင် ချီယန်အိမ်တော်ထဲ ဝင်ချသွားတယ်။

လက်နက်သံတချွင်ချွင်ကြားလိုက်ရတဲ့အခါ မုမင်ထန်စိတ်ထဲ မကောင်းတာဖြစ်တော့မယ်လို့ ခံစားလာရတယ်။ ကျင်းအိမ်တော်က ချီယန်အိမ်တော်ဘေးမှာ တည်ဆောက်ထားတာဖြစ်ပြီး သွားလာရလွယ်ကူအောင်လို့ ကျင်းအိမ်တော်ဥယျာဉ်ကနေ ဘေးတံခါးပေါက် တစ်ခုကိုပါ ဆောက်ထားကြတယ်။ ဒီဘေးတံခါးကနေ ဝင်ဖို့ကို မုမင်ထန် အမြဲ ငြင်းဆန်ခဲ့ပြီး လမ်းပိုရှည်တဲ့ တံခါးမကြီးကသာ ဝင်ချင်ခဲ့တာ။ ဒါပေမဲ့ အခု အလျင်လိုနေတာမို့ ဒါတွေလည်း သူမ ဂရုမစိုက်အားတော့ဘူး။ ဘေးတံခါးကနေပဲ မုမင်ထန် ဖြတ်လာပြီး ရှဲ့ရွှမ်းကျီရဲ့အဖွဲ့နောက်ကနေ ပြေးလိုက်လာခဲ့တယ်။

အဲ့အချိန် ယွီလင်ခန်းမဆောင်အရှေ့က ရင်ပြင်မှာ ရှဲ့ရွှမ်းချန်ရဲ့မျက်လုံးတွေက သမားရိုးကျကိုလွန်ပြီး နီရဲနေပြီး လူတွေအားလုံးကလည်း ဓားကိုင်စွဲကာ သူ့ကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြတယ်။ ဒီနေ့ ကျင်းဝမ် မင်္ဂလာဆောင်တဲ့နေ့ ဖြစ်တာကြောင့် ဝမ်ဖေးက ဖိတ်စာကို လက်ခံပြီး ကျင်းအိမ်တော်ကို သွားခဲ့တာဖြစ်တယ်။ မုမင်ထန် သွားပြီးတဲ့နောက် အစောင့်တွေလည်း ထုံးစံအတိုင်းပဲ ကင်းလှည့်နေကြတ်။ အစတုန်းကတော့ အားလုံး အကောင်းပဲ။ နောက်ကျ ရုတ်တရက်ဆိုသလို ညနေပိုင်းလည်း ရောက်ရော ပြတင်းတံခါးတွေကို ချိုးပစ်နေတဲ့အသံမျိုးကို အစောင့်တွေ ကြားလိုက်ကြရတယ်။

ဝမ်ဖေးကလည်း အိမ်တော်မှာ မရှိဘူးဆိုတော့ အဲ့အသံက သူမ လုပ်တာ မဖြစ်နိုင်ဘူး။ ဒါဆိုရင် နောက်ဆုံးကျန်တဲ့ကြောက်လန့်စရာ ဖြစ်နိုင်ချေ တစ်ခုပဲ ကျန်တော့တယ်။

တပ်စုခေါင်းဆောင်က အမြန်ပဲ သူ့လူတွေကို ခေါ်ပြီး ယွီလန်ခန်းမဆောင်ရှေ့က တံခါးမှာ ပိတ်ဆို့ထားကြတယ်။ ထို့နောက် အခြေအနေတွေက အခုလိုတွေထိ ဖြစ်ကုန်တော့တာပဲ။

ပထမအကြိမ် အစောင့်တွေ တံခါးကို ဖွင့်ဖို့ ကြိုးစားချိန်မှာ ရှဲ့ရွှမ်းချန်က တစ်ကိုယ်တည်း ထီးထီးရပ်နေပြီး လက်တစ်ဖက်က နဖူးကိုထောက်ကာ ထိန်းချုပ်ရခက်တဲ့စေ့ဆော်မှုမျိုးကို ဖိနှိပ်ထားဖို့ ကြိုးစားနေပုံပေါ်တယ်။ သူ ကြွေအိုးတစ်လုံးကိုပါ ကန်ထုတ်ပစ်လိုက်တယ်။  တံခါးကို ဖွင့်နေကြတဲ့ စစ်သားတွေရဲ့အသံက ကျယ်လောင်ဆူညံနေပြီး သူ့မျက်စိရှေ့က ယောက်ယက်ခတ်နေကြတဲ့ လူရိပ်တွေကို မြင်ရတော့ ရှဲ့ရွှမ်းချန် လုံးဝ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ စပြီး လိုက်သတ်တော့တယ်။

တပ်စုခေါင်းဆောင်က ဒီချီယန်အိမ်တော်မှာ အကြာဆုံးလူဖြစ်တယ်။ သူ ဒီကို တာဝန်စကျတုန်းက သာမန်စစ်သားလေးပဲ ရှိသေးတယ်။ သူ့အထက်အရာရှိတွေ၊ ရဲဘော်ရဲဘက်တွေ ရှဲ့ရွှမ်းချန်ရဲ့လက်ထဲ သေခဲ့ကြရတာကို သူ မြင်ခဲ့ရတယ်။ သူ့ရှေ့ကလူတွေအားလုံး သေသွားတဲ့နောက် သူ့ကို တပ်စုခေါင်းဆောင်အဖြစ် ရွေးလိုက်ကြတယ်။ ကျန်တဲ့သူ့လူတွေကလည်း ဒီနည်းအတိုင်း လက်ရှိနေရာကို ရောက်လာကြတာပဲဖြစ်တယ်။

ရှဲ့ရွှမ်းချန်ကို တပ်စုခေါင်းဆောင် ဘယ်လောက်ကြောက်ရွံ့လဲဆိုတာ တိုင်းပြလို့တောင် မရဘူး။ သူ့စိတ်ထဲ ရှဲ့ရွှမ်းချန်က လူတောင် မဟုတ်ဘူး၊ နတ်ဆိုးတစ်ကောင်ပဲ။ ဒီလိုလူမျိုးကို မေ့မြောနေချိန်မှာတည်းက သတ်ပစ်လိုက်ရမှာ။ သူ့ကို အခုအချိန်ထိ အသက်ပေးရှင်ထားတာက တစ်လောကလုံးကို ဒုက္ခတွေပါ သယ်လာလိမ့်မယ်။

ဒါပေမဲ့ သံမဏိကြိုးတွေရှိနေတော့ ရှဲ့ရွှမ်းချန်ရဲ့ လက်တွေခြေတွေက စိတ်ရှိတိုင်း လှုပ်ရှားလို့မရဘူး။ သူက စစ်နတ်ဘုရားဖြစ်နေရင်တောင်မှ သူ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက သိသိသာသာ လျော့သွားပြီ။ ဒီအတောအတွင်းမှာ တပ်စုခေါင်းဆောင်ခမျာ ညဘက်တွေ ကောင်းကောင်းတောင် အိပ်မရဘူး၊ သံမဏိကြိုးတွေရှိတာပဲလို့ တွေးပြီး စိတ်အေးအောင် ကြိုးစားရတယ်။ ဒီနေ့ သူ့လူတွေခေါ်ပြီး ရှေ့ကို ချီတက်သွားတာကလည်း သူ့စိတ်ထဲ သံမဏိကြိုးတွေ ရှိသေးတယ်ပဲ ထင်နေတာ။

ဘယ်သူက ထင်ထားမှာလဲ၊ သူလည်း တံခါးဖွင့်လိုက်ရော ခန်းမဆောင်အလယ်ထဲ ရှဲ့ရွှမ်းချန်က ရပ်နေပြီး သူ့ဆီမှာ ဘာလက်ထိတ်မှ ရှိမနေတော့ဘူး! တပ်စုခေါင်းဆောင် ကြောက်လွန်းလို့ လိပ်ပြာလွင့်မတတ်ပဲ။ ‌နောက်က အစောင့်တွေလည်း ကြောက်ဒူးတုန်ပြီး စုဖွဲ့မှုပုံစံအတိုင်းတောင် မနေနိုင်ကြတော့ဘူး။

သူတို့ အထဲကို ဝင်လာတဲ့အသံတွေက ရှဲ့ရွှမ်းချန်ကို သတိပေးလိုက်သလိုဖြစ်သွားပြီး အားလုံးလည်း ချက်ချင်းပဲ ဒရောသောပါး ပြေးထွက်ကြတယ်။ ဒါပေမဲ့ တချို့ကတော့ သူ့လက်ထဲ မိသွားဆဲပဲ။ ရှဲ့ရွှမ်းချန်က သူမတူအောင်ကို ခွန်အားကြီးတာမို့ ဘာလက်နက်မှမရှိတာတောင် တစ်ချက်တည်းနဲ့ လက်ကို ချိုးပစ်နိုင်တယ်။ သူတို့ဆီမှာ လက်နက်တွေပါပေမဲ့ ဒီလူသတ်စက်နဲ့ ယှဥ်လိုက်ရင် ဘာမှအသုံးမဝင်တော့ဘူး။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now