စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 81
Translator – Utopia
စွန်းကူးကူးနဲ့ကျန်တဲ့သူတွေလည်း အားလုံး ဒူးထောက်လိုက်ကြတယ်။ မုမင်ထန် လှမ်းကြည့်ပြီး ဘာစကားမှမပြောဘဲ အရိုအသေပေးလိုက်တယ်။
ရှဲ့ရွှမ်းချန် အထဲဝင်လာတဲ့အခါ တစ်ဖက်စီရပ်နေကြတဲ့သူတွေက အမြန်ပဲ ထိုင်ခုံတစ်လုံး ဆွဲယူပေးပြီး ကူရှင်ခံပေးလာကြတယ်။ အောက်က လူတွေကတော့ ရှဲ့ရွှမ်းချန်က မထခိုင်းသေးဘဲ ထလို့ မရချေ။ သူမရှေ့ လူတွေ ဖြတ်လျှောက်နေပေမဲ့ သူမကတော့ ဒူးထောက်နေရဆဲမို့ စွန်းကူးကူး တော်တော်လေး အရှက်ရမိတယ်။
သူမက မယ်တော်ကြီးကို ခစားရတဲ့ အဆင့် ၄ နန်းတွင်းသူပဲ။ နန်းတော်ထဲမှာဆို သူမကို တွေ့ရင် အားလုံးက စွန်းကူးကူးလို့ နှုတ်ဆက်ကြရတယ်။ အရှင်မင်းကြီး အနှစ်သက်ဆုံး ကိုယ်လုပ်တော်တွေတောင်မှ သူမကိုဆို လေးစားသမှုနဲ့ ဆက်ဆံကြရတယ်။ ဒီလို လူလေးစားခံရတဲ့ စွန်းကူးကူးက ဘယ်တုန်းကများ အခုလို အရှက်ခွဲခံလိုက်ရတာလဲ?
ဒါပေမဲ့ အခု သူမရှေ့ကလူက တခြားသူ မဟုတ်ဘဲ ချီယန်ဝမ်ဖြစ်နေတာကြောင့် စွန်းကူးကူးလည်း ဘယ်လောက်ပဲ စိတ်ထဲ မကျေနပ်ပါစေ အောင့်အည်းသည်းခံပြီး သူ စကားပြောလာမယ့်အချိန်ကို စောင့် နေရတော့တယ်။
ရှဲ့ရွှမ်းချန် ထိုင်လိုက်ပြီးနောက် ဖြေးဖြေးချင်း ပြောလာတယ်။
"ထတော့"
စွန်းကူးကူး သက်ပြင်းချလိုက်တယ်။ အနည်းဆုံးတော့ သူမကို အကြာကြီး ဒူးထောက်မနေခိုင်းခဲ့ဘူးပဲ။ ဘယ်လိုပဲပြောပြော သူမက မယ်တော်ကြီး နန်းဆောင်ကလူလေ၊ ချီယန်ဝမ်က ဘယ်လောက်ပဲ စိတ်ရူးပေါက်နေပါစေ ဘယ်ဟာကို လုပ်သင့်တယ် မလုပ်သင့်ဘူးတော့ သူ စဥ်းစားနိုင်သေးသားပဲ။
စွန်းကူးကူး စကတ်စကို သိမ်းပြီး ထမလို့ ဟန်ပြင်လိုက်ချိန်မှာပဲ ရှဲ့ရွှမ်းချန်က ရုတ်တရက် ပြောလာတယ်။
"ဒူးထောက်နေ၊ ငါ မင်းကို ပြောနေတာ မဟုတ်ဘူး"
စွန်းကူးကူးလည်း ဒီလိုဖြစ်မယ် မမျှော်လင့်ထားတာကြောင့် ကြက်သေသေသွားတယ်။ ကျန်တဲ့ကူးကူးတွေလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ထိုင်ရမလား ထရမလား မသိတော့ဘူး။
မုမင်ထန်က ဝမ်ဖေး ဖြစ်တာကြောင့် အရိုအသေပေးတဲ့အခါ လက်အောက်ငယ်သားတွေလောက် ကိုယ်ညွှတ်ပြီး အရိုအသေ ပေးစရာမလိုချေ။ ဒူးအနည်းငယ် ကွေးပြီး အရိုအသေပေးရင် ရပြီ ဖြစ်တယ်။ ရှဲ့ရွှမ်းချန် ပြောလိုက်တဲ့အချိန်မှာ သူမက မတ်တတ်ရပ်လိုက်ပြီးပြီးဖြစ်တယ်။ သူမပုံစံက အနည်းငယ် ကိုးရိုးကားရား ဖြစ်သွားတယ်။ သူမပဲ ထတာ မြန်သွားတာလား? ဒါမှမဟုတ် ရှဲ့ရွှမ်းချန်က သူမတစ်ယောက်တည်းကိုပဲ ထခိုင်းတာလား?
အခု စွန်းကူးကူးနဲ့တခြားသူတွေက လှုပ်ရှားလို့မရဘူး။ သူမကလည်း ထပြီး သွားဖို့ကို တော်တော်လေး ရှက်တာနဲ့ နေရာမှာ အဲ့အတိုင်းပဲ ရပ်နေမိတော့တယ်။ သူမက မတ်တတ်ရပ်နေပေမဲ့ စွန်းကူးကူးနဲ့ ကျန်တဲ့သူတွေက ဒူးထောက်နေကြရတယ်။ တကယ်ကို ပေါ်တင်ကြီး အရှက်ခွဲတာပဲ။
ဒီတစ်ခါတော့ ရှဲ့ရွှမ်းချန်က ကူးကူးတစ်ယောက်ကို လက်ညှိုးထိုးပြီး
"မင်း၊ မင်းလက်ထဲကိုင်ထားတာ ဘာလဲ"
သူမက အဆင့် ၆ နန်းတွင်းသူ ယွီချန်းရှီဖြစ်တယ်။ ယွီချန်းရှီက အလုပ်လုပ်ရာမှာ သေသပ်ပြီး လှလည်း လှတာမို့ မယ်တော်ကြီးက သူမကို အတော်သဘောကျတယ်။ ယွီချန်းရှီကလည်း ဒါကို ဂုဏ်ယူပြီး သူများတွေနဲ့စကားပြောတိုင်း အထက်စီးဆန်လေ့ရှိတယ်။ ပြောကြတာတော့ သူမရဲ့ အနာဂတ်က နန်းတွင်းသူတစ်ယောက်အနေနဲ့ပဲ ပြီးသွားမှာ မဟုတ်ဘဲ ခေါင်းဆောင်နန်းတွင်းသူတောင် ဖြစ်လာမယ်လို့ ထင်ကြေးပေးကြတယ်။
သူမရဲ့ ဂုဏ်သိက္ခာကြောင့် ယွီချန်းရှီက ဘယ်နေရာမှာမဆို အမြဲ ထိပ်ဆုံးကပဲ ဖြစ်ချင်တယ်။ ဒီတစ်ခေါက် မယ်တော်ကြီးက သူတို့ကို တာဝန်တစ်ခုပေးအပ်လာတဲ့အခါ ယွီချန်းရှီက မယ်တော်ကြီးဆီမှာ မျက်နှာရအောင်လို့ တက်တက်ကြွကြွနဲ့ကို လုပ်နေတော့တယ်။ အစောနက သူတို့ မုမင်ထန်ကို စစ်ဆေးကြတဲ့အချိန် ယွီချန်းရှီကလည်း အများကြီး အားစိုက်ထုတ်ထားတာဖြစ်တယ်။ အပ်ကိုတောင်မှ သူမက အရှေ့ထွက်လာပြီး တခြားသူဆီက လုယူခဲ့တယ်။
အခု မမျှော်လင့်ထားဘဲ ရှဲ့ရွှမ်းချန်က သူမကို လက်ညှိုးထိုးလာတော့ ယွီချန်းရှီ အကျပ်ရိုက်နေပြီ။ သူမ စွန်းကူးကူးကို ကူပြီး အပ်ကို ထုတ်ပေးမိတဲ့အတွက် အနည်းငယ် နောင်တရနေမိတယ်။ သူမ တိတ်တိတ်လေး စွန်းကူးကူးကို ကြည့်လိုက်ပေမဲ့ စွန်းကူးကူးက အခုအချိန်မှာ ခေါင်းငုံ့ပြီး ဒူးထောက်နေရတဲ့အတွက် ဘာတွေဖြစ်နေလဲ မသိနိုင်ချေ။ ယွီချန်းရှီလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ မတတ်နိုင်တဲ့အဆုံး သူမ အံကြိတ်ကာ သစ်သားဗန်းကို ရှဲ့ရွှမ်းချန်ဆီ ယူလာပေးရတော့တယ်။
ထိုင်ခုံအနားမှာ ယွီချန်းရှီ ဒူးထောက်လိုက်ပြီး သစ်သားဗန်းကို မျက်ခုံးကျော်တဲ့အထိ မြှောက်ကာ တုန်တုန်ယင်ယင်နဲ့ ဆက်သလာတယ်။ ရှဲ့ရွှမ်းချန်က ငုံ့ကြည့်လိုက်ပြီး ခဏကြာတဲ့နောက် ရုတ်တရက် အထဲကနေ အမျှင်ဆုံးနဲ့ အရှည်ဆုံးဖြစ်တဲ့ အပ်ကို ဆွဲထုတ်လိုက်တယ်။
သူ့လက်ချောင်းတွေက သွယ်ပျောင်းပြီး ကျန်းမာရေးမကောင်းတာကြောင့် အရိုးပြိုင်းပြိုင်း ဖြစ်နေတယ်။ သူ့လက်ထဲ အပ်မျှင်မျှင်ကို လှမ်းမြင်လိုက်ရတော့ ဘယ်ဟာက ပိုကြောက်ဖို့ ကောင်းလဲတောင် သူမ မပြောတတ်တော့ဘူး။
ရှဲ့ရွှမ်းချန် အပ်ကို သူ့အရှေ့ ယူကြည့်လိုက်ပြီး
"ဒါကို ဘယ်လိုသုံးရတာလဲ"
ယွီချန်းရှီ တစ်ကိုယ်လုံး တုန်ယင်သွားတယ်။
"ကျွန်တော်မျိုးမ မသိပါဘူး"
"မင်းကလည်း မသိဘူးတဲ့လား" ရှဲ့ရွှမ်းချန် အပ်ကို လက်နဲ့ လှည့်ကစားရင်း လှောင်သလိုပုံနဲ့ ပြောလာတယ်။ "ငါ နိုးလာတုန်းက ဝမ်ဖေး ဘယ်ရောက်နေလဲမေးတော့ အိပ်ရာဘေး ဒူးထောက်နေတဲ့ အစေခံက မသိဘူးတဲ့။ အခု ဝမ်ဖေးနဲ့ မင်းတို့တွေ ဘာလုပ်နေကြလဲ ငါ လာကြည့်ပြန်တော့လည်း မင်းက မသိပြန်ဘူးတဲ့လား" ရှဲ့ရွှမ်းချန် ပြုံးလိုက်ပြီး ရုတ်တရက်ဆိုသလိုပဲ သူ့လေသံက ပြောင်းသွားတယ်။ "မဟုတ်လည်း အစောနက မသိဘူးပြောနေတဲ့ အစေခံက အသက်ရှိသေးလား မင်း ခန့်မှန်းကြည့်ရင်ကော?"
ယွီချန်းရှီ ကြောက်လန့်ပြီး တဆတ်ဆတ် တုန်နေကာ စကားတွေတောင် အထစ်ထစ်အငေါ့အငေါ့နဲ့ ဖြစ်လာတယ်။
"ကျွန် ... ကျွန်တော်မျိုးမ"
အဲ့အချိန်မှာပဲ စွန်းကူးကူးက ရုတ်တရက် ဖြေလာတယ်။
"ဝမ်ရယ့်ကို ပြန်လည်လျှောက်တင်ပါတယ်၊ ဝမ်ဖေးရဲ့ စိုးရိမ်နေရတာတွေကို ကူညီဖြေရှင်းပေးဖို့ မယ်တော်ကြီးရဲ့အမိန့်နဲ့ ကျွန်တော်မျိုးမတို့ ရောက်လာတာပါ။ ကျွန်တော်မျိုးမတို့က ကူညီပေးဖို့ လုပ်ပေးနေတာပါ၊ တကယ်လို့များ တစ်ခုခု အထင်လွဲနေတာရှိရင် ဝမ်ရယ် ကျွန်တော်မျိုးမတို့ကို အပြစ်မပေးခင် ရှင်းပြတာကို အရင် နားထောင်ပေးစေချင်ပါတယ်"
ရှဲ့ရွှမ်းချန်ကတော့ သူမပြောတာကို တစ်စက်မှတောင် ဂရုမစိုက်ဘူး။ သူ ပြုံးလိုက်ပြီး နောင်တရသွားတဲ့ပုံနဲ့
"မင်းက ငါ မေးတာကို မဖြေချင်ဘူးပဲ။ မင်း မဖြေချင်မှတော့ တခြားသူကို ငါ မေးရတော့မှာပေါ့"
ရှဲ့ရွှမ်းချန် ပြောပြီးတာနဲ့ မုမင်ထန်ကို ကြည့်လိုက်ပြီး
"မင်ထန် ဒီအပ်ကို ဘယ်လိုသုံးတာလဲ"
____________________________________________________________________________________________