စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 48
Translator – Utopia"ကျွန်မ စမ်းကြည့်ပါရစေ"
"ပွင့်သွားပြီ"
ရှဲ့ရွှမ်းချန်က သူမကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လာတယ်။ မုမင်ထန် သတိထားမိတော့ အမြန်ပဲ လက်ယမ်းပြရင်း
"ကျွန်မကို အထင်မလွဲပါနဲ့။ ကျွန်မ တစ်ခါမှ မလုပ်ဖူးပါဘူး။ အရေးအကြောင်းဆို သုံးရအောင်သာ သင်ခဲ့ရုံပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့လည်း ဘာမှလုပ်စရာမှမရှိတာ၊ အရမ်းတော့ မျှော်လင့်မထားပါနဲ့။ ကျွန်မ စမ်းကြည့်ကြည့်မယ်"
တကယ်တော့ ရှဲ့ရွှမ်းချန် သူမပြောပြတာကို အဲ့လောက် မယုံချေ။ တော်ဝင်နန်းတော်က အသေအချာ လုပ်ထားတဲ့သော့ခလောက်ကို အဲ့လောက် လွယ်လွယ်နဲ့ ဖျက်နိုင်မယ်တဲ့လား? ဒါပေမဲ့ ရှဲ့ရွှမ်းချန်ကလည်း မိန်းကလေးတွေနဲ့ ဆက်ဆံရတဲ့အခါ အဲ့လောက် မတော်ချေ၊ သူ့အမေကိုတောင် နိုင်တာ မဟုတ်ဘူး။ အခု မုမင်ထန်က ပြောလာတော့ ငြင်းပစ်ဖို့က သိပ်ရှက်ဖို့ကောင်းတယ်။
ရှဲ့ရွှမ်းချန် လက်ဆန့်ထုတ်ပေးပြီး မုမင်ထန် စမ်းကြည့်လို့ရအောင် လုပ်ပေးလိုက်တယ်။ သူ့လက်ကို မြှောက်ပေးထားပြီး ဒီလေးလံလှတဲ့ သံမဏိလက်ထိတ်တွေကို သူ့လက်တစ်ဖက်တည်းနဲ့ မ ထားပေးတယ်။ မုမင်ထန် သက်ပြင်းချလိုက်ပြီး
"အရှင့်သား လက်ကို ချထားလို့ ရပါတယ်။ ကျွန်တော်မျိုးမ ခုံပေါ်ကနေပဲ လုပ်ပေးလို့ရပါတယ်"
"ကိစ္စမရှိဘူး" ရှဲ့ရွှမ်းချန်လည်း ဘာမှထွေထွေထူးထူး တွေးမနေတော့ဘူး။ "မင်းလုပ်စရာရှိတာသာ လုပ်"
ခေါင်းမာလိုက်တာ၊ မုမင်ထန် စကားဆက်မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းပြီလေ"
မုမင်ထန်တစ်ယောက် ကြိုးစားပမ်းစား လက်ထိတ်ကို ဖွင့်နေပြီး ရှဲ့ရွှမ်းချန်ကတော့ သူမကို သိပ်ဂရုမထားချေ။ သူ ပြောခဲ့သလိုပဲ တော်ဝင်ပန်းပဲဖိုက အထူးလုပ်ထားတဲ့ လက်ထိတ်ကို သာမန်လူတွေက ဘယ်လိုမှ ဖျက်နိုင်မှာ မဟုတ်ဘူး။ အရပ်သားတွေအိမ်မှာ ဝင်ခိုးနေတဲ့ ပမွှားသူခိုးတစ်ယောက်က တော်ဝင်နန်းတော်ကလက်ထိတ်ကို ဘယ်လို ဖွင့်နိုင်မှာလဲ။ သူတို့ ဒီလို လက်ထိတ်မျိုးကို မြင်ဖူးမှာတောင် မဟုတ်ဘူး။ ပန်ဝမ်တော့ မထင် ......
အဲ့အချိန်မှာပဲ ကလစ်ဆိုတဲ့အသံတစ်ခု ထွက်လာပြီး မုမင်ထန်က လက်ထိတ်ကို ကိုင်ပြရင်း
"ပွင့်သွားပြီ"
ရှဲ့ရွှမ်းချန် စကားတောင် မဆုံးသေးဘူး။ ဘယ်လိုပဲပြောပြော ရှဲ့ရွှမ်းချန်ဆိုတာက ရာထူးကြီး အရာရှိမျိုးနွယ်ဖြစ်ပြီး တော်ဝင်မျိုးနွယ်တွေကြား ကြီးပြင်းလာခဲ့တာဆိုတော့ နန်းတော်နဲ့ပတ်သက်ရင် ရှင်းပြရခက်တဲ့ ယုံကြည်မှုတစ်ခုတော့ ရှိတယ်။ အရပ်ထဲကသူခိုးက အရပ်ထဲက သော့တွေပဲ ဖွင့်နိုင်မှာလေ၊ သူမက ဘယ်လိုလုပ် ဒါကို ဖွင့်နိုင်သွားတာလဲ?
မုမင်ထန်ကတော့ ပြောလို့ပြီးသွားပြီဆိုပေမဲ့ ရှဲ့ရွှမ်းချန်ခမျာ အခုထိ အာရုံပြန်မကပ်သေးချေ။ မုမင်ထန် သံလက်ထိတ်ကို တစ်ယောက်တည်း မနည်း ကိုင်ထားရတယ်။ ရှဲ့ရွှမ်းချန်တစ်ယောက် အံ့အားသင့်နေတာနဲ့ သူမကိုတောင် မကူပေးမိဘူး။
မုမင်ထန် သံလက်ထိတ်ကို အိပ်ရာပေါ် ဖြေးဖြေးချင်း ချလိုက်တယ်။ ရှဲ့ရွှမ်းချန် ချက်ချင်းကို လွတ်လပ်သွားသလို ခံစားလိုက်ရတယ်။ သူ့လက်ကောက်ဝတ်တွေကို ပြန်ကြည့်ရင်း အခုထိ မယုံနိုင်သေးဘူးဖြစ်နေတယ်။
"မင်း ......"
မုမင်ထန်က ပြုံးပြရင်း "ကျွန်မက သိပ်မတော်ပါဘူးရယ်။ ဒီအတိုင်းပဲ စမ်းကြည့်လိုက်တာ၊ မထင်ထားဘူး တကယ် အောင်မြင်သွားတာပဲ"
ရှဲ့ရွှမ်းချန်က အယုံမလွယ်တတ်တာကို ထောက်ပြီး မုမင်ထန် နှိမ့်နှိမ့်ချချနဲ့ ပြောပြခဲ့တယ်။ တကယ်တော့ ကျွမ်းကျင်ပညာသည်တွေဆိုတာ အရပ်သားတွေထဲက လာတာပဲ။ အထူးသဖြင့် လက်မှုပညာသည်တွေပေါ့။ သူတို့က မြို့အနှံ့ စစ်ရှောင်ရင်း ပျံ့ကျဲနေတာ။
အဲ့အထဲမှာ သူမကို သော့ဖျက်အတတ်သင်ပေးခဲ့တဲ့ သူခိုးအဖိုးအိုလည်း အပါအဝင်ပဲဖြစ်တယ်။ ရှန်းယန်မြို့ပျက်စီးသွားတဲ့နောက် အားလုံးက အသက်လုပြေးခဲ့ကြရတယ်။ အဖိုးအိုလည်း အစကတော့ သူမကို သင်မပေးချင်ခဲ့ဘူး။ ဒါပေမဲ့ လမ်းတဝက်ရောက်တဲ့အခါ သူတို့မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ပညာအမွေ ပျောက်ဆုံးသွားမှာ စိုးရိမ်လာပြီး သူမကို မသင်ချင်သင်ချင်နဲ့ သင်ပေးခဲ့တာဖြစ်တယ်။
အဖိုးအို ပြောခဲ့တာက 'ငါ့ပညာအမွေကို ယူပြီး ငါ့လို သူခိုးဖြစ်လာဖို့ မမျှော်လင့်ဘူး။ ငါ တတ်မြောက်ထားတဲ့ ပညာအမွေ တိမ်ကောသွားမှာကိုပဲ ငါ စိုးရိမ်မိတယ်။ ဒါကြောင့်မို့ အပြင်လူဖြစ်တဲ့ နင့်ကို သင်ပေးခဲ့တာ။ ခိုးဝှက်တာက မကောင်းပေမဲ့ ငါ့ပညာကတော့ ဖြူစင်ပါတယ်။ ဒီပညာကို အနာဂတ်မှာ သုံးမလား မသုံးဘူးလားက မင်းအပေါ်ပဲ မူတည်တယ်။ ငါနဲ့ မဆိုင်တော့ဘူး'
မထင်မှတ်ထားပဲ ဒီပညာကို အခုလို သုံးရမယ့်အချိန်ရောက်လာခဲ့တာပဲ။ ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ ကံကြမ္မာလဲ။
ရှဲ့ရွှမ်းချန် သူမကို အချိန်အတော်ကြာ လှမ်းကြည့်နေမိတယ်။ ထို့နောက် သူ့လက်ကို ဆန့်ပေးပြီး
"ကိုယ့်ကို ပေးကြည့်"
"ဘာကိုလဲ"
"မင်း သော့ဖွင့်ဖို့သုံးတဲ့ပစ္စည်းလေ"
မုမင်ထန် အမြန်ပဲ ရွှေနန်းကြိုးမျှင်ကို သူ့ကို လှမ်းပေးလိုက်တယ်။ ရှဲ့ရွှမ်းချန် ယူလိုက်ပြီး သေသေချာချာ လေ့လာနေတယ်။ သူ သည်းကြီးမည်းကြီး ကြည့်နေတာ တွေ့တော့ မုမင်ထန် ဂုဏ်ယူနေတဲ့ဟန်နဲ့ အရှေ့ကို ငုံ့လိုက်ရင်း
"ရွှေအစစ်နဲ့ လုပ်ထားတာလေ။ ကျွန်မလက်ဝတ်လက်စားတွေထဲက ဖြုတ်ယူထားတာ"
ဒါဆို ရွှေကြောင့်များလား? ရှဲ့ရွှမ်းချန် မယုံသင်္ကာနဲ့ ကြည့်လိုက်ရင်း သူ့ကိုယ်သူ လက်ထိတ်ပြန်ခတ်တာ ရွှေနန်းကြိုးမျှင်နဲ့ သော့ဖွင့်ကြည့်နေတော့တယ်။
____________________________________________________________________________________________