စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 45
Translator – Utopia
အမှန်အတိုင်းပြောရရင် ရှဲ့ရွှမ်းကျီလည်း အခုပြန်စဥ်းစားမိတော့ ချီယန်အိမ်တော်ကို သွားမိတာကို နောင်တရနေပြီ။ သူသာ တခြားနေ့တွေမှာ သွားခဲ့တယ်ဆို အေးအေးဆေးဆေးပဲ သွားလျှောက်တင်လိုက်လို့ရတယ်။ ခမည်းတော် စိတ်ကျေနပ်အောင်လို့ သူ တမင်တောင် ကျင်းအိမ်တော်ကို ချီယန်အိမ်တော်ဘေးမှာ ဆောက်ခဲ့တာကို။ တခြားသူတွေကိုတော့ ဘယ်လိုဘယ်ချမ်းသာ အကြောင်းပြချက်တွေ ပြောနေပေမဲ့ သူ့စိတ်ထဲမှာတော့ အနည်းငယ် ကြောက်လန့်နေမိတုန်းပဲ။
အိပ်ရာဘေး ကျားတစ်ကောင်ကို ကြိုးချည်ထားရမှတော့ ဘယ်သူက စိတ်အေးနိုင်မှာတဲ့လဲ။ ရှဲ့ရွှမ်းကျီလည်း ရှဲ့ရွှမ်းချန်နိုးလာတာကို သွားလျှောက်တင်ချင်တယ်၊ ဒီလိုဆို ဆေးထပ်တိုးတာ ဖြစ်ဖြစ်၊ အစောင့်ထပ်တိုးတာဖြစ်ဖြစ် လုပ်လို့ရမှာပဲ။ တစ်နည်းပြောရရင် သူတို့ကျင်းအိမ်တော်အတွက် ပိုလုံခြုံသွားပြီ။ ဒါပေမဲ့လည်း ရှဲ့ရွှမ်းချန် နိုးလာတာကို လျှောက်တင်လိုက်တာနဲ့ သူ ဘယ်ကိုသွားခဲ့တာလဲပါ ပေါ်သွားလိမ့်မယ်။ အရှင်မင်းကြီးနဲ့ တော်ဝင်သမားတော်တွေရှေ့ သူ ချီယန်အိမ်တော်ကို ဘယ်လိုရောက်သွားတယ်၊ ချီယန်ဝမ်ဖေးကို ဘာစကားတွေ ပြောခဲ့တယ်၊ ချီယန်ဝမ် နိုးလာတာကို သူ့မျက်စိနဲ့ ဘယ်လိုတွေ့ခဲ့တယ် စသည်ဖြင့် အားလုံးကို ဘယ်လိုလုပ်ရှင်းပြရမလဲ၊
သူ့ကိုယ်သူ ဒါက တိုက်ဆိုင်တာပါလို့ ဖျောင်းဖျပေမဲ့ စိတ်ထဲတော့ သူကိုယ်တိုင်တောင် မယုံကြည်နိုင်ဘူးဖြစ်နေတယ်။
သူကိုယ်သူ ဖြူစင်ကြောင်း သက်သေမပြနိုင်မှတော့ ဒီကိစ္စတစ်ခုလုံးကို ဖုံးပစ်လိုက်ဖို့ပဲရှိတယ်။ တော်သေးတယ် ရှဲ့ရွှမ်းချန်က နိုးလာပြီး သိပ်မကြာဘူး ပြန်မေ့မြောသွားလို့။ မုမင်ထန်ကတော့ ... ရှဲ့ရွှမ်းကျီ သူမကို သိပ်ပြီး အာရုံမထားချေ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းမငယ်လေးတစ်ယောက်ပဲဟာ သူမက ဘာလုပ်နိုင်မှာမို့လို့လဲ။
မုမင်ထန်အပေါ် ရှဲ့ရွှမ်းကျီရဲ့ ခံစားချက်က သိပ်ကို ရိုးရှင်းတယ်။ ဒီနိမ့်ကျရိုင်းစိုင်းတဲ့ မိန်းကလေးကို သူ ဘယ်တုန်းကမှ သဘောမတွေ့ခဲ့ချေ။ အရှင်မင်းကြီးကို စိတ်ကျေနပ်စေပြီး ကျန်းဟုန်ဟောက်ကိုလည်း သိမ်းသွင်းဖို့ လိုအပ်မနေခဲ့ဘူးဆို ဒီအတုအယောင် ဝမ်ဖေးကို သူ လက်ခံခဲ့စရာ မရှိချေ။ ဒါပေမဲ့ မုမင်ထန်က သိပ်ကို လှပပြီး သူ့အပေါ်လည်း ချစ်မြတ်နိုးနေတယ်။ သူမလို အလှလေးက ချစ်ခြင်းကို ဖွင့်ဟလာခဲ့ရင် ဘယ်ယောက်ျားက ငြင်းဆန်နိုင်မယ်တဲ့လဲ။ သူ့အတွက် ဝမ်ဖေးဆိုတာက ကျန်းမင်ဝေ့လို မိန်းကလေးမျိုးသာ ထိုက်တန်တာ။ မုမင်ထန်က မထိုက်တန်ဘူးဆိုပေမဲ့ သူ့အိမ်တော်မှာ ထားထားတာလည်း သိပ်တော့ မဆိုးပါဘူး။ သူလည်း တစ်ခါတလေတော့ အသစ်အဆန်းကို မြည်းစမ်းခွင့်ရတာပေါ့။
လမ်းလျှောက်နေတဲ့တစ်လျှောက်လုံး ကျင်းဝမ်ကော သူ့လူယုံကော နှုတ်ဆိတ်နေခဲ့ကြတယ်။ စာကြည့်ခန်းထဲရောက်တဲ့အခါ လူယုံက မေးလာတယ်။
"အရှင့်သား ချီယန်ဝမ်က နတ်ဘုရားတစ်ပါးလိုပဲ၊ သူ့မှာ ဖုံးကွယ်ထားတဲ့ အကြံအစည်တွေနဲ့ ပြည့်နှက်နေတာ။ သူ မေ့မြောနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီဆိုပေမဲ့ သူ့ကို လျှော့တွက်လို့ မရဘူး။ သူ အခုထိ မေ့မြောနေတုန်းပဲဆိုတာ အရှင့်သား သေချာရဲ့လား"
ရှဲ့ရွှမ်းကျီလည်း ဒီမေးခွန်းကို တွေးနေတာပဲ။ စားပွဲဆီ ရောက်တဲ့အခါ ထိုင်လိုက်ပြီးနောက်
"သူ သွေးတွေ အန်ပြီး မေ့မြောသွားတာကို ငါကိုယ်တိုင် မြင်ခဲ့တာပဲ၊ ဟန်ဆောင်နေတာတော့ မဖြစ်နိုင်လောက်ဘူး။ သတိလစ်ချင်ယောင်ဆောင်နိုင်ရင်တောင်မှ သွေးတွေကိုတော့ အတုလုပ်ပြလို့ မရဘူးလေ။ ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာ။ သူ သွေးစိမ်းရှင်ရှင် အန်နေခဲ့တာ အဲ့တုန်းက"
သွေးအန်တယ်ဆိုတာ ကောင်းတဲ့လက္ခဏာမဟုတ်ချေ။ အခုလို ချင်းချင်းနီတဲ့ သွေးတွေဆို ပြောမနေနဲ့တော့။ လူယုံလည်း အနည်းငယ် စိတ်အေးသွားပေမဲ့ ....
"အရှင့်သား တကယ်လို့ ...."
"တကယ်လို့ ဆိုတာ မရှိဘူး" ရှဲ့ရွှမ်းချန်က မတူသလိုမတန်သလိုနဲ့ ပြောလာတယ်။ "အဲ့အခြေအနေထိ သူ ဟန်ဆောင်ပြနိုင်ရင်တောင်မှ သံမဏိနက်နဲ့လုပ်ထားတဲ့ သံကြိုးတွေက ပေါ့သေးသေးမဟုတ်ဘူး။ သူ နိုးလာရင်တောင်မှ သံမဏိကြိုးတွေကြောင့် သူ့အင်အားကို ဖြုန်းတီးပစ်ရုံပဲရှိမှ""
ဟုတ်သားပဲ သံမဏိကြိုးတွေ။ ကြီးမားလေးလံတဲ့ သံမဏိကြိုးတွေအကြောင်း တွေးမိတော့ လူယုံလည်း စိတ်အေးသွားတယ်။ ခြေချင်းနဲ့လက်ထိပ်တွေက နတ်ရွာစံဧကရာဇ်ကိုယ်တိုင် ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့တုန်းက ရှဲ့ရွှမ်းချန်ရဲ့ စိတ်အခြေအနေက အခုထက်တောင် ပိုဆိုးရွားသေးတယ်။ သူ့ကို ဘယ်သူမှ ထိန်းလို့မရခဲ့ဘူး။ ရှဲ့ယီက သားတော်ကို အမျက်ဒေါသထွက်ပြီး သူကိုယ်တိုင်ပဲ အကျဉ်းချထားဖို့ အမိန့်ချခဲ့တာဖြစ်တယ်။ နောက်ပိုင်း ရှဲ့ရွေ့နန်းတက်တော့ ရှဲ့ယီရဲ့အမိန့်တော်ကို အကာအကွယ်ယူရင်း ရှဲ့ရွှမ်းချန်ကို ပိုလို့တောင် အစောင့်အကြပ်တွေနဲ့ စောင့်ကြည့်ခဲ့တယ်။ တစ်ခေါက်ထက်တစ်ခေါက်ပိုပြီး အစောင့်အကြပ်တွေက ပိုလို့တင်းကျပ်လာတယ်။
ကျားကို ချည်ထားတဲ့ သံမဏိကြိုးကို ဘယ်သူကမှ ရူးနှမ်းပြီး သွားဖွင့်ပေးရဲမှာ မဟုတ်ဘူး။ လူယုံက သက်ပြင်းချလိုက်ရင်း
"သံမဏိကြိုးတွေ ရှိမှတော့ ကျွန်တော်မျိုးတို့ စိတ်အေးလို့ ရပါပြီ။ ချီယန်ဝမ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ရှိနေပြီး ထပ်မရူးသွပ်သွားဖို့ကိုပဲ မျှော်လင့်မိတယ်"
_________________________________________________________