Chapter 82

1.7K 160 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 82
Translator – Utopia

မုမင်ထန် မမျှော်လင့်ထားတာကြောင့် အံ့ဩသွားတယ်။ တကယ်ပဲ သူမကို ပြောနေတာဟုတ်ရဲ့လား သေချာအောင်လို့ သူမ ရှဲ့ရွှမ်းချန်ကို ခေါင်းမော့ကြည့်လိုက်တယ်။ ထို့နောက် အောက်ကလူတွေကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း အခု သူမမှာ ကျောထောက်နောက်ခံရှိနေပြီမှန်း သဘောပေါက်လိုက်တယ်။

"စွန်းကူးကူး ပြောတာကတော့ အပ်အတိုကို လက်သည်းထဲ စိုက်ရတယ်၊ အပ်အလတ်ကိုတော့ ခါးနဲ့ ခြေထောက်ကို စိုက်ရတယ်၊ အရှည်ဆုံးအပ်ကိုတော့ အင်္ကျီချွတ်ပစ်ပြီး အလျားလိုက် ကိုယ်ထဲ စိုက်သွင်းရတယ်တဲ့"

ဖြစ်မလာသေးပေမဲ့လည်း ဒါက ဘယ်လောက်နာကျင်မလဲ တွေးကြည့်ရုံနဲ့တင် သိနိုင်တယ်။ ရှဲ့ရွှမ်းချန်က ခေါင်းညိတ်လိုက်ရင်း မုမင်ထန်ကို ဆက်မေးလာတယ်။

"မင်း ဘယ်တစ်ခုကို သဘောကျလဲ"

"ဝမ်ရယ့်လက်ထဲကဟာက အသင့်တော်ဆုံးပါပဲ"

"ကောင်းပြီ" ရှဲ့ရွှမ်းချန် ခေါင်းညိတ်လိုက်ပြီး အပ်ကို ယွီချန်းရှီလက်ထဲ ထည့်ပေးရင်း "ဝမ်ဖေးပြောသလိုပဲ ငါ့ကို လက်တွေ့လုပ်ပြ။ မင်း ဝေးဝေးလံလံ သွားရှာနေစရာ မလိုပါဘူး၊ မင်းတို့ခေါင်းဆောင်နာမည်က စွန်း မလား၊ သူမနဲ့ပဲ လုပ်လိုက်"

ယွီချန်းရှီ ကြောက်လန့်ပြီး မေ့လဲတော့မတတ်ဘဲ။ သူမ အရှေ့ကို ဒူးထောက်လျက် တိုးလာပြီး နဖူးနဲ့ကြမ်း ထိအောင် ဦးတိုက်တောင်းပန်ရင်း

"ချီယန်ဝမ်ရယ် ကျွန်တော်မျိုးမတို့ကို ခွင့်လွှတ်တော်မူပါ၊ ကျွန်တော်မျိုးမတို့ နောက်ဘယ်‌တော့မှ ထပ်မလုပ်တော့ပါဘူး! ဝမ်ရယ် ချမ်းသာပေးတော်မူပါ!"

ရှဲ့ရွှမ်းချန်က အေးစက်စက် ပြုံးလိုက်တယ်။ သူ့မျက်ဝန်းထောင့်က အပေါ်ကို ကော့တက်နေတယ်။

"အခုမှ မင်း ကြောက်တတ်နေပြီလား။ မင်းတို့ ငါ့လူကို လာထိတုန်းကကော ဘာလို့ ကြောက်ရကောင်းမှန်း မသိခဲ့တာလဲ"
ထို့နောက် သူ့လက်က လျှပ်တပြက်အတွင်းမှာပဲ အပ်ကိုယူပြီး ယွီချန်းရှီရဲ့ လက်ချောင်းကြားထဲ စိုက်ထည့်လိုက်တယ်။ "မင်း လုပ်မလား၊ ငါမင်းသား ကိုယ်တိုင် ဝင်လုပ်ရမလား"

စွန်းကူးကူးက သူတို့ပြောတာကို ဆက်နားမထောင်နိုင်တော့ဘူး။ သူမ ခေါင်းကို‌မော့လိုက်ပြီး လေသံက ခပ်တန်းတန်းနဲ့

"ချီယန်ဝမ်ရယ် ကျွန်တော်မျိုးမက မယ်တော်ကြီးအမိန့်နဲ့ ချီယန်အိမ်တော်ကို ရောက်လာတာပါ။ ကျွန်တော်မျိုးမကို အပြစ်ပေးချင်ရင်လည်း ပေးနိုင်ပါတယ်၊ ကျွန်တော်မျိုးမ စောဒက မတက်ဝံ့ပါဘူး။ ဒါပေမဲ့ မယ်တော်ကြီးနဲ့ အရှင်မင်းကြီးတို့ မေးလာတဲ့အခါကျရင်တော့ ဝမ်ရယ် ရှင်းပြရလွယ်မှာ မဟုတ်ဘူး"

"မယ်တော်ကြီး?" ရှဲ့ရွှမ်းချန်က ပြောရင်း ပြုံးလိုက်တယ်။ သူ့မျက်နှာမှာ မယ်တော်ကြီးကို အဖက်မတန်သလို အထင်အမြင်သေးတဲ့အမူအရာကို ဟန်ဆောင်ပြီးတောင် ဖုံးမထားဘူး။ "သူမက ဒီအတောအတွင်း အတော်လေး ထောင်‌ထောင် ထောင်ထောင် ဖြစ်နေတာပဲ၊ သူမက ဘာလဲဆိုတာ တကယ် မေ့သွားပြီလား? သူမတောင် ငါ့ရှေ့ မှာ စိတ်လာမဆိုးပြရဲတာကို ဘာမဟုတ်တဲ့ သူ့အစေခံက ငါ့ရှေ့လာပြီး ကြီးကျယ်မြင့်မြတ်နေသယောင် လာလုပ်ပြနေတာလဲ"

သူ ဘာပြောနေတာလဲ မုမင်ထန် နားမလည်ချေ။  ကြည့်ရတာ သူနဲ့ မယ်တော်ကြီးကြား ရန်ငြိုးရန်စ ရှိခဲ့ပုံပဲ။ သူမ တိတ်တိတ်လေး လိုက်ကြည့်လိုက်တော့ အားလုံးက မျက်လွှာချပြီး နှုတ်ဆိတ်နေကြတယ်၊ စွန်းကူးကူးတောင်မှ ရှဲ့ရွှမ်းချန်ကို ပြန်အာမခံရဲတော့ချေ။ မုမင်ထန် တော်တော်လေး သိချင်နေပေမဲ့ ဘာမှမပြောဘဲ နှုတ်ဆိတ်နေလိုက်တယ်။

အခန်းထဲ တစ်ခုတည်းသောအသံဆိုလို့ တရှုံ့ရှုံ့ မနားတမ်း ငိုနေတဲ့ ယွီချန်းရှီရဲ့အသံပဲရှိတယ်။ ရှဲ့ရွှမ်းချန်က အပ်ကို သူမလက်ကြားထဲ ဒဲ့စိုက်ထည့်လိုက်တာမို့ ယွီချန်းရှီခမျာ ကြောက်လန့်ပြီး လက်တောင် မလှုပ်ရဲတော့ဘူး။ ဘယ်သူမှ စကားဝင်မပြောပေးကြတော့တာ တွေ့တော့ သူမ စိုးရိမ်လာပြီး တုန်တုန်ယင်ယင်နဲ့ အပ်ကို ဆွဲထုတ်လိက်တယ်။

သူမကပဲ ကြောက်နေလို့လား၊ လက်တွေကပဲ တုန်နေလို့လားမသိ အကြိမ်အတော်ကြာ သူမ ဆွဲပြီးတဲ့နောက် နောက်ဆုံးတစ်ခေါက်မှ အပ်ကို ဆွဲထုတ်လို့ရသွားတယ်။ ယွီချန်းရှီ ဒူးထောက်ရင်း စွန်းကူးကူးရှိရာကို လျှောက်လာကာ သူမ တောင်းပန်ပါတယ်လို့ နားထဲ ကပ်ပြောလိုက်တယ်။ ထို့နောက် သူမရဲ့တုန်ယင်နေတဲ့လက်တွေနဲ့ပဲ စွန်းကူးကူးကိုယ်ထဲ အပ်မျှင်မျှင်လေးကို စိုက်ထည့်လိုက်တယ်။

ယွီချန်းရှီက တတ်နိုင်သလောက် အားကို ဖော့သုံးပြီး ဟန်ဆောင်ပြရုံပဲ လုပ်ပေမဲ့ အပ်က အသားထဲ ဝင်သွားတာနဲ့ တစ်ပြိုင်နက် စွန်းကူးကူးက မခံမရပ်နိုင်အောင် နာကျင်အော်ဟစ်နေတော့တယ်။ မုမင်ထန် ဒီမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲ ကျေနပ်သွားတယ်။ အစောနက ယွီချန်းရှီ အပ်ထုပ်ကို ကိုင်ထားတုန်းကဆို သူမမျက်နှာက သိပ်ကို ထောင်လွှားလွန်းတယ်။ အခု သူ့အရည်အချင်းတွေကို အထက်လူကြီးအပေါ် ပြန်သုံးပြရတော့လည်း သူမက တစ်ချက်ကလေးမှ အခွင့်အရေးကို အလွတ်မခံဘူး။ နန်းတော်ထဲ ပြန်ရောက်တဲ့အခါကျရင်လည်း သူမ အခုလိုပဲ ပျော်နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ရှဲ့ရွှမ်းချန်က စကားမပြောလာသေးတာမို့ ယွီချန်းရှီလည်း မရပ်ရဲဘူး။ နောက်ဆုံးကျ စွန်းကူးကူးရဲ့မျက်နှာက ဆိုးသထက် ဆိုးလာပြီး ယွီချန်းရှီလည်း ဆက်မလုပ်ရဲတော့ဘူး။ သူမ အမြန်ပဲ နဖူးနဲ့ကြမ်းပြင်ထိအောင် အကြိမ်ကြိမ် တောင်းပန်ရင်း အပ်ကို သူ့ကိုယ်သူ ပြန်ထိုးလိုက်တယ်။

"ကျွန်တော်မျိုးမရဲ့ အမှားပါ၊ ကျေးဇူးပြုပြီး သက်ညှာပေးတော်မူပါ၊ သက်ညှာပေးတော်မူပါ ဝမ်ရယ်!"

ယွီချန်းရှီက တတ်နိုင်သလောက် အပ်ကို သူမကိုယ်ထဲ စိုက်ထည့်လိုက်တယ်၊ ဒါမှ နန်းတော်ထဲ ပြန်ရောက်တဲ့အခါ သူမမှာ ရှင်းပြစရာရှိမှာ ဖြစ်တယ်။ သူမ ဘယ်လောက်နာမလဲ မုမင်ထန် ကြည့်ရင်းနဲ့တောင် ဝင်ခံစားလို့ရတယ်။ ယွီချန်းရှီ အပ်ကို အခါ ၃၀ ထက်မနည်း သူမကိုယ်ထဲ စိုက်ထည့်နေတာကြောင့် အဝတ်အစားအောက်နေ သွေးစတွေကိုတောင် လှမ်းမြင်ရနေပြီ။

ရှဲ့ရွှမ်းချန် စိတ်ကျေနပ်သွားတယ်။

"မဆိုးပါဘူး၊ အဲ့တာကို ဒီမှာပဲ ထားခဲ့လိုက်"

ယွီချန်းရှီလည်း အဲ့ကျမှပဲ သက်ပြင်းချနိုင်တော့တယ်။ သူမ စည်းမျဉ်းတွေအတိုင်းတောင် ဒူးမထောက်နိုင်တော့ဘဲ  ရှဲ့ရွှမ်းချန်ကို အကြိမ်ကြိမ် ဦးတိုက်ပြီး ကျေးဇူးတင်နေတယ်။ ဘေးနားကလူတွေလည်း အခုမှ စိတ်သက်သာရာရသွားပြီး ကိစ္စတွေ အားလုံး ပြီးသွားပြီလို့ပဲ ထင်လိုက်ကြတယ်။ မုမင်ထန်တောင်မှ အဲ့လိုပဲထင်လိုက်တာ။ ဒါပေမဲ့ မမျှော်လင့်ထားပဲ ရှဲ့ရွှမ်းချန်ရဲ့ လေသံက ပြောင်းသွားပြီး ရုတ်တရက် ကောက်မေးလာတယ်။

"ဒီဆေးရည်ကကော ဘာအတွက်လဲ"

လေထုက ချက်ချင်းပဲ တင်းမာသွားပြီး စွန်းကူးကူးရဲ့မျက်နှာက ဖြူဆုတ်သွားတယ်။ မုမင်ထန်က လှမ်းကြည့်လိုက်ပြီး

"ကူးကူးပြောတာကတော့ ဒီဆေးရည်က ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်။ ကလေးမီးဖွားရတဲ့ နာကျင်မှုကို ကြောက်တယ်ဆိုရင် ဒီဆေးရည်တစ်ခွက်ကို သောက်လိုက်တာနဲ့ ကိုယ်ဝန်မရနိုင်တော့တာမို့ နာကျင်စရာလည်း ရှိတော့မှာ မဟုတ်ဘူးတဲ့"

သူမက အားဆေးလို့ ပြောနေတုန်းကအထိ ရှဲ့ရွှမ်းချန်လည်း အဲ့အတိုင်းပဲ ထင်လိုက်တယ်။ ဒါပေမဲ့ သူမ ပြောတာကို ဆက်နားထောင်လေလေ သူ့မျက်နှာက တဖြေးဖြေး ပိုအေးစက်လာပြီး အကြည့်တွေက လူသတ်တော့မတတ်ပဲ။ ဒီတစ်ကြိမ်တော့ ရှဲ့ရွှမ်းချန် လှောင်သလိုမျိုးတောင် နှာခေါင်းမရှုံ့တော့ချေ။

"ဘယ်သူ အမိန့်ပေးတာလဲ"

စွန်းကူးကူး တော်တော်လေး မျက်နှာပျက်နေပြီ။ ဘယ်သူမှ မေးတာကို ဖြေမလာတော့ ရှဲ့ရွှမ်းချန် နှာခေါင်းရှုံ့လိုက်တယ်။

"ဒီလိုဟာမျိုးကို ချီယန်အိမ်တော်ထဲ ယူလာရဲတယ်ပေါ့၊ မင်းတို့ မဖြေရင် ငါကိုယ်တိုင် ရှဲ့‌ရွေ့ကို သွားမေးမယ်!"

ကူးကူးတွေ အားလုံး တစ်ယောက်တစ်ပေါက်စီနဲ့ တစ်ချိန်တည်းမှာ ထဖြေကြတယ်။ နောက်ဆုံး စွန်းကူးကူးကပဲ ခေါင်းခံပြီး ဖြေလာတယ်။

"ကျွန်တော်မျိုးမပါ"

ရှဲ့ရွှမ်းချန်က အေးစက်စက်နဲ့ ဆေးရည်ပန်းကန်ကို လက်ညှိုးထိုးပြလိုက်တယ်။

"သောက်"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now