စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 77
Translator – Utopia
သူမ ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ မုမင်ထန်က ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေတော့ ရွှင်းကူးကူး ဒေါသတထောင်းထောင်း ထွက်လာတယ်။ သူမ ဆက်ပြီး ညှာတာမနေတော့ဘဲ ဗန်းနှစ်ချပ်ကို ယူလာဖို့ မှာလိုက်တယ်။
အဖုံးဖွင့်လိုက်တဲ့အခါ ငွေအပ်တွေ အစီအရီထည့်ထားတဲ့ အနီရောင်ပိုးအိတ်တစ်ခုရယ်၊ နောက်တစ်ဗန်းမှာကျ အနက်ရောင်ဆေးရည်တစ်ခွက်ရယ်ကို တွေ့လိုက်ရတယ်။ အနံ့ကို ကြည့်တာနဲ့ အဲ့တာက ခန္ဓာကိုယ်အတွက် ကောင်းတဲ့ဆေးတော့ မဖြစ်နိုင်လောက်ချေ။
မုမင်ထန် ရွှင်းကူးကူးကို တိတ်တိတ်လေးပဲ ကြည့်နေလိုက်တယ်။ သူမ အစာမစားရတာ နှစ်ရက်ရှိပြီမို့ သူမမျက်နှာနဲ့နှုတ်ခမ်းတွေက ဖျော့တော့နေတယ်။ သူမ တော်တော်လေး အားနည်းနေတာ သိသာတယ်။ ဒီလိုအခြေအနေမှာတောင်မှ သူမက ကြောက်ရွံ့ထိတ်လန့်နေတာမျိုး တစ်စက်မှမရှိဘူး။
ရွှင်းကူးကူးက ဗန်းနှစ်ချပ်လုံးကို သူမရှေ့ ယူလာပြပြီး
"ဒီငွေအပ်တွေက ကိုယ့်နေရာကိုယ်မသိတဲ့ နန်းတွင်းသူတွေ၊ ကိုယ်လုပ်တော်တွေကို စည်းကမ်းသေဝပ်လာအောင် အကျဉ်းဦးစီးဌာနက သုံးတဲ့ အပ်တွေပဲ။ ဒီအပ်အမျိုးအစားက ခန္ဓာကိုယ်မှာ ဒဏ်ရာမကျန်ခဲ့ပဲ အပ်ပေါက်ရာကလည်း သေးငယ်တာမို့ ခဏကြာတာနဲ့ ပျောက်သွားတယ်၊ ဒါကြောင့်မို့ နန်းတွင်းသူတွေကို အပြစ်ပေးတဲ့နေရာမှာ သုံးဖို့ အသင့်တော်ဆုံးပဲ။ နန်းတွင်းထဲက အမျိုးသမီးအားလုံးက ဧကရာဇ်ရဲ့အပိုင်ပဲ၊ ခန္ဓာကိုယ်မှာ အမာရွတ်ကျန်ခဲ့ရင် သူတို့ရဲ့သွင်ပြင်ကို ထိခိုက်သွားနိုင်တယ်။ ဒါပေမဲ့ ကိုယ့်နေရာကိုယ်မသိတဲ့သူတွေ၊ အပြစ်ကို ဝန်မခံချင်တဲ့သူတွေကတော့ သေချာပေါက် အပြစ်ပေးခံရသင့်တယ်။ ပုံမှန်ဆိုရင်တော့ သူတို့ကို အကျဉ်းထောင် ပို့လိမ့်မယ်၊ ပထမတစ်ကြိမ်မှာ ဝန်မခံလာရင် လက်ကို အပ်နဲ့ စိုက်လိမ့်မယ်၊ ဒုတိယအကြိမ်လည်း ဝန်မခံလာဘူးဆို ခါးမှာ စိုက်လိမ့်မယ်၊ နောက်ဆုံး တတိယအကြိမ်ထိ ဝန်မခံလာရင်တော့ အဝတ်အစားတွေ ဆွဲချွတ်ပစ်ပြီး စည်းကမ်းသေဝပ်လာအောင် အပြစ်ပေးကြလိမ့်မယ်"
မုမင်ထန်ရဲ့မျက်နှာက သူမ မျှော်လင့်ထားသလိုပဲ ဖြူဖျော့သွားတာကို ရွှင်းကူးကူး တွေ့လိုက်ရတယ်။ သူမ မုမင်ထန် မြင်အောင်လို့ သုံးလက်မ အပ်ကို တမင် ထုတ်ပြလာတယ်။ အဲ့ဒီနောက်မှ ဒုတိယဗန်းထဲကဟာကို ရှင်းပြလာတယ်။
"ဒီပန်းကန်လုံးထဲက ဆေးရည်က ခန္ဓာကိုယ်ကို သန့်ရှင်းစေပြီး ကိုယ်ဝန်မလိုချင်တဲ့သူတွေ သောက်ကြတယ်။ တချို့လူတွေက နာကျင်ခံစားရတာကို ကြောက်လို့ ကလေး မလိုချင်ကြဘူး။ ဒီဆေးရည်ကို သောက်ပြီးတာနဲ့ ဝမ်ဖေး ဒီတစ်သက် ကိုယ်ဝန်ဆောင်နိုင်တော့မှာမဟုတ်မှာကို ကျွန်တော်မျိုးမ အာမခံတယ်။ မုဝမ်ဖေးက အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ကျွန်တော်မျိုးမလည်း အစကတော့ ဒီလိုဟာတွေထိပါ ထုတ်ပြဖို့ မရည်ရွယ်ထားပါဘူး။ ဒါပေမဲ့ ဝမ်ဖေးက ဝန်ခံဖို့ ငြင်းဆန်နေတုန်းပဲမို့ ကျွန်တော်မျိုးမလည်း မတတ်နိုင်တဲ့အဆုံး ဒါတွေပဲ ထုတ်သုံးရတော့မယ်။ မုဝမ်ဖေး ကျေးဇူးပြုပြီး တစ်ခုကို ရွေးလိုက်ပါ"
......
ရှဲ့ရွှမ်းချန် အိပ်မက်ရှည်တစ်ခုကို မက်နေခဲ့တယ်။ အိပ်မက်ထဲ သူ့အမေက အသက်ရှင်နေတုန်းပဲ၊ ယင်းသခင်မက မီးအိမ်ကို ကိုင်ပြီး အိမ်တံခါးဝမှာ ရပ်စောင့်နေတယ်။ အိမ်တော်ရှေ့က မြင်းလှည်းတစ်စီး ဖြစ်သွားတိုင်း လိုက်ကြည့်ရင်း အဲ့လမ်းအတိုင်း အချိန်အတော်ကြာ မျှော်နေတတ်တယ်။
ယင်းသခင်မကို အိမ်ထဲမှာပဲ စောင့်နေဖို့ ဘေးနားက အစေခံက ဖျောင်းဖျနေပေမဲ့ သူမကတော့ ခေါင်းတွင်တွင်ခါရင်း ငြင်းနေတုန်းပဲ။ စစ်တပ်ထဲ အချိန်အတော်ကြာ သွားလည်ပတ်ပြီး အိမ်ပြန်လာတဲ့ ရှဲ့ရွှမ်းချန်တစ်ယောက် သူ့အမေ အိမ်တံခါးဝမှာ စောင့်နေတာလည်းမြင်ရော ပြန်လှည့်သွားတယ်။
ဒါပေမဲ့ ယင်းသခင်မကတော့ သူ့သားကို လှမ်းမြင်လိုက်တယ်။ သူမက ချက်ချင်းပဲ သူ့နာမည်ကို လှမ်းခေါ်လိုက်တယ်၊ အစေခံကလည်း နောက်က လိုက်လာတာမို့ ရှဲ့ရွှမ်းချန်လည်း မတတ်နိုင်တော့ဘဲ နောက်ပြန်လှည့်လာရပြီး သူ့အမေကို နှုတ်ဆက်ရတော့တယ်။
ရှဲ့ရွှမ်းချန်ရဲ့ အစ်ကိုက အသက်ငယ်ငယ်မှာပဲ ကျောက်ရောဂါဖြစ်ပြီး ဆုံးပါးသွားခဲ့တယ်။ အဲ့အချိန်ကစပြီး သူ့အမေက သူ့ကို ပန်းလေးတစ်ပွင့်လိုပဲ စောင့်ရှောက်လာခဲ့တာဖြစ်တယ်။ လေတိုက်ရင်တောင် အအေးမိမှာကို သူမက စိုးထိတ်နေမိတယ်။ တစ်ချိန်လုံး သူ့အမေက အနားမှာပဲ တွယ်ကပ်နေတာကို သူ မကြိုက်ခဲ့ဘူး။ သူ့အမေလစ်တုန်း အချိန်ရတိုင်း နံရံကို ကျော်တက်ပြီး ကောအိမ်တော်မှာ သွားကစားနေတတ်တယ်။
ကောရုန်က ရှဲ့ရွှမ်းချန်ကို ကလေးကတည်းက ချစ်ခင်ပြီး သားအရင်းလေးလိုပဲ ဆက်ဆံခဲ့တယ်။ ကောရုန်ရဲ့ ပစားပေးမှုနဲ့အတူ ရှဲ့ရွှမ်းချန်က ကောအိမ်တော်မှာ ငါးမွေထိုးလိုပဲ။ တစ်ဖက်မှာတော့ သူ့လုပ်ရပ်တွေကိုမြင်တိုင်း ရှဲ့ယီက ဒေါသတထောင်းထောင်း ထွက်ပြီး အိမ်ပြန်လာတိုင်း ဆူပူပြစ်တင်လေ့ရှိတယ်။ နောက်ပိုင်းကျ ကောရုန်ကလည်း အလုပ်များလာပြီး သူ့အဖေကလည်း အိမ်တော်မှာ တစ်နေကုန် မရှိသလောက်ပဲ။ ကောအိမ်တော်မှာ သွားကစားစရာ ဘယ်သူမှလည်း မရှိတော့တာနဲ့ သူတို့ရှိတဲ့ စစ်တပ်ထဲ ရှဲ့ရွှမ်းချန်လည်း လိုက်လာခဲ့တော့တယ်။
ယင်းသခင်မမှာ သားနှစ်ယောက်ပဲ ရှိတယ်။ သားအကြီး ဆုံးပါးသွားတဲ့အခါ သူမ ရင်ကွဲမတတ်ခံစားခဲ့ရတယ်။ အဲ့နောက်ပိုင်းကစပြီး သားအငယ်ကိုပဲ ပိုးမွေးသလို ဂရုတစိုက် စောင့်ရှောက်ပြီး သူ တစ်ခုခု ဖြစ်သွားမှာကို အမြဲတမ်း စိုးရိမ်နေခဲ့တယ်။ ရှဲ့ရွှမ်းချန်က စစ်တပ်ထဲ ဝင်မယ်တကဲကဲ လုပ်နေတာမြင်တော့ သူမ အိမ်တော်ထဲမှာပဲ သော့ပိတ်ထားခဲ့ပေမဲ့ အဲ့ကောင်စုတ်လေးက အကြိမ်တိုင်း ခဏလေးအတွင်းမှာကို နံရံကိုကျော်ပြီး ထွက်,ထွက်ပြေးသွားတယ်။
အိမ်တော်ထဲက ဘယ်သူမှ သူ့နောက်ကို မလိုက်နိုင်ဘူး။ ရှဲ့ရွှမ်းချန် ထွက်ပြေးသွားတိုင်း ယင်းသခင်မခမျာ အိမ်တော်တံခါးဝကနေ ထွက်စောင့်နေတတ်တယ်။ ရှဲ့ရွှမ်းချန် အိမ်ပြန်လာတိုင်း အမေဖြစ်သူက တံခါးဝမှာ ထွက်စောင့်နေတာမြင်ရင် သူ သိပ်စိတ်တိုတာပဲ။
____________________________________________________________________________________________