စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 78
Translator – Utopia
ရှဲ့ရွှမ်းချန်ရဲ့ ငယ်ဘဝက လူတွေထင်ကြသလိုမျိုး အံ့ဩအားကျစရာတွေနဲ့ပဲ ပြည့်နှက်နေတာ မဟုတ်ချေ။ များသောအားဖြင့် အိမ်မှာဆို တစ်ချိန်လုံးနီးပါး အဆူခံနေရတာပဲဖြစ်တယ်။ ဒါပေမဲ့လည်း စစ်သူကြီးဖြစ်တဲ့သူ့အဖေက စည်းကမ်းကြီးပြီး တင်းကျပ်ပေမဲ့ အမေဖြစ်သူကတော့ လှပပြီး ကျက်သရေရှိတယ်။ သူ့ဘဝက ပျားရည်အိုးလို အကောင်းတွေချည်းပဲ ရှိနေတာ မဟုတ်ပေမဲ့ မိဘတွေကျေးဇူးကြောင့် မပူမပင် မကြောင့်မကြနဲ့ နေခွင့်ရခဲ့တယ်။
အဲ့အချိန်တုန်းက ရှဲ့ရွှမ်းချန်က ငယ်ရွယ်ပြီး အင်အားအပြည့်နဲ့ အရာရာကို လုပ်ချင်ခဲ့တယ်။ စစ်တပ်ထဲမှာ အချိန်အတော်ကြာ နေလာတာမို့ ဖြောင့်မတ်မှန်ကန်ပြီး အောင်မြင်ဖို့ သင်ယူခဲ့ရတယ်။ ဒီလိုနဲ့ ဟုန်ကျားသက္ကရာဇ်ရဲ့ ပထမဆုံးနှစ်တစ်ဖြစ်လဲ ဟယ့်ပင်သက္ကရာဇ်ရဲ့ ၅ နှစ်မြောက်မှာ ကောရုန်နဲ့ ရှဲ့ယီက ကွမ်းကျင်းကို သိမ်းပိုက်ခဲ့တယ်။ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ ရှဲ့ရွှမ်းချန်က ဓားတစ်ချောင်း၊ မြင်းတစ်ကောင်နဲ့ အဖေနဲ့ ဦးလေးဖြစ်သူတို့ စစ်တပ်ရှိရာကို လိုက်လာတယ်။
တကယ်တော့ ယင်းသခင်မ မသိအောင် သူ အိမ်ကနေ ခိုးပြီး ထွက်ပြေးလာခဲ့တာဖြစ်တယ်။ သူ့အမေကို မြို့တော်မှာ တစ်ယောက်တည်း ထားခဲ့မိတာကို ရှဲ့ရွှမ်းချန် ပြန်စဥ်းစားတိုင်း အကြိမ်ကြိမ် နောင်တရမိတယ်။
သူ့အမေကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခွင့်တောင် မရခဲ့ဘူး။
ကောရုန်နဲ့ ရှဲ့ယီတို့ စစ်နိုင်လာပေမဲ့ တပ်တွေကို ယဲ့မြို့မှာ စခန်းချထားပြီး ပြန်လှည့်မလာသေးဘူး။ အစကတည်းက ကျင်းမင်းဆက်ရဲ့ ဧကရာဇ်ကောင်းက ကောရုန်ကို သံသယဝင်နေခဲ့တာဖြစ်ပြီး အခု သူ ပုန်ကန်လာမှာကိုပါ သံသယဝင်လာတယ်။ ဧကရာဇ်ကောင်းက ဒေါသထွက်သွားပြီး ရှဲ့နဲ့ ကောင်းမိသားစုတွေကို ကွပ်မျက်ဖို့ အမိန့်ချခဲ့တော့တယ်။
ကောင်းနဲ့ရှဲ့မိသားစုမှာ ရှိရှိသမျှ ကလေးလူကြီးမကျန် အကုန် အသတ်ခံခဲ့ရတယ်။ ဒီသတင်းက ယဲ့မြို့ကို ရောက်တဲ့အခါ ကောရုန်ကလည်း ဒေါသ တထောင်းထောင်းထွက်ပြီး အဲ့ဒီ့အခါကျမှ ဧကရာဇ်ကောင်းကို တကယ် ပုန်ကန်တော့တယ်။
အဲ့ဒီအချိန်က ရှဲ့ရွှမ်းချန် ကောရုန်နဲ့ ရှဲ့ယီဆီက အသိအမှတ်ပြုမှုနဲ့ ယုံကြည်မှုကို ရရှိခဲ့တဲ့အချိန်လည်း ဖြစ်တယ်။ ဒီလိုနဲ့ သူ တပ်တစ်တပ်ကို ဦးဆောင်ခွင့်ရခဲ့တယ်။ ရှဲ့ရွှမ်းချန်က မြို့တော်ထဲ ဝင်ရောက်ထိုးဖောက်ပြီး ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဧကရာဇ်ကောင်းကိုပါ လက်ရဖမ်းဆီးကာ ကွပ်မျက်နိုင်ခဲ့တယ်။ ကောရုန်တို့ရဲ့ အောင်ပွဲမှာ ရှဲ့ရွှမ်းချန်က အဓိကနေရာက ပါဝင်ခဲ့တယ်။
ရှဲ့ရွှမ်းချန် ဧကရာဇ်ကောင်းကို သတ်ပြီး သူ့အမေအတွက် လက်စားချေနိုင်ခဲ့ပေမဲ့ ယင်းသခင်မကတော့ သေရာက ပြန်ရှင်လာတော့မှာ မဟုတ်ချေ။ ရှဲ့ရွှမ်းချန်နဲ့ ရှဲ့ယီတို့ကြားက ဆက်ဆံရေးက ယင်းသခင်မသာ ရှိမနေရင် အေးအေးဆေးဆေး မျက်နှာချင်းဆိုင်ပြီးတောင် စကားမပြောနိုင်ကြဘူး။
အိမ်ဆိုတာ သူ့အမေ ရှိတဲ့နေရာပဲ၊ အမေ မရှိတော့မှတော့ အဲ့နေရာက အိမ် မဟုတ်တော့ဘူး။ သူ့မှတ်ဉာဏ်ထဲ အိမ်တံခါးဝရှေ့ မီးအိမ်လေးကိုင်ပြီး စောင့်နေတဲ့သူက ဒီကမ္ဘာမှာ မရှိတော့ဘူး။
ရှဲ့ရွှမ်းချန်ရဲ့အိပ်မက်က နောက်တစ်ခုကို ကူးပြောင်းသွားပြီး တော်တော်လေး ဖရိုဖရဲနိုင်တယ်။ အိပ်မက်ထဲ သူ့အမေက သူ့နောက်ကနေ လိုက်ပြီး ကလေးတွေကို လုပ်ပေးတဲ့ အနီရောင်ကြိုးထုံးလေးကို ထုံးပေးနေတယ်။ အဲ့ဒီနောက် အိပ်မက်ထဲ စစ်တပ်ထဲ အလုပ်များလွန်းတဲ့နေ့မှာ သူ့အမေက တံခါးဝရှေ့ သူ့ကို စောင့်နေတယ်။ သူ ဘာမှမဖြစ်ပါဘူးလို့ အကြိမ်ကြိမ် ပြောထားခဲ့ပေမဲ့ ယင်းသခင်မကတော့ သူ့ကို စိတ်ပူနေဆဲပင်။
သူ့အိမ်မက်ထဲက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်က တဖြေးဖြေး မှုန်ဝါးသွားပြီး မီးအိမ်ကိုင်ထားတဲ့ ကောင်မလေးတစ်ယောက်ပုံကို ပြောင်းသွားတယ်။ ဟိုးအဝေးကနေ သူမလေးက သူ့ဆီ လာနေပြီး လမ်းတစ်လျှောက် မီးအိမ်တွေကို ထွန်းညှိနေတယ်။ လျှောက်လမ်းက မီးအိမ်တွေကို မီးညှိတဲ့အခါ သူမမျက်ဝန်းတွေက ရွှန်းလဲ့တောက်ပနေပြီး အသေအချာကို သူမအလုပ်ပေါ်မှာ အာရုံစိုက်ထားတယ်။ တောက်ပတဲ့ ဆီမီးရောင်က သူမနောက်ကနေ ထွန်းလင်းနေတယ်။
ရှဲ့ရွှမ်းချန် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တဲ့အချိန်မှာ လုပ်ခဲ့မိတာတွေကို အိပ်မက်တွေ ပြန်မက်နေတယ်။ စိတ်ကြွလွန်းနေတဲ့အချိန်မှာ သူ ဘာတွေ လုပ်နေမိမှန်း မသိနေပေမဲ့ ဦးနှောက်ထဲ အားလုံးကို မှတ်မိနေပြီး အိမ်မက်ထဲ သူ လုပ်ခဲ့မိတဲ့အရာတွေကို ထပ်ခါထပ်ခါ အိပ်မက်ပြန်မက်နေတော့တယ်။
အရင်တုန်းကဆို သူ စိတ်ဖောက်ပြန်သွားတိုင်း မြင်မြင်သမျှက သွေးနီရောင်လွှမ်းနေပြီး ကြောက်ရွံ့ထိတ်လန့်စရာကောင်းတယ်။ သူတစ်ယောက်တည်း အလယ်မှာ ရပ်နေပြီး လူထောင်ပေါင်းများစွာက သူ့ကို ပြစ်တင်ကြိမ်းမောင်းနေကြတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ လူအုပ်ကြီးထဲကနေ ကောင်မလေးတစ်ယောက်က တွန်းထွက်လာပြီး တုံ့ဆိုင်းခြင်းမရှိ သူ့ဆီ ပြေးလာနေတာကို တွေ့လိုက်ရတယ်။
သူမက ပြောလာတယ် 'အရှင့်သားက နေမကောင်းဖြစ်နေရုံပါ၊ ခဏ ပြန်အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ။ အိမ်ပြန်ကြရအောင်'။
ယင်းသခင်မ ဆုံးပါးသွားပြီးကတည်းက ဘယ်သူမှ သူ့ကို အိမ်ပြန်ရအောင်လို့ မပြောကြတော့ဘူး။ ကောရုန်က နောက်ထပ်ဇနီး ထပ်ယူခဲ့သလို ရှဲ့ယီကလည်း သူ့အမေနေရာမှာ နောက်ကိုယ်လုပ်တော်တစ်ယောက်ကို အစားထိုးခဲ့တယ်။ ရှဲ့ရွေ့နဲ့ သူတို့မိသားစုတွေလည်း မြို့တော်ကို ပြောင်းလာကြတယ်။ အားလုံးက မိသားစုကိုယ်စီနဲ့ ပြန်ဖြစ်သွားကြပေမဲ့ သူကတော့ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတယ်။
ရှဲ့ရွှမ်းချန် အိပ်မက်က နိုးလာတဲ့အခါ မုမင်ထန်ရဲ့ 'အိမ်ပြန်ကြရအောင်' ဆိုတဲ့စကားသံက ပဲ့တင်ထပ်နေတယ်။ သူ မျက်လုံးဖွင့်လိုက်တဲ့အခါ သူမရဲ့အသံကို ကြားရလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ အချိန်အတော်ကြာသည့်တိုင် ဘာသံမှ မကြားရချေ။
ရှဲ့ရွှမ်းချန် ဖြေးဖြေးချင်း ထထိုင်လိုက်တယ်၊ 'သူမ မီးအိမ်တွေ သွားထွန်းနေတာများလား'။ ရှဲ့ရွှမ်းချန် လှုပ်ရှားလာတာက အစေခံကို သတိပေးလိုက်သလို ဖြစ်သွားတယ်။ သူမ ကြောက်လန့်သွားပြီး လက်ထဲက ဆေးခွက်ပါ လွတ်ကျသွားတယ်။
"ဝမ်ရယ် နိုးလာပြီ!"
____________________________________________________________________________________________