Chapter 98

1.2K 117 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 98
Translated by Utopia

ရှဲ့ရွှမ်းကျီက မဝံ့ပါဘူး ပြောနေပေမဲ့ တစ်ဖက်မှာလည်း ဧကရာဇ်ဘက်က အရင် စကားပြောလာဖို့ကို စောင့်နေပေးတယ်။
"ဒီရက်တွေထဲ သားတော်လည်း အလုပ်တွေ တော်တော်လုပ်ခဲ့ရတာပဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော် အလုပ်များနေခဲ့ရတယ်။ ရှေ့ရက်တွေတုန်းက သူတို့အိမ်တော်မှာ ဘာဖြစ်ခဲ့တာလဲ"
"ခမည်းတော်၊ အန်းဝမ်ရဲ့ အိမ်တော်က ပုံမှန်အတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိပါတယ်။ မယ်တော်ကြီးရဲ့ လူတချို့ အနည်းငယ် ထိခိုက်သွားတာကလွဲရင် အားလုံး အေးအေးဆေးဆေးပါပဲ"
"ဒီလိုဆို ကောင်းပါတယ်" ဧကရာဇ်က ခေါင်းညိတ်ရင်း
"သူမ ခံလာရတာအတွက်တော့ ငါကိုယ်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ အခုလိုလုပ်လိုက်တာက မိဖုရားခေါင်ကြီးကို မျက်နှာပျက်စေမယ်ဆိုတာ သိပေမဲ့ အားလုံးရှေ့မှာ ငါကိုယ်တော်ကို သွယ်ဝိုက်ပြီး ဆူပူပြစ်တင်နေတာကကော ငါကိုယ်တော်ကို မျက်နှာမပျက်စေဘူးတဲ့လား? မယ်တော်ကြီးကိုကတော့ ဒီအတိုင်း သူမဆီသွားပြီး စိတ်လျှော့လိုက်ဖို့ပဲ နားချလိုက်ပါ။ ဒီအတိုင်း သည်းခံလိုက်၊ သူ့ကို ထပ်ပြီး ရန်သွား မ စ မိစေနဲ့"
ရှဲ့ရွှမ်းကျီ သက်ပြင်းချမိတယ်။ မယ်တော်ကြီးဆီ သူ မသွားရသေးပေမဲ့ သူမ ဘယ်လောက်တောင် ဒေါသူပုန်ထနေမလဲ တွေးကြည့်ရုံနဲ့ သိနိုင်တယ်။ ဝမ်ဖေးကို ပညာပြဖို့ အားအကိုးရဆုံး ကူးကူးတွေကို လွှတ်လိုက်ပေမဲ့ ရှဲ့ရွှမ်းချန်က ပြန်ပညာပြလွှတ်လိုက်တယ်၊ ဒီလောက် မျက်နှာဖြတ်ရိုက်ခံခဲ့ရ‌တာတောင် မယ်တော်ကြီးခမျာ ရှေ့လျှောက်လည်း သူတို့နှစ်ယောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရဦးမယ်။ ဂုဏ်ပုဒ်က မယ်တော်ကြီးဖြစ်နေပြီး ဒီလောက် အစော်ကားခံနေရမှာတော့ မယ်တော်ကြီး ဆက်လုပ်ဖို့တော့ ရှက်ဖို့ကောင်းလှတယ်။
ဒါပေါ့ ဧကရာဇ်‌ကိုတော့ ဒီအကြောင်းတွေ သူ ဘယ်ပြောပါ့မလဲ။ ရှဲ့ရွှမ်းချန်က ဒီနှစ်ကုန်အောင်ထိ အသက်မရှင်နိုင်တာ အားလုံး သိနေပြီးသားပဲဟာ၊ နည်းနည်းလောက် ထပ်သည်းခံလိုက်ရရလို့ ဘာမှအကျိုးမယုတ်သွားဘူး။ အခုအချိန်မှာ သည်းခံပြီး ကောင်းကောင်း ဂရုစိုက်လေ သူ သေသွားတဲ့နောက် ပြည်သူတွေဆီက အချီးမွမ်းခံရလေ ဖြစ်မှာပဲ။ သူတို့ ပြန်ရလာမယ့် အကျိုးအမြတ်နဲ့ ယှဉ်လိုက်ရင် ချီယန်အိမ်တော်က သူတွေကို လေး ငါး လ လောက် သည်းခံပေးရတာက ဘာမှမဟုတ်ချေ။
ရှဲ့ရွှမ်းကျီ စိတ်ရှင်းလင်းသွားပြီး ပြန်လျှောက်တင်လာတယ်။
"သားတော်  နားလည်ပါပြီ။ အခုပြီးတာနဲ့ မယ်တော်နဲ့ မယ်တော်ကြီးတို့ကို သားတော် နားချလိုက်ပါမယ်"
ရှဲ့ရွှမ်းကျီက နာနာခံခံ ရှိတာကို မြင်ရတော့ ဧကရာဇ် အတော်ကို စိတ်ကျေနပ်နေတယ်။ သူ့မုတ်ဆိတ်‌မွေး ကို သပ်လိုက်ရင်း ပြုံးကာ
"လိမ္မာပါးနပ်တဲ့သူပဲ၊ မင်းတို့ ညီအစ်ကိုတွေထဲ သားတော် မင်းက ဝတ္တရားအကျေပွန်ဆုံးနဲ့ လုပ်ရည်ကိုင်ရည် အရှိဆုံးပဲ။ အားလုံးထဲမှာ သားတော်က ငါကိုယ်တော်နဲ့ အတူဆုံးပဲ"
ရှဲ့ရွှမ်းကျီ လက်တွေတောင် တုန်ယင်သွားတယ်။ ခမည်းတော်က ဘာကိုဆိုလိုချင်တာလဲ? ရှဲ့ရွှမ်းကျီ ဝမ်းသာလုံးဆို့သွားတာကို ဖုံးကွယ်ရင်း ချက်ချင်းပဲ ဦးညွှတ်ကာ
"အခုလို ချီးမွမ်းပေးတဲ့အတွက် ခမည်းတော်ကို ကျေးဇူးတင်ပါတယ်။ ခမည်းတော် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာအောင် သားတော် နေထိုင်သွားပါ့မယ်"

ဧကရာဇ် စိတ်ကြည်နူးသွားတယ်။ ပါးစပ်ကသာ ရှဲ့ရွှမ်းချန်ကို သားအရင်းလို သဘောထားပါတယ် ပြောပေမဲ့ တကယ် သူချစ်တဲ့သားက ရှဲ့ရွှမ်းကျီသာ ဖြစ်တယ်။ ဒါပေမဲ့ ရှဲ့ရွှမ်းကျီက ငယ်ရွယ်သေးတာမို့ သင်ယူစရာတွေ အများကြီး ရှိသေးတယ်။ ဒါကြောင့်မို့ ဒီစကားတွေကို စောစော ပေးမသိထားခဲ့တာဖြစ်တယ်။
"သားတော်က သူနဲ့ နီးတယ်ဆိုတော့ နောင်ကျ အချိန်ရတယ်ဆို မကြာမကြာ သွားကြည့်ရှုပေး။ နေ့တိုင်း မဟုတ်ရင်တောင် ၂ ရက် ၃ ရက် တစ်ခါလောက် သူ့ကျန်းမာရေးအခြေအနေကို သွားမေးပေး။ သားတော် မအားရင်တောင် ဝမ်ဖေးကို သွားခိုင်း။ သားတော်က ကိုယ့်အစ်ကိုအပေါ် ဘယ်လောက် ရိုသေလေးစားလဲ အပြင်လူတွေလည်း သိပါစေ"
"အမိန့်တော်အတိုင်းပါ"
ဝမ်ဖေးအကြောင်း ပြောတော့မှ ဧကရာဇ် တစ်ခုခုကို ရုတ်တရက် သတိရသွားတယ်။
"သားတော် မင်္ဂလာဆောင်ပြီးပြီမလား? ငါကိုယ်တော် မှတ်မိသလောက်ဆို ဒီနေ့က နှစ်ယောက်သား သတို့သမီးအိမ်ဘက် သွားရမယ့်နေ့နဲ့ တူတယ်"
ဧကရာဇ်က ပြောတော့မှပဲ ရှဲ့ရွှမ်းကျီလည်း သတိရသွားတော့တယ်။ ဟုတ်တယ်၊ မင်္ဂလာပွဲပြီး ၃ ရက်မြောက်နေ့မှာ သတို့သမီးအိမ်ကို သူ ပြန်သွားနှုတ်ဆက်ရဦးမယ်။ ရှဲ့ရွှမ်းကျီ အမြန်ပဲ ရက်တွက်ကြည့်လိုက်တော့ အဲ့နေ့ကိုတောင် ကျော်သွားခဲ့ပြီ ဖြစ်တယ်။
ရှဲ့ရွှမ်းကျီ နည်းနည်း ရှက်သွားတယ်။ ဒီရက်ထဲ အလုပ်တွေ များနေတာနဲ့ အိမ်ကိုတောင် သူ မပြန်ဖြစ်ခဲ့ဘူး။ ဘယ်လိုလုပ်ပြီး မင်ဝေ့ကို အိမ်ပြန်လိုက်ပို့ပေးဖို့ သူ မေ့သွားရတာလဲ? အပြစ်ရှိစိတ်က သူ့ရင်ထဲ တိုးဝင်လာတယ်၊ ဒါပေမဲ့ မင်ဝေ့က စဉ်းစားချင့်ချိန်တတ်ပြီး နားလည်မှုရှိတဲ့သူမို့ သူမက သူ့ကို နားလည် ပေးမှာပါလေ။ ဒီလိုတွေးမိတော့ ရှဲ့ရွှမ်းကျီ စိတ်အေးသွားတယ်။ မင်ဝေ့က တစ်ယောက်တည်း အိမ်ပြန်လိုက်ရတာလောက်နဲ့ သူ့ကို ဆူပူပြစ်တင်မယ့် မိန်းကလေးမျိုး မဟုတ်ဘူး။
အိမ်တော် ပြန်ရောက်တဲ့အခါမှ မင်ဝေ့အတွက် အဝတ်အစားသစ်တွေနဲ့ လက်ဝတ်ရတနာတွေ လက်ဆောင်ဝယ်ခိုင်းလိုက်မယ်။ မိန်းကလေးတစ်ယောက်ကို ချော့ရတာက အဲ့လောက် မခက်ပါဘူး၊ မက်မောလောက်စရာ လက်ဆောင်တွေ ပေးလိုက်ရင် ရပြီ။
ရှဲ့ရွှမ်းကျီက အနေရခက်စွာပဲ ပြန်ဖြေလာတယ်။
"အဲ့ဒီနေ့က ကျော်သွားခဲ့ပြီးပါပြီ"
"အို အဲ့လို့လား?" ဧကရာဇ်ကိုယ်တော်လည်း  မေ့နေခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဒါက အရေးကြီးခွင်ကျယ်ကိစ္စမဟုတ်တာကြောင့် ဧကရာဇ်လည်း ထွေထွေထူးထူးတောင် မစဉ်းစားဖြစ်ဘူး။
"ဘယ်လိုပဲဖြစ်ဖြစ် သတို့သမီးအိမ် အလည်ပြန်ရတဲ့ကိစ္စက မိန်းကလေးတွေအတွက်တော့ အရေးပါတယ်ပြောလို့ရတယ်။ သားတော်က မရှိခဲ့ဘူးဆိုတော့ အခုပြန်ရင် တစ်ခါတည်း ကျန်းအိမ်တော်ကို ပြန်ပြီး သူမအတွက် ဖြည့်ဆည်းပေးလိုက်။ ကျန်းမင်ဝေ့က ပြီးပြည့်စုံတယ်ရယ်တော့ မဟုတ်ပေမဲ့ နှစ်ယောက်သားက ငယ်ချစ်ဦးတွေလည်း ဖြစ်တာမို့ တစ်ယောက်အကြောင်း တစ်ယောက်သိကြတယ်။ အခုဆို ကိုယ့်ဂုဏ်အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူခဲ့ပြီးပြီ။ အခုချိန်ကစလို့ သားတော်တို့နှစ်ယောက် သာယာချမ်းမြေ့တဲ့ဘဝရအောင် နေထိုင်ကြရမယ်။ အရေးအကြီးဆုံးကတော့ မြန်နိုင်သမျှ မြန်မြန် သားတော်တစ်ယောက် မွေးပေးဖို့ပဲ"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now