Chapter 35
December 15, 2023
စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Translator – Utopia
မုမင်ထန် ဖြီးလိမ်းပြင်ဆင်ပြီးတဲ့နောက် စိတ်ရောကိုယ်ပါ ပျော်ရွှင်သွားပြီး မှန်ထဲမှာ သူမကိုယ်သူမ ကြည့်နေမိတော့တယ်။ ရှဲ့ရွှမ်းချန် ရှိနေတယ်ဆိုတာတောင် သူမ လုံးလုံး မေ့သွားတယ်။
သူမ ပျော်ပျော်ရွှင်ရွှင်ပဲ အဝတ်အစားတွေကို အခန်းထဲက ဗီရိုထဲ ထည့်လိုက်တယ်။ ရှဲ့ရွှမ်းချန်ကို နေ့လယ်စာ ကျွေးတော့လည်း တက်ကြွပျော်ရွှင်နေတာပဲ။
နေ့လယ်ရောက်တဲ့အခါ သူမ လုပ်စရာတွေအားလုံး ပြီးစီးသွားပြီ ဖြစ်တယ်။ လက်ထဲ ပိုက်ဆံလေးလည်း ရှိလာတော့ ရှဲ့ရွှမ်းချန်ရဲ့ခန္ဓာကိုယ်ကို ဘယ်လို အားပြန်ပြည့်အောင် လုပ်ပေးလို့ရမလဲ သူမ ဖြေးဖြေးချင်း စဥ်းစားနေတယ်။
သူမကိုယ်တာဆန်ပြုတ်ကို ရှဲ့ရွှမ်းချန်ကိုပါ ကျွေးနေမှန်း စားဖိုဆောင်ကလည်း မသိသေးတာကြောင့် ပို့လာပေးတဲ့ဆန်ပြုတ်တွေက သာမန်အတိုင်းပဲ ဖြစ်တယ်။ ဒါက ပုံမှန်လူတွေအတွက်တော့ ကိစ္စမရှိပေမဲ့ လူနာကို ကျွေးဖို့ကျ အဲ့လောက် လွယ်ကူမနေဘူး။
သူမကလည်း အပြင်ထွက်လို့ မရတာ နှမြောစရာပဲ၊ ဒီလိုနဲ့ အပြင်ကိုထွက်ပြီး ပစ္စည်းတွေ ဝယ်ယူပေးရတဲ့တာဝန်က အစောင့်ရဲမက်တွေဆီ ရောက်လာတော့တယ်။ တပ်တွင်းအမိန့်တွေကို သူတို့ လိုက်နာရတယ်ဆိုပေမဲ့ ငွေက နတ်ဆိုးကိုတောင် စေစားနိုင်တယ်ဆိုတဲ့စကားအတိုင်း တပ်စုခေါင်းဆောင် လစ်တုန်း သူမ လာဘ်ထိုးကြည့်လို့ရလောက်တယ်။
မုမင်ထန်တစ်ယောက် နေရောင်အောက်မှာ ထိုင်ရင်း အေးအေးဆေးဆေး ဗာဒံစေ့တွေကို အခွံခွာနေတယ်။ သူမ ကျောက်စိမ်းဆံထိုးနဲ့ လာဘ်ထိုးပြီး အစောင့်တစ်ယောက်ကို ဗာဒံစေ့တွေကို အပြင်ကနေ သွားဝယ်ခိုင်းခဲ့တာဖြစ်တယ်။
တပ်စုခေါင်းဆောင်က မုမင်ထန်ကို ယွီလင်စံအိမ်တော်အပြင်ဘက် ပေးမထွက်တာကြောင့် သူလစ်တုန်းလေး သူမကလည်း အခွင့်အရေးအရယူပြီး အစောင့်တွေကို လာဘ်ထိုးကာ အပြင်က မုန့်တွေ ဝယ်ခိုင်းလိုက်တယ်။ သူမ အထဲမှာပဲ နေရတာ ပျင်းလာတာကြောင့် အပျင်းပြေ ဝါးရအောင် တစ်ခုခုလေး စားချင်တယ်လို့ ပြောခဲ့ရုံပါပဲ။ မုမင်ထန်က ၁၅ နှစ်ဝန်းကျင်လောက်ပဲ ရှိသေးပြီး သူတို့ညီမလေးတွေနဲ့ ရွယ်တူလောက်ပဲ။ ဒါပေမဲ့ အခုလို သူမဘဝတစ်လျှောက်လုံး အိမ်တော်ထဲမှာပဲ အကျဉ်းချခံထားရတာကို တွေးမိတော့ စစ်သားတွေလည်း မုမင်ထန်ကို သနားသွားကြတယ်။
နောက်ပြီး ကျောက်စိမ်းဆံထိုးက ဗာဒံစေ့တွေထက် အများကြီး တန်ဖိုးရှိတယ်။ သူမက ဒီဆံထိုးကို ပေးလာမှတော့ အပြန်အလှန်အနေနဲ့ တခြားတစ်ခုကို တောင်းဆိုလို့ မရစရာအကြောင်းမရှိချေ။ အကောင်းစား ကျောက်စိမ်းဆံထိုးနဲ့ယှဉ်လိုက်ရင် ဗာဒံစေ့လှော်က ဘယ်လောက်ကောင်းနိုင်မှာမို့လို့လဲ?
ဒီလိုနဲ့ မုမင်ထန် အပြင်က မုန့်တွေကို ရလာတာဖြစ်တယ်။ သူမစားဖို့သက်သက်ဆို ဒီလောက်တောင် အလုပ်ရှုပ်ခံနေမှာ မဟုတ်ချေ။ အခုက ဒီဗာဒံစေ့နဲ့ ဟေဇယ်စေ့တွေကို အမှုန့်ကြိတ်ပြီး ရှဲ့ရွှမ်းချန်ရဲ့ဆန်ပြုတ်ထဲ ထည့်ကျွေးချင်တာကြောင့်ဖြစ်တယ်။
ရှဲ့ရွှမ်းချန်က အိပ်ရာထဲလဲနေတာ အတော်ကြာပြီဖြစ်ပြီး နေရောင်ကလည်း မရသလောက်ပဲ။ ဒါကြောင့်မို့ သူ အာဟာရဓာတ်ရဖို့ အရေးတကြီး လိုနေတယ်။ ဒါပေမဲ့ အစောင့်တွေဆီ ကြက်ဥတွေ၊ နို့တွေ သွားဝယ်ခိုင်းရင်ကျ တအား သိသာသွားလိမ့်မယ်။ သူတို့ သံသယဝင်မှာ စိုးတာကြောင့် သူမ အစေ့အဆန်တွေကနေ စပြီးပဲ ဖြေးဖြေးချင်း သူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေကို ဖြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ဟေဇယ်စေ့တွေ၊ ဗာဒံစေ့တွေကို အခွံနွှာရတာက စိတ်ရှည်ဖို့လိုတယ်။ မုမင်ထန် အစေ့တွေကို အခွံနွှာနေတုန်း ရုတ်တရက် တံခါးဖွင့်သံကြားလိုက်ရတယ်။ ပုံမှန်အတိုင်းပဲ ထမင်းဘူးလာပို့တဲ့သူဖြစ်မယ်ထင်တာကြောင့် သူမ လှမ်းပြောလိုက်တယ်။
သူမ လှမ်းပြောပြီးတဲ့နောက်မှ ပြန်စဥ်းစားမိတယ်၊ ဒီနေ့ ထမင်းဘူးလာပို့တဲ့သူက စောလိုက်တာ။ သူမ လှမ်းပြောလိုက်ပေမဲ့ တံခါးဝကလူက ဘာမှပြန်မပြောလာချေ။ တစ်ခုခုကတော့ မှားနေပြီလို့ သူမ ခံစားလိုက်ရတယ်။ သူမ အမြန်ပဲ ထကြည့်တဲ့အချိန် တံခါးရှေ့မှာ ရှဲ့ရွှမ်းကျီက ရပ်နေတာကို တွေ့လိုက်ရတယ်။
မုမင်ထန် အလိုလို လက်ကို တင်းတင်းဆုပ်လိုက်မိပေမဲ့ ချက်ချင်းပဲ စိတ်အေးအေးထားပြီး စားပွဲရှေ့ ဟန်မပျက် နေ,နေတယ်။ ရှဲ့ရွှမ်းကျီက သူမဆီ ရောက်ချလာတယ်ဆိုတော့ကာ ကြည့်ရတာ သူမလုပ်ထားတာတွေ သိသွားလို့ဖြစ်မယ်။ အခုအချိန်မှ သူမ ဖုံးကွယ်ဖို့လုပ်လိုက်ရင် ပိုပြီး သံသယဖြစ်စရာကောင်းသွားလိမ့်မယ်။
လက်ကိုင်ပုဝါနဲ့ လက်ကို သုတ်လိုက်ပြီးနောက် မုမင်ထန် စိတ်မပါတပါဟန်နဲ့ ထလာတယ်။
“ကျင်းဝမ်ရယ်ကိုး၊ အရှင့်သားရောက်လာမှန်း ကျွန်မ မသိလိုက်ဘူး၊ အားနာပါတယ်”
ရှဲ့ရွှမ်းကျီ ခန်းမဆောင်ထဲ ဝင်လာပြီးတဲ့နောက် ဘေးက ပတ်ဝန်းကျင်အနေအထားကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားတယ်။ ယွီလင်ခန်းမဆောင်က အသက်မဲ့ခြောက်သွေ့နေလို့ မျက်မှောင်ကြုတ်မိသွားတာလား၊ ဒီအခြေအနေမှာတောင် သူမက အေးအေးဆေးဆေးရှိနေလို့ မျက်မှောင်ကြုတ်မိသွားတာလားတောင် မပြောတတ်တော့ဘူး။
အစောင့်တွေကတော့ ကြောက်ရွံ့နေတာကြောင့် ယွီလင်ခန်းမဆောင်ထဲ မဝင်ရဲကြချေ။ ရှဲ့ရွှမ်းကျီကတော့ သိပ်စိတ်ပူတဲ့ပုံမပေါ်ဘူး။ သူ မုမင်ထန်အရှေ့မှာ ရပ်လိုက်ပြီး သူမရှေ့က အမှိုက်ပုံကို ကြည့်ကာ
“ဒါတွေ ဘယ်က ရလာတာလဲ”
“ဘယ်ကရလာတာလဲ အရှင့်သားက မသိလို့ မေးနေတာလား” မုမင်ထန်က ထိတ်လန့်သွားတဲ့ပုံမပေါ်ချေ။ အဲ့အစား စက္ကူနဲ့ထည့်ထားတဲ့ အစေ့လှော်ထုပ်ကို ကိုင်ရင်း “ကျွန်မ ဒီမှာပဲ တစ်နေ့လုံး ပိတ်လှောင်ခံထားရတာ၊ ဟိုဟိုဒီဒီလေးတောင် ထွက်လို့မရဘူး။ ပျင်းလွန်းလို့ အစေ့လှော်လေး စားချင်ရုံတင်၊ ဒါလည်း ဥပဒေကို ချိုးဖောက်တာပဲလား”
______________________________________________