စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 83
Translator – Utopia"မှန်လှပါ"
စွန်းကူးကူးက ဦးတိုက်ပြီးနောက် တခြားကူးကူးလက်ထဲကနေ ဆေးရည်ပန်းကန်ကို ယူလိုက်တယ်။ ထို့နောက် အားလုံးရှေ့မှာပဲ ဆေးရည်တစ်ပန်းကန်လုံးကို ကုန်အောင်သောက်ပြလိုက်တယ်။ ဒီလိုရည်ရွယ်ချက်မျိုးနဲ့ လုပ်ထားတဲ့ ဆေးရည်က သေချာပေါက် အရသာကောင်းမှာ မဟုတ်ချေ။ အနံ့ရတာနဲ့တောင် မုမင်ထန် နေမကောင်းဖြစ်ချင်လာသလိုပဲ။ စွန်းကူးကူးက သောက်ရင်း လေးငါးခါလောက် အန်ထွက်မလို ဖြစ်နေပေမဲ့ ကုန်အောင်တော့ သောက်ခဲ့တယ်။
ရှဲ့ရွှမ်းချန် ဒီလောက်မြန်မြန် နိုးလာမယ် မထင်ခဲ့သလို ညတွင်းချင်းကြီး ရောက်လာမယ်လည်း သူတို့ မထင်ခဲ့ဘူး။ ချီယန်ဝမ်က နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်ပြီး မကြာခင် ယမမင်းကို သွားတွေ့ရတော့မှာလို့ ပြောကြတာ မဟုတ်ဘူးလား?
စွန်းကူးကူးနဲ့ကျန်တဲ့သူတွေက တခြားတာဝန်နဲ့ ရောက်လာကြတာဖြစ်တယ်။ သူတို့က တစ်နေ့လုံး ဘုရားကျောင်းမှာပဲ နေခဲ့ကြတာဖြစ်ပြီး ယွီလင်ခန်းမဆောင်မှာ မခစားရတာကြောင့် ရှဲ့ရွှမ်းချန်ရဲ့အခြေအနေကို နောက်ကျမှ သိခဲ့ရတာဖြစ်တယ်။ သူတို့သိတဲ့အချိန်မှာ အားလုံးက နောက်ကျသွားခဲ့ပြီ။
ဧကရာဇ်က ချီယန်အိမ်တော်မှာ ကလေးတစ်ယောက်မွေးလာမှာကို မလိုချင်ဘူး။ ရှဲ့ရွှမ်းချန် တစ်ယောက်တည်းနဲ့တောင် ဒီလောက် ဒုက္ခများနေပြီ။ သူ့သွေးသားရှိလာမှာကို ဧကရာဇ်က မလိုချင်ဘူး။ ရှဲ့ရွှမ်းချန်ရဲ့လက်ရှိအခြေအနေက သူများကိုသွားပြီး ကိုယ်ဝန်ရှိအောင်လုပ်နိုင်တဲ့အနေအထား မဟုတ်ပေမဲ့လည်း တကယ်လို့များ ဖြစ်သွားခဲ့ရင်ကော?
ဧကရာဇ်က မသေချာတဲ့အခြေအနေကို မလိုလားသလို အရဲစွန့်ပြီးတော့လည်း မျက်ကွယ်ပြုပြီး မနေနိုင်ပြန်ဘူး။ ဒါပေမဲ့ ဒီပူပန်စရာတွေကို ဧကရာဇ်အနေနဲ့ သိသာအောင် ထုတ်ပြလို့ မရချေ။ မယ်တော်ကြီးက ဒါကို ရိပ်စားမိတာမို့ ကူးကူးတွေလွှတ်ပြီး ဖြေရှင်းခိုင်းလိုက်တာ ဖြစ်တယ်။
တော်ဝင်သမားတော်ရဲ့အဆိုအရဆို ရှဲ့ရွှမ်းချန်က အနည်းဆုံး နောက် သုံးလေးရက်လောက်နေမှ နိုးလာမှာဖြစ်တယ်။ ဒါကြောင့်မို့ စွန်းကူးကူးလည်း ဆေးရည်ကို ယူလာပြီး စိတ်အေးလက်အေးနဲ့ မုမင်ထန်ကို ပညာပြနေတာဖြစ်တယ်။ တောက်ပချွန်မြနေတဲ့ အပ်တွေကို မြင်လိုက်တာနဲ့ ဘယ်မိန်းကလေးမှ တင်းမခံနိုင်တော့ဘူး၊ နောက်ဆုံးကျ ဆေးရည်ကို သောက်ဖို့ပဲ ရွေးချယ်လိုက်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှဲ့ရွှမ်းချန်ရဲ့အခြေအနေနဲ့ဆို သူမ ဒီတစ်သက် ကလေးရနိုင်မှာမှ မဟုတ်တာပဲဟာ။
အဆုံးသတ်ရလဒ်က အတူတူပဲဟာကို သူမက ဘာလို့ မယ်တော်ကြီးကို အာခံချင်နေတာလဲ? နောက်ပြီး ဒါသောက်လိုက်ရင် သူမ နှိပ်စက်ခံရမယ့်အရေးကနေတောင် ရှောင်သွားနိုင်မှာကို။ ဒါပေမဲ့ မုမင်ထန်ကတော့ အပ်ကို ပဲ ရွေးချယ်လာခဲ့တယ်။ စွန်းကူးကူးလည်း အံ့ဩသွားပြီး သူမကို သနားတော့ သနားမိတယ်၊ ဒါပေမဲ့ သူမ စိတ်မပျက်သွားဘူး။ ကြည့်ရတာ ဒီချီယန်ဝမ်ဖေးငယ်လေးက အပြစ်ပေးတာ မခံရဖူးသေးတော့ အကြောင်းအကျိုး နားမလည်သေးဘူးပဲကိုး။
မုမင်ထန်သာ အသာတကြည် လိုက်လျောခဲ့မယ်ဆို အားလုံးက လျှောလျှောရှူရှူ ပြီးသွားလောက်ပြီ။ ဒါပေမဲ့ သူမက တင်းခံနေမှတော့ ခန္ဓာကိုယ်လည်း နှိပ်စက်ခံရပြီး ဆေးရည်လည်း သောက်ရတော့မှာပေါ့။ ဧကရာဇ်လိုချင်တာလည်း ဒီရလဒ်ပဲ၊ ဘယ်နည်းနဲ့ လုပ်ပါစေ နောက်ဆုံးရလဒ်က ပြောင်းသွားမှာ မဟုတ်ဘူး။
ဘယ်သူမှ ဒီလောက်မြန်မြန်နဲ့ ချီယန်ဝမ် နိုးလာမယ်လို့ မထင်ထားခဲ့ကြချေ။ အစကတော့ ဧကရာဇ်ကိုကူပြီး ဖြေရှင်းပေးတဲ့ ပါးနပ်တဲ့အကြံအစည်ဖြစ်ပေမဲ့ အခုတော့ ဧကရာဇ်မျက်နှာ အိုးမည်းသုတ်သလို ဖြစ်နေပြီ။ ဧကရာဇ်စိတ်ထဲ ဘယ်လိုမျိုးရှိပါစေ ချီယန်ဝမ်ကို လုပ်ကြံတဲ့ကိစ္စက သူ့နာမည်နဲ့ သွားပတ်သက်လို့ မရဘူး။ သူတို့ အောင်မြင်ခဲ့ရင်တော့ ရလာမယ့်ဆုလာဘ်က အတိုင်းအဆမရှိ ဆိုပေမဲ့ ရှုံးနိမ့်သွားရင်တော့ အဆိုးရွားဆုံးနည်းနဲ့ သေရလိမ့်မယ်။
အားလုံးလည်း ဒီအချက်ကို ကောင်းကောင်း နားလည်တယ်၊ ဒါကြောင့်မို့ ချီယန်ဝမ်က မေးလာတဲ့အခါ အားလုံးက သူတို့လုပ်ပါတယ်ဆိုပြီး တစ်ယောက်ပြီး တစ်ယောက် လုပြောနေကြတော့တယ်။ နောက်ဆုံးကျ စွန်းကူးကူးက ရှေ့ထွက်ပြီး ခေါင်းခံသွားတယ်။ သူမက အားလုံးထဲမှာ ရာထူးအမြင့်ဆုံးဖြစ်တာမို့ သူမ ပြန်ခံရမှသာ ချီယန်ဝမ်ကို ဒေါသပြေစေနိုင်လိမ့်မယ်။
စွန်းကူးကူး ဆေးရည်ကို သောက်နေတုန်းမှာ ဘေးကလူတွေလည်း မကြည့်ရက်တာကြောင့် မျက်နှာလွှဲထားကြတယ်။ နောက်ဆုံးတစ်စက်အထိ အကုန် သောက်ပြီးသွားတဲ့နောက် စွန်းကူးကူး ကြမ်းပြင်ပေါ် လဲကျသွားပြီး ဝူးဝူးဝါးဝါး အော်နေတော့တယ်၊ သိပ်မကြာခင်မှာပဲ သူမရဲ့ဝမ်းဗိုက်က အောင့်လာတော့တယ်။
စွန်းကူးကူးပုံစံက ကုန်းပေါ်ရောက်နေတဲ့ ပုစွန်လိုပဲ မြေပြင်မှာ လူးလှိမ့်နေတော့တယ်။ ရှဲ့ရွှမ်းချန် အေးစက်စက်ပဲ သူမ လူးလိမ့်နေတာကို ထိုင်ကြည့်နေတယ်။ ထို့နောက် ဖြေးဖြေးချင်း ထလာပြီး စွန်းကူးကူးကိုပဲ ပြောနေတာလား ကျန်တဲ့သူတွေကိုပဲ ပြောနေတာလား သေချာမသိနိုင်တဲ့ဟာကို ပြောလာတယ်။
"ဒီနေ့ ငါ့လက်ကို ညစ်ပတ်မခံချင်လို့ မင်းတို့အသက်ကို တစ်ခါတော့ ချမ်းသာပေးလိုက်မယ်။ နောင် ဘယ်တော့မှ အောက်တန်းကျတဲ့လှည့်ကွက်တွေ လာလုပ်ဖို့ မကြိုးစားနဲ့။ ငါ့လူကို ထိရဲရင် မင်းတို့ကို ဘာစားခိုင်းခိုင်း အန်ထွက်အောင် လုပ်ပြမယ်"
ရှဲ့ရွှမ်းချန် ပြောနေတဲ့အချိန်မှာ သူ့မျက်နှာက ဖြူဆွတ်နေပြီး နှုတ်ခမ်းတွေကလည်း သွေးရောင်မရှိတော့ဘူး။ ဖျော့တော့နေတဲ့မျက်နှာ၊ အေးစက်တဲ့အကြည့်နဲ့ မျက်ဝန်းထောင့်က မှဲ့ရယ် ပေါင်းလိုက်တဲ့အခါ သူ့ပုံစံက ရေသရဲလိုပဲ အေးစက်ကြောက်လန့်ဖွယ်ကောင်းပေမဲ့ ချောမောလှပတယ်။
သူ ပြောပြီးတဲ့နောက် မုမင်ထန်ကို လှမ်းကြည့်လာတယ်။ သူ့အကြည့်က အေးစက်မောက်မာနေဆဲဖြစ်ပေမဲ့ မုမင်ထန်ဆီ လက်ကမ်းပေးပြီး
"သွားကြရအောင်၊ ကိုယ် မင်းကို အိမ်ပြန်ပို့ပေးမယ်"
သူ့အသံက အေးစက်စက်နဲ့ပဲ ပြောလာတာဖြစ်ပေမဲ့ သူမနားထဲတော့ နွေဦးလေပြေလေးလိုပဲ နှင်းမှုန်တွေနဲ့ ရေခဲတွေတောင် အရည်ပျော်ကျသွားသလိုပဲ။ သူမရဲ့မျက်လုံးတွေက ရုတ်တရက် တောက်ပသွားပြီး ချက်ချင်းပဲ သူ့ဆီ အပြေးသွားကာ လက်ကို ဆုပ်ကိုင်လိုက်တယ်။
"အွန်း အိမ်ပြန်ကြစို့"
____________________________________________________________________________________________