Chapter 93

1.5K 157 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 93
Translator – Utopia

အဲ့ဒီနှစ်တုန်းက တစ်ခုခု ဖြစ်ခဲ့သေးလား ... ။ ရှဲ့ရွှမ်းချန် မျက်လုံးဖွင့်ထားပေမဲ့ ဘယ်ကိုမှ အာရုံရှိမနေချေ။
အဲ့မတော်တဆမှု ပြီးတဲ့နောက် သူ့အဖေက ဒေါသတထောင်းထောင်း ထွက်ပြီး စစ်သူကြီးတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေ ပျောက်ဆုံး‌နေတဲ့ သစ္စာတရားမရှိတဲ့ကောင်လို့ အားလုံးရှေ့မှာ သူ့ကို ဆူပူပြစ်တင်ခဲ့တယ်။ အဲ့အချိန်မှာ မတော်တဆမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ရှဲ့ရွှမ်းချန်က စိတ်ကျရောဂါကို ခံစားနေရတာဖြစ်ပြီး သူ့အဖေဆီက စကားတွေက အခြေအနေတွေကို ပိုဆိုးလာစေခဲ့တယ်။ အဲဒီ့နောက်ကစပြီး အားလုံးက သူ့ကို နိုင်ငံရေးမတည်မငြိမ်မှုတွေ ဖြစ်စေပြီး၊ ခမည်းတော်ကိုတောင် ပြန်သတ်ဖို့ ကြိုးစားတဲ့သူဆိုပြီး သမုတ်ကြတော့တယ်။
သူ့အဖြစ်က နေ့ချင်းညချင်း တိမ်ဘုံဖျားကနေ ရွှံ့ဗွက်ထဲ ပြုတ်ကျသွားသလိုပင်။ ရာထူးအာဏာဆုံးရှုံးရတာက သူ့အတွက် အဲ့လောက် ကိစ္စမရှိပေမဲ့ ကိုယ့်ဂုဏ်သိက္ခာကိုကိုယ်တောင် မကာကွယ်နိုင်တော့ဘူး။ ဒီ့မတိုင်ခင် တိုင်းပြည်အတွက် သူ စွမ်းဆောင်ပေးခဲ့တဲ့ အောင်ပွဲတွေက အမေ့လျော့ခံလိုက်ရပြီး အားလုံးက သူ့ကို ရွံရှာစက်ဆုပ်ကြတယ်။
သူ့နာမည်လည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားပြီး အတူတိုက်ပွဲဝင်ခဲ့တဲ့ ‌နောက်လိုက်တွေလည်း တစ်ခဏအတွင်းမှာတင် အဝေးနယ်တွေ ပို့ခံရတယ်။ တစ်ချိန်တုန်းက ရွှေရောင်နေ့ရက်တွေက ဆိတ်သုဉ်းသွားပြီး သူ့ဘက်မှာ ရပ်တည်ပေးမယ့်လူ တစ်ယောက်မှတောင် မရှိတော့ဘူး။ နှစ်,နှစ်လုံးလုံး သူ ဒါတွေကို အသားကျနေခဲ့ပြီ။ လူတိုင်းက သူ့ကို ကြောက်လန့်ကြပြီး နောက်ကွယ်မှာ ပြစ်တင်ကဲ့ရဲ့ကြတယ်။ အဲ့ဒီနှစ်တုန်းက ဘယ်လိုဖြစ်ခဲ့တာလဲလို့ တစ်ခါ‌လေးတောင် ဘယ်သူမှ မမေးခဲ့ကြဘူး။
ရှဲ့ရွှမ်းချန် နာကြည်းစွာနဲ့ မျက်လုံးမှိတ်လိုက်တယ်။ ထို့နောက် အေးစက်စက်နဲ့
"တစ်ခုခု ဖြစ်ခဲ့ရင်ကော ဘာဖြစ်လဲ။ မဖြစ်တော့ကော ဘာဖြစ်လဲ။ အခုချိန်ထိ ဒါတွေအားလုံးက အထင်လွဲရုံသက်သက်ပါလို့ မင်း မျှော်လင့်နေပြီး ကျင်းအိမ်တော်က ဝမ်ဖေးဂုဏ်သိက္ခာကို ပြန်ယူနိုင်မယ် ထင်နေတာလား။ ဒါဆိုလည်း မင်း လက်ထပ်တာ လူမှားနေပြီ။ ဘေးအိမ်က ရှဲ့ရွှမ်းကျီဆီသာ သွား"
"ကြည့် လုပ်ပြန်ပြီ တွေ့လား" သူမ သက်ပြင်းချလိုက်တယ်။ မုမင်ထန် သူ့ကို စိတ်မဆိုးပါဘူး။ အဲ့အစား ညင်ညင်သာသာနဲ့ "ဒီအိမ်တော်ထဲ အိမ်ထောင်ပြုပြီး ဝင်လာကတည်းက ကျွန်မကို ဘယ်လိုဆက်ဆံကြလိမ့်မယ်ဆိုတာ သိထားပြီးသားပါ။ ပြောရရင် ထင်ထားတာထက်တောင် ပိုကောင်းနေသေးတယ်။ ကျွန်မရဲ့ကံကြမ္မာကို စိတ်ထဲက လက်ခံထားပြီးသား၊ ဒါပေမဲ့ အဲ့နေ့ တံခါးဖွင့်ပြီး ဝင်လာလိုက်တဲ့အချိန်  တစ်ဖက်လူက အရှင့်သားဖြစ်နေလို့ ကျွန်မ ဘယ်လောက်တောင် ဘုရားကို ကျေးဇူးတင်မိလဲ ပြောတောင် မပြောပြတတ်ဘူး။ ဘဝက ကျွန်မကို အခါးတွေချည်း ပေးခဲ့တာ မဟုတ်ဘူးပဲ။ အရှင့်သားကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီနေ့အထိတောင် အသက်ရှင်နေမှာ မဟုတ်ဘူး။ ဒီမင်္ဂလာပွဲကြောင့်သာ မဟုတ်ရင် အရှင့်သား‌နဲ့ တွေ့ခွင့်ရခဲ့မှာ မဟုတ်ဘူး"
ရှဲ့ရွှမ်းချန်က မျက်စိမှိတ်ထားဆဲ ဖြစ်တယ်။ သူ့ရင်ထဲ အငြိုးတရားတွေ ပြည့်နှက်နေပြီး သူမက စိတ်သက်သာရာရအောင် ပြောပေးနေသလိုပဲ ခံစားရတယ်။ ကိုယ်နိမ့်ကျနေချိန်မှာ ရိုရိုကျိုးကျိုး နေတတ်ရတယ်ဆိုတဲ့စကားအတိုင်း မုမင်ထန်က ကာလံဒေသံကို သိတဲ့သူပဲ။ အခု သူမက ချီယန်အိမ်တော်မှာ နေနေရတော့ သေချာပေါက် သူ့ကို အကောင်းပြောပေးမှာပေါ့။ တကယ်တမ်းကျ သူမရဲ့ရွေးချယ်မှုအတွက် နောင်တ‌ရနေမှာ သေချာတယ်။
အခုအချိန်မှာ ရှဲ့ရွှမ်းချန်ရင်ထဲ အငြိုးအတေးတွေနဲ့ပဲ ပြည့်နှက်နေပြီး ဘာစကားမှ မကြားချင်ဘူး။ ဒါပေမဲ့ နောက်ဆုံးကျ သူမ ပြောတဲ့စကားတွေက သူ့နားထဲ ရောက်လာတယ်။
သူမပြောတာက ဒီမင်္ဂလာပွဲကြောင့်သာ မဟုတ်ရင် တစ်‌ယောက်နဲ့တစ်‌ယောက် သိခွင့်ရမှာတောင် မဟုတ်ဘူးတဲ့။ ရှဲ့ရွှမ်းချန်ရဲ့ နှလုံးသားက တူနဲ့ ထုနှက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူမ နောင်တမရဘူးဆိုရင် အနာဂတ်မှာကော သူနဲ့အတူ ရှိချင်တာလား?
အမှောင်ထဲမှာမို့ ရှဲ့ရွှမ်းချန်ရဲ့မျက်နှာကို သူမ မမြင်ရချေ။ သူ ဘာမှမပြောဘဲ နှုတ်ဆိတ်နေတာ တွေ့တော့ သူမကပဲ အရင် စပြောလာတယ်။
"မှန်တာက မှန်တာပဲ၊ မှားတာက မှားတာပဲ။ မမှားသောရှေ့နေ မသေသော ဆေးဆရာ မရှိတဲ့။ လူတွေက အမှန်အမှားပေါ်မှာ ကြည့်ပြီး ဝေဖန်ဆုံးဖြတ်ကြတာပဲ။ အရှင့်သား မလုပ်ရင်လည်း မလုပ်ဘူးပေါ့။ အရှင့်သားက ဘယ်သူပဲဖြစ်ပါစေ သူတို့ ဒီလိုမျိုးတော့ မစွပ်စွဲသင့်ဘူး"
အခန်းထဲ တိတ်ဆိတ်နေပြန်တယ်။ အချိန်အတော်ကြာတဲ့အထိ အသံမကြားရတော့ သူမအမေးကို ပြန်မဖြေလာတော့ဘူးလို့ ထင်လိုက်ပေမဲ့ ရုတ်တရက် သက်ပြင်းချသံ ဖျော့ဖျော့ကို ကြားလိုက်ရတယ်။
"ကိုယ်လည်း မသိဘူး"
သူလည်း မသိဘူး၊ သူ နိုးလာတဲ့အချိန် လက်မှာ သွေးတွေ ရဲရဲနီနေပြီး သူ့ဘေးက လူတွေအကုန်လုံးကလည်း သွေးအိုင်ထဲ လဲနေပြီ။ စစ်စခန်းအပြင်ကို ထွက်လာတော့ အားလုံးက သူ့ကို တစ္ဆေတစ်ကောင်လို ကြည့်နေကြတယ်။
သူနဲ့အတူ ဆိုးတူကောင်းဖက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ၊ သူ့အတွက် ဓားကာပေးပြီး သူ့အတွက်ဆို အနစ်နာခံပေးကြတဲ့ ရဲဘော်ရဲဘက်တွေ ... သူတို့အားလုံး သူ့လက်ထဲမှာ သေခဲ့ရတာလား ရှဲ့ရွှမ်းချန်ကိုယ်တိုင်လည်း သေချာမသိဘူး။
ရှဲ့ရွှမ်းချန် ပြောပြီးတဲ့နောက် အတော်ကြာအောင် မလှုပ်ရှားချေ။ အဲ့နေ့က သွေးလွှမ်းတဲ့မြင်ကွင်းကို ပြန်တွေးမိတိုင်း မျက်လုံးထဲ သွေးရောင်တွေ ဖောက်ဝင်လာသလိုပဲ။ အဲ့အကြောင်းပြန်တွေးလိုက်တိုင်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ စိတ်ဖောက်ပြန်သွားတတ်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက် သွေးနီနတ်ဆိုးနဲ့ သူ တိုက်ခိုက်နေရတုန်း နွေးထွေးတဲ့လက်လေးတစ်စုံက သူ့လက်ကို လာထိတာကို ခံစားလိုက်ရတယ်။
"ကျွန်မ အရှင့်သားကို ယုံတယ်။ အရှင့်သားနဲ့အတူ နှစ်ပေါင်းများစွာ အတူတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေ မပြောနဲ့ သိတာ တစ်လလောက်ပဲရှိသေးတဲ့ ကျွန်မကိုတောင်မှ နေမကောင်းတဲ့ကြားက ရအောင် လာကယ်ခဲ့တယ်။ အရှင့်သားက လူသတ်မယ့်သူမျိုး မဟုတ်ဘူး"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now