Chapter 100

1.8K 164 3
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 100
Translated by Utopia

"ကိုယ့်မှာ မင်း ရှိတယ်"

ကျင်းအိမ်တော်တွင် ....
ကျန်းမင်ဝေ့က အိပ်ရာဖုံကို မှီပြီး လှဲလျက်ရှိတယ်။ အစေခံ လျှောက်တင်လာတာကို နားထောင်ပြီးတဲ့နောက် ဒေါသတကြီးနဲ့ ရေနွေးခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်တယ်။
"အလုပ်များနေ၊ အဲ့မှာ အလုပ်များနေလိုက်! မယ်တော်ကြီးကို သွားနှုတ်ဆက်ဖို့ကျ အချိန်ရှိတယ်။ ဘေးအိမ်ကို ပစ္စည်းတွေ သွားပို့ဖို့တောင် အချိန်ရှိတယ်။ အိမ်ပြန်လာဖို့ကျ အချိန်မရှိဘူးပေါ့!"
ဒီစကားကို ကျန်းသခင်မ ကြားတဲ့အခါ ကျန်းမင်ဝေ့ကို ဒေါသထွက်ထွက်နဲ့ ပြန်ကြည့်မိတော့တယ်။ သူမ မျက်ခုံးပင့်ပြီး ဘေးနားက အစေခံတွေကို လှမ်းကြည့်လိုက်တယ်။ အစေခံတွေကလည်း အလိုက်သိစွာဘဲ နေရာကနေ ထွက်သွားကြတော့တယ်။
သူတို့အားလုံး ထွက်သွားတော့မှ ကျန်းသခင်မက ပြောလာတယ်။
"မင်ဝေ့၊ သမီးရဲ့ ခင်ပွန်းက မိသားစုရဲ့ အကြီးအကဲလေ။ ဘယ်လိုလုပ် လူရှေ့သူရှေ့ ကျင်းဝမ်ကို ဒီလို ပြောနေရတာလဲ"
"အမေ သမီးပြောတာ မှားလို့လား" ကျန်းမင်ဝေ့က ဝမ်းနည်းကြေကွဲနေဟန်နဲ့ လက်ကိုင်ပဝါကို တင်းတင်း ဆုပ်ကိုင်ရင်း ကျန်းသခင်မဆီ တိုင်တောလာတယ်။ "မင်္ဂလာပွဲနေ့တုန်းကလည်း သူ သမီးရဲ့မင်္ဂလာဇာပါးကိုတောင် မလှန်သွားခဲ့ဘူး။ တစ်ညလုံးလည်း အိမ်ပြန်မလာဘဲ ချီယန်အိမ်တော်မှာ နောက်ကျတဲ့အထိ နေခဲ့တယ်တဲ့။ နောက်နေ့ကျ ဧကရာဇ်နဲ့ တွေ့ဖို့ နန်းတော်ကို ထွက်သွားတယ်။ ဟုတ်ပါတယ်၊ သမီးက အကျိုးအကြောင်းမစဉ်းစားတတ်တဲ့သူပါပဲ။ မင်္ဂလာပွဲနေ့က ကောက်ခါငင်ခါ ထဖြစ်သွားခဲ့တာကို သိပါတယ်။ အရူးကို ဂရုစိုက်ဖို့ တာဝန်က သူ့ဆီကို ကျလာတယ်။ တစ်ရက်နှစ်ရက်လောက် ထွက်သွားတာကို သမီး အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ အခုက တစ်ပတ်တောင် ရှိနေပြီ။ အိမ်တော်ထဲက အစေခံတွေကို မေးကြည့်ပါဦး၊ ဒီတစ်ပတ်လုံး သူ သမီးအကြောင်းကို မေးတောင် မေးခဲ့ရဲ့လားဆိုတာ"
ကျန်းမင်ဝေ့အတွက် ကျန်းသခင်မ စိတ်မကောင်းဖြစ်သွားတယ်။ သူမပြောတာလည်း မှန်ပါတယ်၊ သူ့သမီးလေးက အခုမှ အိမ်ထောင်ကျတာကို ခင်ပွန်းဖြစ်တဲ့သူက အိမ်တောင် ပြန်မလာဘူး။ ဒါက ဇနီးဖြစ်သူအတွက် ဘယ်လိုမှ မကောင်းဘူး။ သူသာ သာမန်လူဆို ယောက္ခမအနေနဲ့ ကျန်းသခင်မ ကောင်းကောင်းကြီး ဆူပူမိမှာပဲ။ ဒါပေမဲ့ အခုက သူက သာမန်လူတစ်ယောက် မဟုတ်ချေ။
ကျန်းသခင်မအနေနဲ့ ကျင်းဝမ်ကို ပြစ်တင်ပြောဆိုလို့ မရတာကြောင့် သူ့သမီးသူပဲ နားချရတော့တယ်။
"မင်ဝေ့ သမီးအတွက် လွယ်ကူမှာ မဟုတ်မှန်း အမေ သိပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျသွားတာနဲ့၊ အိမ်ထောင်ကျသွားတဲ့ သမီး အိမ်ပြန်ရောက်နေတာနဲ့က မတူဘူး။ သမီးလုပ်သမျှက ကိုယ့်ခင်ပွန်းကို အဓိကထားပြီး ချင့်ချိန် လုပ်သင့်တယ်။ တော်ရုံတန်ရုံ သည်းခံလို့ ရတဲ့ဟာဆို သည်းခံလိုက်။ ကျင်းဝမ်မှာက တာဝန်တွေ အများကြီးကို လုပ်နေရတာ၊ အပြင်ထွက်ပြီး ဟေးလားဝါးလား သွားလုပ်နေတာ၊ မိန်းမရှုပ်နေတာလည်း မဟုတ်ဘူး။ ဝမ်ဖေးတစ်ပါးအနေနဲ့ ဇနီးကောင်းတို့ရဲ့ သည်းခံခြင်းတရားကို ပြသရင်း ကျင်းဝမ်ရဲ့ ပူပန်မှုတွေကို တစ်ဖက်တစ်လမ်းက လျှော့ချပေးသင့်တယ်"
"သမီးကကော အဲ့လိုမလုပ်ချင်ဘူးလို့ ထင်နေတာလား" ကျန်းမင်ဝေ့ ပြောရင်း မျက်လုံးတွေ နီရဲလာတယ်။ လက်ကိုင်ပဝါနဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း
"သမီးလည်း ဝမ်ဖေးကောင်းတစ်ပါး ဖြစ်ချင်တာပါပဲ။ ဒါပေမဲ့ သူက အိမ်ကို တစ်ပတ်လုံးလုံး ပြန်မလာဘူး။ မင်္ဂလာအိမ်ခန်းထဲ တစ်‌ယောက်တည်း အိပ်ရတယ်၊ မိဘအိမ်လည်း တစ်ယောက်တည်း ပြန်ရတယ်၊ အစေခံတွေကိုလည်း တစ်ယောက်တည်း စီမံရတယ်။ သမီးက အခုမှ ပူပူနွေးနွေး အိမ်ထောင်ပြုထားတာပါ အမေရယ်! အပြင်မှာ လူတွေက ဘယ်လိုတီးတိုးပြောနေကြလဲ သိလား၊ အရှင့်သားကို မကိုင်တွယ်နိုင်လို့ အစေခံတွေက နောက်ကွယ်မှာ သမီးကို ဟားတိုက်ရယ်နေကြတာ သိရဲ့လား။ ဒီလစ်ဟာနေတဲ့ အခန်းကျယ်ကြီးထဲ သူပြန်အလာကို ၇ ရက်လုံး စောင့်နေခဲ့ရတာ"
ဒါက ..... ကျန်းသခင်မလည်း အံ့ဩသွားတယ်။
"တစ်ပတ်လုံးလုံး သူ ညအိပ်ဖို့တောင် ပြန်မလာဘူးလား"
"မလာဘူး!" ကျန်းမင်ဝေ့ စိတ်ပျက်ပျက်နဲ့ ခြေနင်းခုံပေါ် ခြေဆောင့်ချမိတယ်။ သူမ ‌ဒေါသလည်းထွက် ရှက်လည်း ရှက်နဲ့ ပြောလာတယ်။ "မဟုတ်ရင် သမီးက ဘာလို့အဲ့လောက် ဒေါသထွက်နေမှာလဲ"
ကျန်းသခင်မ အံ့အားသင့်နေမိတယ်။ သူမ အသံ ခပ်အုပ်အုပ်နဲ့ မေးလာတယ်။
"ဒါဆို သမီးတို့နှစ်‌ယောက် အခုထိ လင်မယားအရာ မမြောက်သေးဘူးလား"
ကျန်းမင်ဝေ့က လက်ကိုင်ပဝါကိုသာ တင်းတင်းကိုင်ရင်း ခေါင်းငုံ့ကာ ပြန်မဖြေလာတော့ချေ။ ဒါကို ကြည့်ရုံနဲ့ အဖြေကို ကျန်းသခင်မ သဘောပေါက်လိုက်တယ်။
ကျန်းသခင်မ ပြောစရာစကားတောင် မရှိတော့ဘူး။ သူမက အသံကို နှိမ့်ပြီး မေးလာတယ်။
"သမီးတို့က လင်မယားအရာ မမြောက်သေးဘူးလား။ ကျင်းဝမ်က တ‌စ်နေ့လုံး အပြင်သွားနေပေမဲ့ ညဘက်တော့ ပြန်အိပ်တယ်လို့ အမေတို့က ထင်နေတာ။ အခုကျ အဲ့လိုမဟုတ်ဘူးလား?"
ကျန်းမင်ဝေ့ကတော့ မျက်နှာလွှဲရင်း ပြန်မဖြေလာဘူး။ သူမ ဒေါသထွက်လွန်းလို့ မျက်ရည်တွေပါ စီးကျလာတယ်။ ကျန်းသခင်မလည်း စိတ်ညစ်ညူးသွားတယ်။ မင်ဝေ့ ဒီရက်ပိုင်းထဲ စိတ်မကြည်မလင်ဖြစ်နေတယ်လို့ အိမ်တော်ပါ အစေခံက လာသတင်းပို့ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျန်းဟုန်ဟောက်ကလည်း မင်ဝေ့ကို ပြောစရာရှိတယ်ဆိုတာနဲ့ ကျန်းသခင်မ နေ့လယ်ခင်းဘက် ကျင်းအိမ်တော်ဆီ ဝင်လာခဲ့တာဖြစ်တယ်။ အစကတော့ မင်ဝေ့က ကျင်းဝမ်ကို စိတ်ဆိုးစိတ်ကောက်နေတယ်ပဲ ထင်ခဲ့တာ၊ သူတို့ လင်မယားအရာမမြောက်သေးဘူးလို့ တစ်ခါမှတောင် မတွေးကြည့်ဖူးဘူး။
ဒါ သက်သက် စော်ကားတာပဲ။ ကျင်းဝမ်က မင်ဝေ့ကို လက်ထပ်ခွင့်ရဖို့ တောင်းတောင်းပန်ပန် တောင်းဆိုခဲ့တာကိုသာ ကျန်းသခင်မ မသိထားခဲ့ဘူးဆို တော်ဝင်မိသားစုက သက်သက် ကျန်းမင်ဝေ့ကို အနိုင်ကျင့်စော်ကားနေတယ်လို့တောင် ထင်ရလောက်တယ်။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now