စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 57
Translator – Utopia
ရှဲ့ရွှမ်းကျီအတွက် ချီယန်အိမ်တော်ကို စိတ်ရှိတိုင်း ဝင်ထွက်ခွင့်ရတာကို အသားကျနေပြီမို့ ဒီနေ့လို ကိစ္စမျိုး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
တကယ်တော့ ဒါက ဘယ်အစေခံမှ အနားမှာ ခစားဖို့ မထားထားတဲ့ မုမင်ထန်ရဲ့ အပြစ်ပဲ။ အပြင်မှာ အစေခံတစ်ယောက်ယောက်သာ ရှိခဲ့မယ်ဆို အခုလို ရှက်စရာကိစ္စမျိုး ဘယ်ဖြစ်ပါ့မလဲ။ ဒါကြောင့်မို့ ရှဲ့ရွှမ်းကျီက မေးလာတယ်။
"မရီးတော်ရဲ့ အစေခံတွေကော? သူတို့ ကိုယ့်သခင်မကိုယ် မခစားကြဘူးလား?"
"သူတို့က အထဲကို မဝင်ရဲကြဘူး။ မြင်းတစ်ကောင်ကို ရေရှိရှာဆီ ခေါ်လာပေးနိုင်ပေမဲ့ ရေသောက်အောင်လို့တော့ လုပ်လို့မရဘူး။ ဘာလို့ သူတို့ကို အတင်းလုပ်ခိုင်းနေရမှာလဲ"
မုမင်ထန်က သာမန်ကာလျှံကာ ပြောပေမဲ့ နောက်ကွယ်မှာ ဘာအဓိပ္ပာယ်ရှိနေလဲဆို ရှဲ့ရွှမ်းကျီ သဘောပေါက်လိုက်တယ်။ ဘေးဘီကို ကြည့်ပြီးတဲ့နောက်
"ဒုတိယမရီးတော် ကျွန်တော် ဝင်လာလို့ အဆင်ပြေမလား"
"မပြေဘူး"
ရှဲ့ရွှမ်းကျီ နင်သွားပြီး ထပ်ပြောလာပြန်တယ်။
"ဒုတိယအစ်ကိုတော်ကို မတွေ့ရတာလည်း အချိန်အတော်ကြာ ရှိနေပြီမို့လို့ နှုတ်ဆက်ရအောင် ဝင်လာခဲ့တာပါ။ နောက်ပြီး မရီးတော်ကိုလည်း ပြောစရာကိစ္စလည်း ရှိပါတယ်"
"ဒါဆိုလည်း ဒီမှာပဲ ပြောကြတာပေါ့" မုမင်ထန်က မျက်ခုံးပင့်လိုက်ရင်း "ဘာလဲ၊ အပြင်ကသူတွေ ကြားလို့မဖြစ်တဲ့ကိစ္စမို့လို့လား"
သူမစကားကြောင့် အပြင်က အစောင့်တွေတောင် တစ်မျိုးဖြစ်သွားတယ်။ ရှဲ့ရွှမ်းချန် အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးကို လှမ်းကြည့်လိုက်တယ်။ တပ်စုခေါင်းဆောင်ကလည်း သဘောပေါက်လိုက်ပြီး အစောင့်တွေနဲ့အတူ ရှောင်ပေးလိုက်တယ်။
ဘေးမှာ ဘယ်သူမှ မရှိတော့မှပဲ ရှဲ့ရွှမ်းကျီ သည်းခံနေရတာကို လွှတ်ချနိုင်တော့တယ်။
"အပိုအကဲတွေ သိပ်လုပ်မနေနဲ့။ ပန်ဝမ် မင်းကို တစ်ကြိမ်ပဲ သည်းခံပေးလိုက်မယ်။ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ အပြုအမူတွေကို ထပ်ခါထပ်ခါ သည်းခံပေးနေမှာ မဟုတ်ဘူး"
မုမင်ထန်က ပြုံးလိုက်တယ်။ ထို့နောက် သူ့ကို ကြည့်ရင်း တံခါးကို ဖွင့်ချလိုက်ကာ
"ကျွန်မက ဝမ်ရယ့်မရီးတော်ပါ။ ကျွန်မကို ဘယ်လိုလုပ်ပြီး ဒီလိုဆက်ဆံရဲရတာလဲ"
ရဲတင်းလိုက်တာ! ရှဲ့ရွှမ်းကျီ ဒေါသအလိပ်လိပ်ထွက်နေပေမဲ့ ခပ်လှမ်းလှမ်းမှာ အစောင့်တွေ ရှိနေဆဲပဲမို့ စိတ်ကို ထိန်းထားရတယ်။ ထို့နောက် သူ့အင်္ကျီလက်စထဲက အရည်အသွေးမြင့် အနီရောင် စာအိတ်လေးတစ်ခုကို ထုတ်လိုက်ပြီး မုမင်ထန်ဆီ ပေးကာ
"မင်ဝေ့နဲ့ငါ မကြာခင် လက်ထပ်ကြတော့မယ်။ မင်ဝေ့နဲ့မင်းက သိကျွမ်းကြတာမို့ သူမက မင်းကိုလည်း မင်္ဂလာဆောင်ဖိတ်လိုက်တယ်"
မုမင်ထန် ဖိတ်စာကို ငုံ့ကြည့်လိုက်တယ်။ အထက်တန်းစား အနီရောင်စာအိပ်ပေါ်မှာ ကျက်သရေရှိတဲ့ ရွှေစာလုံး တွေကို ထွင်းထိုးထားတယ်။ 'အိုအောင်မင်းအောင် ပေါင်းဖက်လို့ နှလုံးသားတစ်စုံဟာ ထပ်တူကျတယ်'
မင်္ဂလာပွဲဖိတ်စာကို ကြည့်ပြီး မုမင်ထန် အတော်လေး အရှက်ရနေမိတယ်။ သူမရဲ့ ယခင်က ခင်ပွန်းလောင်းက လရောင်ဖြူလေးနဲ့ မင်္ဂလာဆောင်မှာကို သူမဆီကိုတောင် ဖိတ်စာလာပို့နေတယ်။
နောက်ပြီး အဲ့တာကလည်း သတို့သမီးက ပို့ခိုင်းလိုက်တာတဲ့လေ။
ကောင်းတာပေါ့၊ မုမင်ထန် ပြုံးလိုက်ရင်း ဖိတ်စာကို လက်ခံလိုက်တယ်။
"ကျွန်မ မှတ်ထားပေးလိုက်မယ်။ မင်္ဂလာပွဲနေ့ရောက်တဲ့အခါ ဝမ်ရယ့်အစ်ကိုနဲ့ ကျွန်မတို့ အချိန်မီ လာတက်ရောက်ပေးမယ်။ ဝမ်ရယ့်အစ်ကိုတော်က မမာမကျန်းဖြစ်နေတယ်ဆိုပေမဲ့ အခုလို ကိုယ့်ညီတစ်ယောက်လုံး မင်္ဂလာဆောင်တဲ့နေ့ကို မမြင်လိုက်ရဘူးဆို ဒါက တကယ် စိတ်မကောင်းစရာပဲ"
မုမင်ထန်နဲ့ သူနဲ့ စကားပြောလိုက်တိုင်း သူမက သူ့ကို စကားနှစ်ခွန်းနဲ့တင် ဒေါသအလိပ်လိပ်ထွက်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ရှဲ့ရွှမ်းကျီ အသိအမှတ်ပြုလိုက်ရတယ်။
ရှဲ့ရွှမ်းကျီ သူမကို ရိုသေသမှုနဲ့ ပြောချင်စိတ်တောင် မရှိတော့ပဲ
"ဒီရက်တွေထဲ ငါ့အစ်ကိုတော်ကော ဘယ်လိုနေလဲ"
မုမင်ထန်က ခပ်တည်တည်နဲ့ပဲ
"အရင်ကအတိုင်းပဲ။ အဲ့နေ့ သွေးအန်ပြီးကတည်းက သူ ပြန်နိုးမလာတော့ဘူး"
ရှဲ့ရွှမ်းကျီ ခေါင်းညိတ်ပြပြီး အထဲဝင်ဖို့ ခြေလှမ်းလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းသားကျင်း (ကျင်းဝမ်) လေ၊ သူသာ ရှဲ့ရွှမ်းချန်ကို တွေ့ချင်တယ်ပြောလာရင် သူမ ဘယ်အကြောင်းပြချက်နဲ့မှ ငြင်းလို့မရချေ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူမ နပ်သွားပြီ၊ တံခါးကို မပိတ်ထားပဲ အကုန် ဖွင့်ချထားတော့တယ်။
____________________________________________________________________________________________