ရှဲ့ရွှမ်းကျီရဲ့မျက်နှာပေါ်က အပြုံးက အနည်းငယ် တွန့်ကွေးသွားတယ်။
မုမင်ထန်ကတော့ သူ့ပန်းကန်ထဲ စားစရာတွေ ထည့်ပေးနေပြီး ရှဲ့ရွှမ်းချန်ကလည်း သူမ ဘာထည့်ထည့် ကောင်းကောင်း စားတယ်။ ရှဲ့ရွှမ်းကျီနဲ့ ကျန်းမင်ဝေ့နှစ်ယောက်လုံး သူတို့လုပ်သမျှကို ထိုင်ကြည့်နေရတာကြောင့် စိတ်ထဲ တော်တော် အဆင်မပြေ ဖြစ်လာတယ်။
အစတုန်းကတည်းက သူတို့တွေ ရှဲ့ရွှမ်းချန် မနက်စာ စားတာကို အဖော်ပြုပေးဖို့ပဲ ဖြစ်တယ်။ သူကလွဲရင် အားလုံးက မနက်စာ စားထားပြီးကြပြီ။ ကျန်းမင်ဝေ့နဲ့ ရှဲ့ရွှမ်းကျီတို့ ရှေ့မှာ ဟင်းပွဲတွေ ရှိပေမဲ့ နှစ်ယောက်လုံး မစားသလောက်ပင်။
မနက်စာ အနည်းငယ် စားပြီးတဲ့နောက် ရှဲ့ရွှမ်းချန်က တူကို ချလိုက်တယ်။ မုမင်ထန် မျက်မှောင်ကြုတ် သွားတယ်။ ဒီနေ့ သူ စားတာ ပုံမှန်ထက် နည်းလိုက်တာ။ စားလို့များ မကောင်းလို့လား?
သူမ ခေါင်းမော့ပြီး သူ ဘယ်ဟင်းမကြိုက်လို့လဲ မေးမလို့ လုပ်လိုက်တယ်။ ဒါပေမဲ့ ဖျော့တော့နေတဲ့ ရှဲ့ရွှမ်းချန်ရဲ့မျက်နှာနဲ့ နှုတ်ခမ်းပါးလေးကို မြင်ရတေ့ာ သူမ နှုတ်ဆိတ်သွားတော့တယ်။
သူမ ကြည့်နေတာကို ရှဲ့ရွှမ်းချန်က သတိထားမိသွားပြီး
“ဘာဖြစ်လို့လဲ”
သူမ မေးချင်နေတာတွေကို မျိုချလိုက်ပြီး ခေါင်းခါလိုက်တယ်။
“ဘာမှမဟုတ်ပါဘူး။ ဂရုစိုက်နော်၊ ကျွန်မ ကူတွဲပေးမယ်”
ရှဲ့ရွှမ်းကျီနဲ့ ကျန်းမင်ဝေ့တို့က အဖော်ပြုပေးဖို့ပဲ လိုက်လာတာ ဆိုတော့ကာ ရှဲ့ရွှမ်းချန် တူ ချလိုက်တာနဲ့ သူတို့လည်း တူ ချလိုက်ပြီး အပြင်ဘက်ခန်းမဆောင်ကို အတူထွက်လာကြတယ်။
နေရာမှာ အသီးသီး ထိုင်လိုက်ကြပြီးတဲ့နောက် ရှဲ့ရွှမ်းကျီက မေးလာတယ်။
“ဒုတိယအစ်ကိုတော်၊ ဒီရက်ပိုင်း နေကောင်းလာပြီလား”
ရှဲ့ရွှမ်းချန်က ခေါင်းငုံ့ပြီး ချောင်းဆိုးလိုက်တယ်။ ချောင်းဆိုးသက်သာသွားတော့မှပဲ ခေါင်းမော့ပြီး စကားပြောလာတယ်။ ဒီတစ်ခါတော့ သူ့အသံက အက်ရှရှနဲ့
“အဆင်ပြေပါတယ်”
ရှဲ့ရွှမ်းကျီ သူ့ကို နည်းနည်း သနားသွားတယ်။ မုမင်ထန်က ဒီလောက် ဟင်းပွဲတွေ အဖွယ်ဖွယ် အမယ်မယ် ပြင်ပေးထားတာတောင် သူ့ခမျာ တစ်လုတ်တစ်ဆုပ်ပဲ စားနိုင်တယ်။ ရှဲ့ရွှမ်းကျီ စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ရင်း
“အစ်ကိုတော် နေပြန်ကောင်းလာဖို့ကိုပဲ ဂရုစိုက်ပါ။ တခြားကိစ္စတွေက ကျွန်တော်နဲ့ ခမည်းတော်တို့ လုပ်လို့ရတယ်။ အစ်ကိုတော် နေပြန်ကောင်းလာသ၍ အိမ်ရှေ့စံနေရာနဲ့ ထီးနန်းက အစ်ကိုတော့်ဖို့ပါပဲ”
ကျန်းမင်ဝေ့ အံ့အားသင့်သွားပြီး သူ့ကို လှမ်းကြည့်လိုက်တယ်။ သူ အခုလို ပါးစပ်ကနေ လူသိရှင်ကြား ထုတ်ပြောလိမ့်မယ်လို့ မထင်ထားဘူး။ ဒါက အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ အမေဖြစ်သူက ပြောထားတယ်ဆိုပေမဲ့ ရှဲ့ရွှမ်းကျီက တကယ်ကြီး ပြောချလာတော့ သူမ တုန်ယင်သွားတယ်။
တကယ်လို့ ထီးနန်းသာ ရှဲ့ရွှမ်းချန်ရဲ့ဟာဆိုရင် မုမင်ထန်က မိဖုရားခေါင်ကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒါဆို သူမ နှစ်ဘဝစာ ခံစားခဲ့ရတာတွေက ဘာအတွက်လဲ?
ဒီဖြစ်နိုင်ချေကို တွေးမိတော့ သူမ ရင်တွေ တဒိတ်ဒိတ် တုန်လာတယ်။ တော်သေးတယ် ရှဲ့ရွှမ်းချန်က ဆောင်းမတိုင်ခင် သေမယ်ဆိုတာကို အမြန်ပဲ ပြန်တွေးလိုက်မှပဲ သူမ စိတ်ငြိမ်သွားတော့တယ်။ ဧကရာဇ်က နှုတ်နဲ့ ထီးနန်းက သူ့အပိုင်လို့ ပြောထားရင်တောင် ရှဲ့ရွှမ်းချန်က အဲ့အချိန်ထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
သူသာ ထီးနန်းတက်သွားရင် ဆိုတာနဲ့တင် သူ ကြောက်လန့်သွားမိတယ်။ အတိတ်ဘဝတုန်းက ရှဲ့ရွှမ်းကျီက ဇာတ်လိုက်မှန်း မသိလို့ မုမင်ထန်က အခွင့်အရေး ရသွားတယ်။ ဒီဘဝတော့ သူမ အားလုံး သိထားပြီးပြီဆိုတော့ကာ ဘယ်လိုလုပ် မုမင်ထန်ကို အနိုင်ယူခွင့်ပြုရမှာလဲ။ ယဲ့အင်ပါယာရဲ့ မိဖုရားခေါင်ကြီးက သူမ ကျန်းမင်ဝေ့တစ်ယောက်တည်းပဲ ရှိတယ်။
ကျန်းမင်ဝေ့ တဖြေးဖြေး စိတ်ငြိမ်သွားတဲ့အခါကျမှပဲ သူမ ချွေးစေးတွေတောင် ထွက်နေမှန်း သတိထားမိတော့တယ်။ အဲ့အချိန်မှာ ရှဲ့ရွှမ်းချန်နဲ့ ရှဲ့ရွှမ်းကျီတို့က စကားပြောနေကြတုန်းဆိုတော့ ဘယ်သူမှ သူမကို အာရုံမရှိကြဘူး။ အဲ့ဒါနဲ့ သူမလည်း လက်ကိုင်ပဝါလေး ထုတ်ပြီး ဇက်ပိုးက ချွေးစေးတွေကို အပြေးအလွှား သုတ်ရတော့တယ်။
ရှဲ့ရွှမ်းကျီရဲ့ သစ္စာတရား အလေးအမြတ်ထားပြတဲ့စကားတွေကို ရှဲ့ရွှမ်းချန်က အင်းလည်း မလုပ် အဲလည်း မလုပ်နဲ့ ဘာမှ ပြန်မဖြေလာဘူး၊ အဲ့အစား ရုတ်တရက် ချောင်းဆိုးလိုက်တယ်။ သူ ချောင်းဆိုးတာမြင်တော့ မုမင်ထန်က အမြန်ပဲ ရေနွေးတစ်ခွက် ယူလာဖို့ အစေခံကို ခိုင်းလိုက်တယ်။ ရုတ်ရုတ်သဲသဲအခြေအနေမှာ ရှဲ့ရွှမ်းကျီပြောတဲ့စကားတွေက ကော်ဇောအောက်က ဖုန်မှုန့်တွေလိုပဲ ပျောက်သွားတော့တယ်။
ဘယ်လိုပဲ ကြည့်ကြည့် ရှဲ့ရွှမ်းကျီကို သူ တကယ် သဘောမတွေ့မှန်း ရှဲ့ရွှမ်းချန် သိလာရတယ်။ ဘယ်လိုကြည့်ကြည့် သဘောကျချင်စရာ တစ်ကွက်မှကို မရှိတာကြောင့် သူနဲ့ စကားရောဖောရောလည်း လိုက်လုပ်ချင်စိတ် မရှိဘူး။ ဟန်ဆောင်ချောင်းဆိုးလိုက်ပြီးနောက် တခြားဘက်ကို အကြည့်လွှဲလိုက်ချိန် ကျန်းမင်ဝေ့ ဇက်ပိုးက ချွေးတွေကို သုတ်နေတာ တွေ့လိုက်ရတယ်။
____________________________________________________________________________________________