Chapter 123

508 71 0
                                    

ရှဲ့ရွှမ်းကျီ ကြည့်ရင်း စိတ်အဆင်မပြေဖြစ်လာတယ်။ ဒါပေမဲ့ ခံစားချက်မပေါ်အောင် ဖုံးကွယ်တဲ့နေရာမှာ တော်တဲ့သူဖြစ်တာကြောင့် အမြန်ပဲ စိတ်ဖျောက်လိုက်တယ်။
ရှန့်နန်ချွမ်က အစေခံတွေနဲ့အတူ စားပွဲပေါ် ဟင်းပွဲတွေ ချပေးနေတယ်။ ကျင်းဝမ်နဲ့ကျင်းဝမ်ဖေးတို့ပါ ရုတ်တရက် စားဖြစ်သွားတာဆိုတော့ စားဖိုဆောင်က အမြန်ပဲ ပြင်ဆင်ကြရတယ်။ မုမင်ထန်ကတော့ သူတို့ ဘာစားလဲ အာရုံမစိုက်အားဘူး။ ရှဲ့ရွှမ်းချန်အတွက် စားစရာတွေကိုက သူမ ကြိုစီစဉ်ပြီးသွားပြီ။ တိုဟူးကို အခြေခံပြီးချက်ထားတဲ့ ကြာစေ့တိုဟူးစွပ်ပြုတ်၊ တိုဟူးအိုးကပ်ကြော်၊ အာဟာရဖြစ်စေတဲ့ သိုးသားနဲ့ ဆတ်သားလို အသားမျိုးတွေ၊ ရာသီအလိုက်ပေါ်တဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ဝက်ရိုးစွပ်ပြုတ်နဲ့ နို့ဆန်ပြုတ်တွေပါ ပါဝင်တယ်။ သူမအတွက် နို့ဆန်ပြုတ် တစ်ပန်းကန် ပေးဖို့ အစေခံကို ပြောလိုက်ပြီးနောက် ရှဲ့ရွှမ်းချန်ကို တိုဟူးတစ်ဖက် ထည့်ပေးလိုက်တယ်။ 
“အရှင့်သားက ကြက်သွန်မြိတ် မကြိုက်ဘူးဆိုလို့ ဒီတစ်ခါ တိုဟူးကို သေရည်နဲ့ ကြော်ခိုင်းလိုက်တယ်”
သေရည်နဲ့ ကြော်ထားတဲ့ တိုဟူး? ဒီဟင်းချက်နည်းမျိုး ရှဲ့ရွှမ်းကျီ တစ်ခါမှ မကြားဖူးဘူးတာကြောင့် တိုဟူးဟင်းပွဲကို လှမ်းကြည့်လိုက်မိတယ်။ ရှဲ့ရွှမ်းချန်က တိုဟူးကို တစ်ကိုက် ကိုက်လိုက်ပြီး ခေါင်းညိတ်ကာ
“စားကောင်းသားပဲ။ သေရည်နံ့သင်းသင်းလေးနဲ့ တိုဟူးရဲ့နူးညံ့တဲ့အရသာကလည်း ပျောက်မသွားဘူး။ ဒီဟင်းချက်နည်းမျိုး ဘယ်ကရလာတာလဲ”
“ကျွန်မ ဖန်တီးထားတာလေ!” မုမင်ထန်ရဲ့အသံက ပျော်မြူးသွားသလိုမျိုးနဲ့ သူ့ပန်းကန်ထဲ တိုဟူးကြော်တွေ ထပ်ထည့်ပေးလာတယ်။ “အရှင့်သားက တိုဟူး မစားချင်ဖူးချည်းပဲ လုပ်နေတော့ ကျွန်မလည်း နည်းလမ်း ရှာကြံရတော့တာပေါ့။ မဟုတ်ဘဲ အရှင့်သား ဆက်ချေးများနေရင် စားဖိုဆောင်က စားဖိုမှူးတွေ အကုန်လုံး အလုပ်ထွက်ကုန်ကြလိမ့်မယ်”
သူမပြောတာကြားတော့ ကျန်းမင်ဝေ့ အရှေ့က မြောက်မြားလှတွေ ဟင်းပွဲတွေကို လှမ်းကြည့်လိုက်တယ်။ တစ်ခုချင်းစီက အရောင်အနံ့အရသာနဲ့ ပြည့်စုံတာကြောင့် သူမ စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ ဒီ့မတိုင်ခင်က မုမင်ထန်ကို အထက်တန်းလွှာတွေအကြောင်း နားမလည်တဲ့ တောသူမဆိုပြီး သိပ်ဂရုမစိုက်ဘဲ နေခဲ့တာ။ ဘယ်လိုလုပ် သူမက အိမ်တော်ကို ဘယ်လို စီမံခန့်ခွဲရမလဲ၊ အထက်တန်းလွှာတွေလို ဘယ်လိုနေရမလဲ သိနေတာလဲ? ပြောရရင် ကျန်းမင်ဝေ့ မြို့တော်မှာ နေတာ ကြာလှပြီ။ မြို့တော်ရဲ့အထက်တန်းအကျဆုံးဘဝမှာ သူမက နေလာတာ။ သူမနဲ့ တောကလာတဲ့ မုမင်ထန်လိုလူမျိုးက ယှဉ်လို့ ရနိုင်မှာလဲ။ 
ဒါပေမဲ့ သူမရှေ့က ဟင်းပွဲတွေကို ကြည့်ပြီး ကျန်းမင်ဝေ့ စိတ်ထဲ သံသယဖြစ်လာတယ်။ ဟင်းပွဲတွေက အမျိုးစုံပဲဖြစ်ပြီး တစ်ခုချင်းစီမှာ ထူးခြားတဲ့အရသာ ရှိတယ်။ အရေးအကြီးဆုံးက ဟင်းပွဲတွေ အားလုံးက ပေါ့ပေါ့ပါးပါးနဲ့ အာဟာရဖြစ်တဲ့ဟာတွေချည်းပဲ။ ဿမန်ဟင်းပွဲတွေလောက်ဆို အန်းအိမ်တော်က စားဖိုမှူးတွေ ချက်တာ နေမှာပေါ့လို့ သူမ ဖြည့်တွေးလို့ရသေးတယ်၊ မုမင်ထန်က ဘာမှလုပ်စရာမလိုဘဲ ထိုင်ကြည့်ပြီး ချီးကျူးခံလိုက်ရုံပဲ။ ဒါပေမဲ့ စားပွဲပေါ်က အာဟာရဖြစ်တဲ့ ဟင်းပွဲအမယ်မယ်ကို ကြည့်လိုက်တာနဲ့တင် ဒါက တသီးတသန့် ပြင်ဆင်ထားတာမှန်း သိသာတယ်။
သူတို့ ကောက်ခါငင်ခါ မနက်စာ စားဖြစ်သွားတာနဲ့ သူမ ဘာမှပြင်ဆင်ချိန် မရလိုက်ဘူးလို့လည်း ပြောသွားတာဆိုတော့ သဘောက နေ့တိုင်း ဒီလိုဟင်းပွဲအစုံကို သူမက စီစဉ်ပေးနေတာ‌ပေါ့?
ကျန်းမင်ဝေ့ ကိုယ့်ကိုယ်ကိုယ်တောင် သံသယဝင်လာတယ်။ ရှဲ့ရွှမ်းကျီကတော့ မုမင်ထန် သူ့အတွက် အသီးအရွက်တွေ ထည့်ပေးလိုက် ကျွေးလိုက် လုပ်နေတာကို ကြည့်ရင်း စိတ်ထဲကနေ အပိုအကဲတွေ သိပ်လုပ်လွန်းတယ်လို့ တွေးနေမိတယ်။ အခုချိန်မှာ ရှဲ့ရွှမ်းချန်က နေမကောင်းဖြစ်နေတယ် ဆိုပေမဲ့ မကွယ်မဝှက်တမ်း ပြောရရင် စားပွဲခုံကို ရိုက်ချိုးပြီး သံကိုတောင် နှစ်ပိုင်းချိုးပစ်နိုင်တဲ့သူပဲ၊ ကျားကိုးစီး စားမကုန်ဘူး။ 
အဲ့လိုလူမျိုးကို သူမက ရေနွေးလေး အအေးခံပေးလိုက်၊ တို့ဖူးလေး ဖဲ့ကျွေးလိုက် အထိ လုပ်ပေးစရာ လိုလို့လား?
ရှဲ့ရွှမ်းကျီ သူတို့နှစ်ယောက် အပိုအကဲ လုပ်ပြနေတာကို ဆက်မကြည့်နိုင်တော့တာမို့ တူကို ချလိုက်တယ်။ အဲ့ကျမှ မုမင်ထန်က သူတို့ကို သတိထားမိဟန်နဲ့ လှမ်းကြည့်လိုက်ပြီး
“ကျင်းဝမ်ရယ်နဲ့ ဝမ်ဖေးတို့၊ အားမနာဘဲ စားနော်။ တစ်မိသားစုတည်းပဲဆိုတော့ ဧည့်ဝတ်မပြုတော့ပါဘူး”
“ဒါပေါ့ ကိစ္စမရှိပါဘူး။ ဝမ်းကွဲအစ်ကိုရဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပါပဲ။ ကျွန်တော်တို့ကို အားမနာပါနဲ့”
ရှဲ့ရွှမ်းကျီက အပြုံးနဲ့ ပြောလာတယ်။ သူ့စကားဆုံးတာနဲ့ မုမင်ထန်က အကြည့်ကို ရုတ်သွားပြီး ကြောက်မက်ထိတ်လန့်ဖွယ်ကောင်းတဲ့ အဲ့ဒီ့လူကို မသိရင် ပဲ့ကြွေလွယ်တဲ့ ကြွေရုပ်လေးလိုမျိုး စိတ်ရောကိုယ်ပါ နှစ်ပြီး ဂရုစိုက်ပေးနေတာကို တွေ့လိုက်ရတယ်။
__________________________________________________________________________
__________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now