Chapter 89

1.7K 183 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသောဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 89
Translator – Utopia

"စိတ်ရှုပ်စရာ အခန်းဖော်"

ရှဲ့ရွှမ်းချန်က ငြင်းလိမ့်မှာပဲလို့ မုမင်ထန် ထင်လိုက်ပြီး သူ့ကို မျက်စိမှိတ်ပြလိုက်တယ်။ ရှဲ့ရွှမ်းချန်ကလည်း မျက်လုံးအပြူးသားနဲ့ သူမကို ပြန်ကြည့်နေတယ်။ နှစ်ယောက်သား အချိန်အတော်ကြာ စိုက်ကြည့်နေကြပြီး မုမင်ထန်တောင်မှ ရှက်လာတယ်။ ထို့နောက် ရုတ်တရက် ရှဲ့ရွှမ်းချန်က တစ်ခုခုကို သဘောပေါက်သွားတဲ့ပုံပဲ။
မုမင်ထန် အဲ့ကျမှ သက်ပြင်းချနိုင်တော့တယ်။ အွန်း ဒီလူက အရိပ်အကဲနားလည်ဖို့ နှေးကွေးပေမဲ့ နောက်ဆုံးတော့ သိသွားပြီပဲ။
သူမ အဲ့လိုတွေးလို့တောင် မဆုံးသေးပြီး ရှဲ့ရွှမ်းချန်ဆီကနေ "ကောင်းပြီ၊ အထဲယူခဲ့လိုက်" လို့ ပြောလိုက်တာကို ကြားလိုက်ရတယ်။
မုမင်ထန် တံတွေးတောင် သီးသွားတယ်။ အထဲကို ယူလာခဲ့? ဘယ်ဟာကို အထဲယူခဲ့ခိုင်းနေတာလဲ? သူ့ကို ငြင်းခိုင်းလိုက်တာ မဟုတ်ဘူးလား၊ ဘာလို့ သူက ခေါင်းညိတ်လိုက်တာလဲ"
မုမင်ထန် မယုံနိုင်လို့ မျက်လုံးအပြူးသားနဲ့ ပြန်လှည့်ကြည့်လိုက်တယ်။ သူမရဲ့အမူအရာက သိပ်သိသာလွန်းတာကြောင့် အဲ့ကျမှပဲ တစ်ခုခု မှားနေမှန်း သူ သဘောပေါက်သွားတယ်။ ဒါပေမဲ့ အဲ့အချိန်မှာ အစေခံတွေက အခန်းထဲကိုတောင် ဝင်လာပြီး အိပ်ရာခန်းဝင်ပစ္စည်းတွေကို နေရာချပြုနေပြီ။ ထို့နောက် ‌အရိုအသေပေးပြီး အခန်းထဲက ပြန်ထွက်သွားကြတယ်။ ရှန့်နန်ချွမ်ကလည်း အရိုအသေပေး နှုတ်ဆက်လာတယ်။
"ဝမ်ဖေး အိပ်ရာခန်းဝင်ပစ္စည်းတွေကို နေရာချပြီးပါပြီ။ ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ ကောင်းမွန်စွာ အိပ်စက်နိုင်ပါစေ။ ကျွန်တော်မျိုးမတို့ကို သွားခွင့်ပြုပါ"
ထို့နောက် သူမလည်း အခန်းထဲက အမြန်ပဲ ထွက်သွားပြီး အခန်းတံခါးကို သေချာလုံအောင်ပါ ပိတ်သွား‌ပေးတယ်။
အိပ်ခန်းထဲ မုမင်ထန်နဲ့ ရှဲ့ရွှမ်းချန်တို့နှစ်ယောက်တည်းပဲ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ကျန်ခဲ့တော့တယ်။
မုမင်ထန် နောက်ဆုံး သည်းမခံနိုင်တော့ဘဲ အသံခပ်တိုးတိုးနဲ့ မေးလာတယ်။
"အရှင့်သားကို ကျွန်မ ငြင်းခိုင်းလိုက်တာ မဟုတ်ဘူးလား"
ရှဲ့ရွှမ်းချန်လည်း မတရားသလို ခံစားလိုက်ရတယ်။
"မင်း ငြင်းခိုင်းတာလား? မင်းပဲ ငါ့ကို ဆက်တိုက်ကြည့်နေတာလေ၊ မင်း သဘောတူလိုက်ဖို့ ရှက်နေလို့ ငါ့ကို ကူညီခိုင်းတယ် ထင်လိုက်တာ"
"ဘယ်သူက သဘောတူတယ် ပြောလို့လဲ"
"ဒါဆိုလည်း ကိုယ့်ကို ဘာလို့ ကြည့်နေတာလဲ"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် မေးခွန်းထုတ်ကြရင်း အသံက တဖြေးဖြေး ကျယ်လာတယ်။ ပြီးမှ သူတို့ အသံတော်တော် ကျယ်သွားမှန်း သတိထားမိပြီး စကားပြောတာကို ရပ်လိုက်တယ်။
မုမင်ထန် အိပ်ရာခန်းလိုက်ကာကို အချိန်အတော်ကြာ စိုက်ကြည့်ရင်း ဖြေးဖြေးချင်း ပုံကျသွားတယ်။
"ကျွန်မ အခု ဘယ်လိုလုပ်ရမလဲ"
ရှဲ့ရွှမ်းချန် အိပ်ရာပေါ် လှဲနေတယ်။ သူ့မေးစေ့က နူးညံ့သိမ်မွေ့ပြီး နှုတ်ခမ်းပါးတွေက ဖျော့တော့နေတယ်။
"ရောက်ပြီးနေမှတော့ အရင်ဆုံး အိပ်လိုက်တော့။ မနက်ဖြန်ကျ မင်း ထွက်သွားလို့ ရတာပဲ"
"အရှင့်သားအတွက်ကတော့ ပြောရလွယ်တာပေါ့" မုမင်ထန် သူ့ဆံပင်မွေးတွေကိုတောင် ဆွဲနှုတ်ချင်စိတ်ပေါက်လာတယ်။ "ဘယ်နားသွားအိပ်ရမှာလဲ"
ရှဲ့ရွှမ်းချန် အနည်းငယ် လှည့်ကြည့်လိုက်တယ်။ ထို့နောက်  ရိုးရိုးသားသားနဲ့  ခပ်တည်တည်ပဲ သူ့ဘေးကနေရာကို လက်ညှိုးထိုးပြလာတယ်။
မုမင်ထန် စကားတောင် မပြောနိုင်တော့ဘူး။ သူမ ရှဲ့ရွှမ်းချန်ဘေးမှာ အိပ်ရမှာလား?
သူမ ပြောသင့်မပြောသင့် အတော်ကြာ တုံ့ဆိုင်းနေပြီးမှ ပြောလာတယ်။
"ဒါပေမဲ့ အခန်းထဲ ကျွန်မတို့ပဲ ရှိတာလေ။ တကယ်လို့ ကျွန်မတို့ တစ်ကုတင်ထဲ အိပ်နေတာ သူများတွေ သိသွားရင် ကြားလို့ မသင့်တော်ဘူး"
သူမရဲ့စကားကြောင့် ရှဲ့ရွှမ်းချန် မျက်ခုံးပင့်လိုက်ပြီး လှမ်းကြည့်လာတယ်။
"ကိုယ်တို့က လင်မယားတွေပဲ၊ သူများတွေ သိသွားမှာ ဘာလို့ ကြောက်နေရမှာလဲ"
မုမင်ထန် ပြောစရာစကား လုံးလုံးကို မရှိတော့ဘူး။ ဖြစ်ပြီးတာတွေကို ပြန်ပြင်လို့လည်း မရတော့ဘူးဆိုမှတော့ ကူရာကယ်ရာမဲ့ ဖြစ်လေလေ သူမက မြန်မြန်ဆန်ဆန်ပဲ အခြေအနေကို လက်ခံနိုင်သွားလေပဲ။ မုမင်ထန် သူ့ကို ခဏလောက် စိုက်ကြည့်နေမိတယ်။ ထို့နောက် တဖြေးဖြေး သူမ စိတ်တည်ငြိမ်လာတယ်။
"ကောင်းပြီလေ"
မုမင်ထန် အကောင်းဘက်ကနေပဲ တွေးလိုက်တယ်၊ အရင်ကဆို ဒီထက်တောင် အခြေအနေဆိုးတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရသေးတာပဲဟာ။ အခုဆို အိပ်ရာကုတင်နဲ့ မိုးလုံလေလုံအခန်းထဲမှာ နေရတယ်၊ ဒီမှာ တစ်ညလောက်နေလိုက်ရုံနဲ့ သူမ ဘာမှတော့ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ သူမ အိပ်ရာဝင်ဖို့ လုပ်လိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း သူမ အိပ်ရာလည်း ပြင်ကော ပြဿနာကမျိုးစုံ ပေါ်လာတော့တယ်။
သူမ ခပ်လွယ်လွယ်လေး တွေးလိုက်မိတာပါလားလို့ မုမင်ထန် သဘောပေါက်သွားတယ်။
"အရှင့်သား အဲ့ဘက်မှာအိပ်ရင် ကျွန်မ အိပ်ရာပြင်လို့ ရမှာ မဟုတ်ဘူး၊ ဟိုဘက်ကိုတိုး"
"ကိုယ်က ဘာလို့ တိုးရမှာလဲ၊ မင်းပဲ အတွင်းဘက်မှာ ဝင်အိပ်လိုက်"
"အရှင့်သားက လူနာလေ၊ ကျွန်မက အရှင့်သားကို ပြုစုပေးရမှာ။ အတွင်းဘက်မှာ အိပ်ရင် ဘယ်လိုလုပ် အပြင်ထွက်လို့မှာလဲ"
"အဲ့ဒါဆို ကိုယ် အတွင်းဘက် ဝင်အိပ်ရင်ကော ကိုယ့်အတွက် အဆင်ပြေမှာတဲ့လား"
"အဲ့ဒါနဲ့ဒီဟာက ဘယ်လိုလုပ် တူမှာလဲ။ အရှင့်သား  မနက်ဖြန် ဘယ်အချိန်ထိ အိပ်ပျော်နေဦးမှာလည်း ကျွန်မ မသိဘူးလေ၊ ဒါပေမဲ့ ကျွန်မကတော့ အရုဏ်တက်ဆို ထရမှာ။ အတွင်းဘက်မှာ အိပ်နေရင် ကျွန်မ ဘယ်လိုလုပ် ထလို့ အဆင်ပြေမှာလဲ"
"အဲ့တာက ကိုယ်နဲ့ ဘာဆိုင်လို့လဲ" ရှဲ့ရွှမ်းချန်က မဆိုင်သလိုလုပ်သွားပြီး သူမနဲ့ အဆင်ပြေအောင် နေပေးမယ့်ပုံမပေါ်တာ သိသာလှတယ်။ "ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ မဖယ်ပေးနိုင်ဘူး။ မင်း အားရှိတယ်ဆို ကိုယ့်ကို ကိုယ့်ဟာကိုယ် ရအောင် လာရွှေ့လိုက်"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now