စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 58
Translator – Utopia
ဒီနေ့ ရှဲ့ရွှမ်းကျီရောက်လာတာက သူမကို ဖိတ်စာပေးရုံအတွက်ပဲ ဘယ်ဟုတ်ပါ့မလဲ၊ တကယ်တော့ ရှဲ့ရွှမ်းချန်ရဲ့အခြေအနေကို သိချင်လို့ ရောက်လာတာပဲဖြစ်တယ်။
အဲ့နေ့ သူ သွေးအန်ပြီး မေ့လဲသွားကတည်းက ရှဲ့ရွှမ်းကျီ စိတ်မအေးနိုင်ဘူးဖြစ်နေတာ။ ဒါကြောင့်မို့ သူကိုယ်တိုင်လာပြီး သေချာအောင် ကြည့်ရတော့တယ်။
သူ အနားတိုးသွားလေ မုမင်ထန်ရဲ့နှလုံးသားတစ်ခုလုံး တင်းကျပ်လာလေပဲ။ သူမ မထွက်လာခင်တုန်းက အိပ်ရာခန်းလိုက်ကာကို ချထားပေးခဲ့တယ်။ မှုန်ဝါးဝါးအိပ်ရာခန်းလိုက်ကာကို ကြည့်လိုက်ရင်း
"ဝမ်ရယ် အဲ့လောက် အနားကပ်ကြည့်နေတာ မကြောက်ဘူးလား"
"ကြောက်ရမယ်?" ရှဲ့ရွှမ်းကျီက နှာခေါင်းရှုံ့လိုက်ရင်း "သံနက်က သံချေးတောင် မတက်ဘူး။ အဲ့ဒါက ဖျက်ဆီးပစ်လို့လည်း မရဘူး။ မင်း သာမန်ထက် မတရား ခွန်အားရှိနေရင်တောင်မှ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါကို ဖွင့်ဖို့ဆို သော့နှစ်ချောင်းလိုတယ်၊ အခု အဲ့သော့တွေက ငါ့ဆီမှာမှ ရှိမနေတာ၊ ငါက ဘာကို ကြောက်ရမှာလဲ"
သူ တကယ်ကြီး ယုံကြည်ချက်အပြည့် ရှိနေတာပဲ။ မုမင်ထန်လည်း ဘာမှဆက်မပြောတော့ဘဲ သံမဏိလက်ထိတ်တွေအကြောင်း သူ လေလုံးထွားနေတာကို တိတ်တိတ်လေး ကြည့်နေလိုက်တယ်။
သူတို့နှစ်ယောက်ကြား အိပ်ရာခန်းလိုက်ကာက ခြားထားပြီး အထဲကလူကို ဝိုးတဝါးသာ မြင်ရတယ်။ ရှဲ့ရွှမ်းကျီ အနားတိုးမလို့ လုပ်လိုက်ပေမဲ့ ရုတ်တရက် မုမင်ထန်က တားလာတယ်။
"နေဦး"
ရှဲ့ရွှမ်းကျီ စိတ်မရှည်လက်မရှည်နဲ့ နောက်ကို ပြန်လှည့်ကြည့်ရင်း
"ဘာဖြစ်ပြန်ပြီလဲ"
မုမင်ထန် ကြမ်းပြင်က အဝတ်ပုံကို လက်ညှိုးထိုးပြရင်း
"ကျွန်မ အစောနကမှ အဝတ်အစားလဲထားတာ။ ပြန်သိမ်းဖို့တောင် အချိန်မရလိုက်ဘူး။ ရှင် အနားအရမ်းတိုးနေတာ မသင့်တော်ဘူး"
ရှဲ့ရွှမ်းကျီ ဘေးကို ရှောင်ပေးလိုက်ရင်း ကိုယ်ရို့သွားတယ်။ သူ့ဘဝမှာ ဒီလောက် အရှက်မရှိတဲ့မိန်းကလေး တစ်ခါမှ မကြုံဖူးဘူး။ ဘယ်လိုလုပ်ပြီး ဒီစကားမျိုးကိုတောင် ပြောထွက်နေတာလဲ? ဒါပေမဲ့လည်း သူ တကယ် အရှေ့ဆက်တိုးဖို့ မသင့်တော်ချေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ လာတာကလည်း ရှဲ့ရွှမ်းချန်ရဲ့အခြေအနေကို အတည်ပြုဖို့ပဲဆိုတော့ အခု သူ လှဲနေတာကို မြင်ရတော့ ရှဲ့ရွှမ်းကျီ သက်ပြင်းချနိုင်သွားပြီ။
ရှဲ့ရွှမ်းကျီက အေးစက်စက်နဲ့ အင်္ကျီလက်စကို သိမ်းလိုက်ပြီး အခန်းထဲက ထွက်သွားတော့တယ်။ မုမင်ထန်လည်း ပျော်ရွှင်ပြီး နောက်ကနေ လိုက်လာကာ ဒီပလိပ်ရောဂါနတ်ဘုရားကို တံခါးအပြင်ကို မြန်မြန် ပို့လွှတ်လိုက်တော့တယ်။
နှစ်ယောက်သား အခန်းအပြင်ကို လျှောက်လာတုန်းမှာ ရှဲ့ရွှမ်းကျီက ရုတ်တရက် ရပ်လိုက်ပြီး မေးလာတယ်။
"ငါ မင်ဝေ့နဲ့ မင်္ဂလာဆောင်တော့မယ်။ မင်း ငါ့ကို မုန်းလား"
မုမင်ထန် အန်ချမိတော့မလိုပဲ။ သူမ မျက်လုံးလှန်ပြလိုက်ရင်း လှောင်ကာ
"ဝမ်ရယ်တို့နှစ်ယောက်က ငယ်ချစ်ဦးတွေပဲ၊ ကျွန်မကိုတောင် နှစ်ယောက်သားပေါင်းကြံခဲ့ကြတာပဲ မဟုတ်ဘူးလား"
သူမကို ကြည့်ရင်း ရှဲ့ရွှမ်းကျီ သက်ပြင်းချလိုက်တယ်။
"ထားလိုက်ပါတော့၊ ငါ မင်းအပေါ် အကြွေးတင်နေတယ်။ မင်း ငါ့ကို နှစ်သက်နေရင်တောင်မှ ငါ့ရင်ထဲက မင်ဝေ့ရဲ့နေရာကိုတော့ ဘယ်သူမှ လုမယူနိုင်ဘူး။ သူမကသာ ငါ့ရဲ့ တရားဝင်ဇနီးမယားပဲ။ အချစ်ဆိုတာ လုပ်ယူလို့ မရဘူး။ မင်း အခြေအနေတွေကို လက်ခံလိုက်သင့်ပြီ။ မင်းမှာ တခြားပြောစရာ ရှိသေးလား"
"ရှိတယ်၊ တစ်ခွန်းတည်းပါပဲ" မုမင်ထန်က သူ့ကို ကြည့်လိုက်ပြီး "ကျွန်မ ရှင့်ကို သဘောမကျဘူး"
ရှဲ့ရွှမ်းကျီ နင်သွားပြီး မျက်မှောင်ကြုတ်ကာ
"လိုချင်လာအောင် ခက်ခဲပြနေတာလား"
"ရှင် အတွေးများနေပြီ။ ကျွန်မ ဘယ်တုန်းကမှ ရှင့်ကို သဘောမကျဖူးဘူး"
သူမ ပြောပြီးတာနဲ့ တမင် အသံကို မြင့်လိုက်ပြီး
"အခု ဝမ်ရယ် သွားလို့ရပါပြီ"
အခန်းတံခါးကို ဖွင့်ထားတာကြောင့်မို့ အပြင်ကလူတွေပါ သူမအသံကို ကြားရတယ်။ အခု မုမင်ထန်က သူ့ကို နှင်လွှတ်နေပြီမို့ သူ မပြန်လို့ မရတော့ချေ။ ရှဲ့ရွှမ်းကျီ သူမကို တစ်ချက်ကြည့်ရင်း ဘယ်တော့မှ စကားဆက်ပြောချင်စိတ်မရှိတော့ဘူး။ ထို့နောက် အမြန်ပဲ ခန်းမဆောင်ထဲက ထွက်လာခဲ့တော့တယ်။
ရှဲ့ရွှမ်းကျီ လျှောက်လမ်းနား ရောက်တဲ့အခါ ရပ်လိုက်ပြီး အသံခပ်ကျယ်ကျယ်နဲ့
"ချီယန်ဝမ်ရဲ့အခြေအနေက မတည်ငြိမ်ဘူး။ မင်းတို့တွေ ကောင်းကောင်း စောင့်ကြည့်ထားကြ။ ချီယန်ဝမ် နိုးလာတာနဲ့ ချက်ချင်း ငါ့ဆီ လျှောက်တင်"
"အမိန့်အတိုင်းပါ!"
မုမင်ထန် နှုတ်ဆိတ်နေဆဲဖြစ်တယ်။ 'ဒါပေမဲ့ တကယ်တော့ သူက နိုးနေပြီး ရှင် ပြောတာတွေ အားလုံးကိုတောင် ကြားပြီးပြီ'
ရှဲ့ရွှမ်းကျီ အမိန့်ပေးပြီးနောက် မုမင်ထန်က လှည့်ကြည့်လိုက်တယ်။ သူ့အကြည့်က မကြည်မသာနဲ့
"နောက် ၅ ရက်ကြာပြီးရင် ကျွန်တော့် မင်္ဂလာပွဲ ရှိပါတယ်၊ ကျေးဇူးပြုပြီး အဲ့နေ့မှာ လာတက်ရောက်ပေးပါ"
"ဒါပေါ့ တက်ရောက်ပေးရမှာပေါ့"
မုမင်ထန် သူ့ကို ပြုံးပြရင်း အားလုံးရှေ့မှာပဲ တံခါးကို ဝုန်းခနဲ ကောက်ပိတ်ချသွားတယ်။ ပြီးတာနဲ့ သူမ ဒေါသတထောင်းထောင်း ထွက်ရင်း အိပ်ခန်းထဲက စိတ်တိုတိုနဲ့ ပြန်ဝင်လာတယ်။ အခန်းထဲမှာ ရှဲ့ရွှမ်းချန်က ထတောင်ထိုင်နေပြီ။ သူ့အကြည့်တွေက 'ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ' လို့ ပြောနေသလိုပဲ။
____________________________________________________________________________________________